မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၀ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၀ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။
၀ ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။
မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၀ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။
၁၃၂၃ခု၊ ၁၃၃၀ခု၊ ၁၃၃၇ခု၊ ၁၃၄၄ခု၊ ၁၃၅၁ခု၊ ၁၃၅၈ခု၊ ၁၃၆၅ခု၊ ၁၃၇၂ ခု၊ ၁၃၇၉ ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၀ ကြွင်းဖွားတွေပါပဲ။
၀ကြွင်းဖွားတွေရဲ့အချစ်ရေးအိမ်ထောင်ရေးအကြောင်းကို ပြောရရင်တော့ဒီအကြွင်းဖွားတွေဟာ အချစ်ရေးအပေါ်မှာ အစွဲအလမ်းအလွန်ကြီးကြပါတယ်။ တစ်ဦးတစ်ယောက်ကို ချစ်မိပြီဆိုရင် မေ့ဖျောက်ဖို့ခက်ကြပါတယ်။ ချစ်သူနဲ့ အတူသွားဖူးတဲ့နေရာတွေ အတူတိုင်ဖူးတဲ့ဆိုင်တွေရောက်တိုင်းလဲ နှစ်ဘယ်လောက်ကြာကြာလွမ်းဆွတ်သတိရနေဆဲပါပဲ။
ဝကြွင်းဖွားတွေအနေနဲ့ကလဲ ကံဆိုးစွာနဲ့ပဲ ဘဝမှာ မိမိကတစ်ဦးတစ်ယောက်ကို အရမ်းချစ်မိပြီ အရမ်းတန်ဖိုးထားမိပြီဆိုရင် ထိုသူနဲ့ အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲရဖို့ ဖြစ်လာတတ်ပါတယ်။အရမ်းချစ်လေ ကွဲကွာဖို့အကြောင်းဖန်လေပေါ့ဗျာ။ ၀ကြွင်းဖွားတွေဟာ ရုတ်တရက် မထင်မှတ်ဘဲ မရည်ရွယ်ထားသူနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ နှစ်ရှည်လများ ချစ်ခဲ့သူနဲ့မညားဘဲ လပိုင်းလောက်ချစ်တဲ့သူနဲ့ လက်ထပ်ရတတ်တာမျိုး ကြုံကြရသူတွေပါ။ ၀ကြွင်းဖွားတွေဟာ အချစ်ရေးကိစ္စတွေမှာ နူးညံ့သိမ်မွေ့ကြတာများပါတယ်။ ငယ်ရွယ်စဉ်မှာ “စန်း”အလွန်ပွင့်ကြသူတွေပါ။ ဒါကြောင့်ပဲ ၀ကြွင်းဖွားတွေဟာ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံကြရပါတယ်။ ၀ကြွင်းဖွားတွေဟာ အချစ်ရေးအိမ်ထောင်ရေးမှာ အရှက်အကြောက်ကြီးတာများပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်တစ်ခုကို မပြို ကွဲအောင် ထိန်းသိမ်းနေကြတာများပါတယ်။
ဒါပေမဲ့ ၀ကြွင်းဖွားတွေမှာ ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေ အိမ်ထောင်ရေးကံကြမ္မာ ကွဲပြားကြပါတယ်။ ၀ကြွင်းဖွား ယောကျာ်းလေးတွေဟာ အိမ်ထောင်ရေးကံကောင်းကြပါတယ်။ အိမ်ထောင်ရေးသောက နည်းကြတာများပါတယ်။ ၀ကြွင်းဖွားမိန်းကလေးတွေကတော့ အိမ်ထောင်ရေးကံညံ့ကြတာ ရာခိုင်နှုန်းများပါတယ်။ အိမ်ထောင်ဆက်များတာ ၊တစ်ခုလပ်၊မုဆိုးမဖြစ်ကြတာမျိုးတွေရှိတတ်ပါတယ်။
၀ကြွင်းဖွားမိန်းကလေးတိုင်းအိမ်ထောင်ရေးကံညံ့တာတော့ မဟုတ်ပါဘူး။ နေနံအရရော နာမည်အရရော အကောင်းအဆိုး ကွဲပြားနေပါတယ်။
ဝကြွင်းဖွား မိန်းကလေးတွေဟာ တိတ်တိတ်ပုန်းမယားဖြစ်တာ ၊ လူမသိသူမသိ လက်ထပ်ဖို့ကမ်းလှမ်းခံရတာ လူသိရှင်ကြားလက်ထပ်ခံနီးမှ အခက်အခဲပြဿ နာကြုံရတာ နှစ်ဖက်မိဘအဆင်မပြေတာ စတာလေးတွေတော့ ရှိတတ်ပါတယ်ဗျာ။
ဝကြွင်းဖွားတွေဟာ အိမ်ထောင်ဘက်ရဲ့ အပြစ်တင်ခြင်းကိုအများဆုံးခံကြရတဲ့သူတွေပါပဲ။ နည်းနည်းပျင်းရိတာ ၊ အာရုံမစိုက်တာ၊ ပေါ့ပျက်ပျက်နိုင်တာ စတဲ့အချက်တွေကြောင့် အိမ်ထောင်ဘက်က
မိမိကို အချိန်ဖြုန်းတယ်၊ မိသားစုကိုဂရုမစိုက်ဘူး၊
အားလုံးကိုလျစ်လျူ ရှုထားတယ်…စတဲ့ ပြစ်တင်ပြောဆိုခြင်း ကို ခံရပါလိမ့်မယ်။
၀ကြွင်းဖွားတွေ အနေနဲ့ ဘဝလက်တွဲဖော်/အိမ်ထောင်ဘက်ရွေးချယ်မယ်ဆိုရင်တော့ စနေသားသမီးနဲ့တနင်္ဂနွေသားသမီးကို ရှောင်ပြီး ဘဝကြင်ဖော်ရှာမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲဗျ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)