အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။
ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး ”အောင် လံ ထူ စစ် သူ ကြီး ပွဲ ” လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။
ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ “လှတောမြို့သား အကြွားဆင့် “ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။
ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို “က,ခ” စလို့ပြန်လေ့လာနရသည်။ သိပ်ချစ်စရာကောင်းတဲ့ ပညာ ရပ်ပင်။မဟာဘုတ်ပညာကို လူအများကိုလဲသိစေချင်သည်။ ကိုယ်ကလဲ မဟာဘုတ်ပညာနဲ့ပက်သက်ပြီး တော့ က…သူငယ်တန်းအဆင့်သာသာ။ ဒါပေမဲ့မဟာဘုတ်ပညာကို ပြန်လည်ဖော်ထုတ်ချင်တာနဲ့ အကြွင်းဖွားအဟောတွေ ကို အကျဉ်းချုပ်လောက်ရေးပေးချင်မိသည်။
ဒါကလဲ ယေဘုယျသဘောတွေလောက်ပဲ ရေးလို့ရမယ်ဆိုတာသိသည်။နေ့သားအလိုက်၊နာမည်အလိုက်၊ မဟာဘုတ် အကြွင်းအလိုက်အဟောတွေကအသေးစိပ်ကွဲပြားသွားမည်သာ။ အဖွားအဟောတွေ ရေးမည်ဆိုရင်တောင် တော်တော်များများက မိမိဖွားဇာတာကိုသိသူကနည်းသည်။ပုတိ၊ ဘင်္ဂ၊ မရဏအထွန်း၊သိုက်၊ရာဇ၊အဓိပတိ ဆိုတာသိပေမဲ့ မိမိဘာဖွားဆိုတာတော့ သိသူနည်းကြသည်။ ဘယ်လိုတွက်ရမလဲမေးလိုက်ရင်ပိုဆိုးသွားတတ်သည်။
တွက်နည်းရေးပြရရင်လဲကိုကစာအရေးမတတ်တာနဲ့တော့ သိုက်စာဖတ်ရသလိုဖြစ်နေမှာလဲစိုးရသေးသည်။ မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စား ရလာတဲ့အကြွင်းကိုကြည့်ပြီး ဘာနေ့သားဆိုဘာဖွားလဲဆိုတာရေးပေးထားလိုက်သည်။
ဥပမာ တွက်ပြရရင် မိမိဟာ ၁၃၅၀မွေးတယ်ဆိုပါတော့။ ၁၃၅၀ကို ၇နဲ့စားရင် ၆ကြွင်းတယ်(၁၃၅၀ ÷၇=၆ )
၆ကြွင်းကို ကြည့်လိုက်ပေါ့။
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွားဆိုတာ တွေ့ရပါလိမ့်မယ်။
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၀ ခုကြွင်းလျှင်
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
#ဘင်္ဂဖွား ဟောကိန်း
စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံး ရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလဲ ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။
ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်ဘွင်ရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ် ရင်း အရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည် ဆိုတာနားလည်လာကြသည်။
ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူ တွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပို ခင်တတ် သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြ တိုင်ပင် အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလျှို့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။
ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိ နေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင် ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေ တတ် ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။
အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ် သူ ပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။
ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။ အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လို တဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။ ပထမ အရွယ်ကံ အားနည်းတတ်ပြီး ဒုတိယအရွယ်၊ တတိယအရွယ်ကံမြင့်တတ်ပါတယ်။ မွေးစကနေအသက်၁၂ထိ နေအိမ် အပြောင်းအရွေ့ မြို့အပြောင်းအရွေ့ ကျောင်းအပြောင်းအရွေ့ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတတ် အကျများလွန်းတဲ့သူတွေပါပဲ။
သူတစ်ပါးကို အားကိုးပြီး စပ်တူလုပ်ငန်းမလုပ်ပါနဲ့။အမှီအခိုကင်းပြီး သူတစ်ပါးလာင်းရိပ်မမိတဲ့ဘဝနေထိုင်မှုမျိုးက မိမိဘဝကိုအောင်မြင်အောင်တွန်းပို့မှာပါ။ကိုယ်စွမ်းကိုယ်စကိုသိပြီး ဝီရိယရှိရှိကြိုးစားရင် အောင်မြင်မဲ့ ဖွား ဇာတာပါပဲဗျာ ။ ။
#မရဏဖွားဟောကိန်း
မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင် တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။ဆွေမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်က အလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူး လို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ် ဘူး။အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ၊ ကြာရှည် လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။
ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ ကျကျ လုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ “ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲ“လို့ ပြောမဲ့သူတွေပါ။
မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။ငါလုပ်လိုက်တာမှားသွား လားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့ နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။
သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုး သလောက် ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာအမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေးတွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသော က တွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင် တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။
ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေး ကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလိုပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲက ‘အတ္တသမ္မာ ပဏိဓိ စ” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆို တာကို မလွဲမသွေ ခံစားရမှာပါ……။ ။
#အထွန်းဖွား ဟောကိန်း
ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညိုးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ် တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ် ကောင်း တယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေ တတ်သူပါ။
လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတတ် လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိ လွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။ စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်း ပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြားလူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့် အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။
သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်း သည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ် ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။ မိမိကအေးဆေး တည် ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်းနေတတ်ပါတယ်။
ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်း မထင် တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက် ရတာ ဝါသနာပါတယ်။
မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက် လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲ လုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိ အဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။
#သိုက်ဖွားဟောကိန်း
စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည် ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။ အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ် လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲ ငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေး ကြောင့် ငွေသုံးရတတ်သည်။
မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ် အကျိုး မခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံ ရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာအပြစ်ပြောခြင်းခံရမည်၊
မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ် တတ်သည်။ မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင်ပန်းခံနိုင် ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ် သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ် ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။ အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။
မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက် အသစ် တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ခံယူ ထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။
နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလို ထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြော တတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။
မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ် မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ။ ။
#ရာဇာဖွားဟောကိန်း
စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲ တွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန် ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်း သာ မှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။
မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာ ရှိနေ တတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ် မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန် လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလိုသူများတွေမလုပ်နိုင်သောလက်လျှော့ထားသော အလုပ် တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကား မလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့် ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။
ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့် မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊ ရှေ့ရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။
မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင် မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီး မှယူ သင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိ တစ် ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်း နိုင်ကြပါ။ မိန်းမတွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊၊ ။
#ပုတိဖွားဟောကိန်း
အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေး စားစားလုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်း ကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။ဘဝတစ်လျှောက်လုံး ရုန်းကန်လုှပ်ရှားနေရတတ်သည်။ အတတ် အကျ များသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရ မှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှား မခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။
အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုး စိတ် ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။
ပုတိဖွားတွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်း ဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွား တွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။မိမိသည် အခွင့် အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက် အတား အဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲ နာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။
မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထား သော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေ တတ် သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြား မည်။ လူအထင်ကြီးခြင်းခံရမည်။ မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။ အလုပ်မှာလဲ လက်ငါး ချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင် ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရ တတ် ပေ။
#အဓိပတိဖွား ဟောကိန်း
အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။အကြံပေး ချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါ လက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက် အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။
မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက် သင်ရတဲ့ ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယ အားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာ စိတ်ဝင် တစား လေ့လာလိုက်စားတတ်သည်။ အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံ သာသိသည်။အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။ အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိဖွားတွေက ငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။ ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေ တတ် တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊
မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနား တတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရ မည်။ အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်။
မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကို လိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက် တတ်တယ်။ မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။ မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိ တယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေ တတ်သည်။
မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။ အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာ ကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာ လုပ်ပါ။ ဇွဲရှိပါ။ ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695