ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမင်္ဂလာတေးသံ
တွေပျံ့လွင့်လာပေအုံးမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ ဒီကာလမှာ ကျွန့်တော့်ဆီတဖွဲဖွဲလာမေးလေ့ရှိသည်။ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ။ တာဝန်ကြီးသည်။ပြဿ ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။ မင်္ဂလာ ဆောင်သင့်သည့်လ၊ဆောင်သင့်သည့်ရက် ဆောင်သင့်သည်အချိန်တွေကို အသေးစိပ်တွက်စစ်ရသည်။
မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာပန်း ၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကအစ စီစစ်ရလေသည်။ နောက်ပြီး တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ထိုးကြမဲ့ နေ့ရက်အခါသည်လဲအရေးကြီးသည်မဟုတ်လား။
သွေးမတော် သားမစပ် တစိမ်း ယောကျာ်းလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဘဝကြင်ဖော်အဖြစ်တစ်သက်စာလက်တွဲသွားမည့် အဦးအစမင်္ဂလာဦးအချိန်သည် လွန်စွာအရေး ကြီးလေသည်။ ဘဝတစ်ခုစတင်တည်ဆောက်ကြပြီဆိုရင် လိုအပ်သောဆောင်ရန်ရှောင်ရန်တွေ အများကြီးလိုအပ်သည်။ နီးစပ်ရာ ဆရာတစ်ဦးထံတွင်သေချာ တွက်စစ်သင့်ပေသည်။ ဒီဆောင်းပါးကနေ ယေဘုယျသဘောတရားလောက်သာ ပြောပြနိုင်သည်။
ရှေးဆရာကြီးတွေရဲ့အယူအဆအရ မည်သည့်လတွင် မင်္ဂလာဆောင်ရင် မည်သို့အကျိုးအပြစ်တွေရှိသည်ဆိုတာမျိုးတွေ့ရသည်။ မင်္ဂလာဆောင်အပ်သောလ ၆ လရှိသလို မင်္ဂလာမဆောင်အပ်သောလကလဲ ၆လရှိသည်။
လုံးဝမင်္ဂလာမဆောင်သင့်သော ၆လကတော့
(၁)ဝါဆိုလ – (ဖျားနာခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း)
(၂)ဝါခေါင်လ-(စိတ်သောကဖြစ်စရာကြုံတတ်ခြင်း)
(၃)တော်သလင်းလ-(ရောဂါထူပြောတတ်ခြင်း၊
သေကြေ ပျက်စီးတဲ့အထိ ဖြစ်တတ်ခြင်း)
(၄)နတ်တော်လ -(အိမ်ထောင်ရေးသောက
ကြုံရတတ်ခြင်း၊ရောဂါထူပြောတတ်ခြင်း)
(၅)ပြာသိုလ-(ပစ္စည်းဥစ္စာ ခေါင်းပါးတတ်ခြင်း၊
ဆင်းရဲဒုက္ခရောက်ရတတ်သည်)
(၆)တပေါင်းလ- (စကားခဏခဏများတတ်၊ ရှင်ကွဲ ကွဲတတ်သည်)
အဲဒါတွေကတော့ မင်္ဂလာမဆောင်အပ်သောလတွေပါပဲ။
မဂ်လာဆောင်အပ်သော ၆လကတော့
(၁)တန်ခူးလ-(ပစ္စည်းဥစ္စာကြွယ်ဝတတ်သည်)
(၂)ကဆုန်လ-(ချမ်းသာကြွယ်ဝတတ်သည်)
(၃)နယုန်လ-(ပျော်ရွှင်ရတတ်သည်၊ မေတ္တာဓာတ်နဲ့ ပြည့်ဝသည်)
(၄) သီတင်းကျွတ်-(ဆန်ရေစပါး ပြည့်စုံတတ်သည်၊ သားကောင်းသမီးကောင်းထွန်းကာတတ်သည်)
(၅)တန်ဆောင်မုန်း-(နေအိမ်မင်္ဂလာ အသုံးအဆော င်တွေ ပြည့်စုံတတ်သည်)
(၆)တပို့တွဲ- (စိန်ရွှေငွေ ရတနာပစ္စည်းတွေနဲ့ပြည့် စုံတတ်သည် )
အဲဒါကတော့ မင်္ဂလာလက်ထပ်ပွဲ ဆင်နွဲသင့်တဲ့ လတွေပါပဲ။ ဒါဟာရှေးလူကြီးသူမတွေ လက်ဆင့်ကမ်းပြောကြားခဲ့တဲ့ဆောင်ရန် ရှောင်ရန်တွေပါ။
နေ့ရက်အလိုက် ဆောင်ရန်ရှောင်ရန်ကတော့ တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်ရင် သားကောင်းရတနာထွန်းကားတတ်သလို ဥစ္စာပစ္စည်းလဲ ကြွယ်ဝချမ်းသာတတ်ကြပါတယ်။
စနေနေ့၊ တနင်္လာနေ့တွေမှာ မင်္ဂလာဆောင်ရင်တော့ သားသမီးအရနည်းတတ်သလို လင်မယားချင်းလဲ တကျက်ကျက်ဖြစ်တတ်ပါတယ်။
မင်္ဂလာနေ့ရက်တွေရွေးချယ်ပေးပြီးပြီဆိုတော့ အကောင်းဆုံးမင်္ဂလာအချိန်လေးတွေရွေးချယ်ပေးလိုက်ပါတယ်ဗျာ။ အခုရွေးချယ်ပေးမဲ့ မင်္ဂလာအချိန်တွေဟာ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှူးက “မင်္ဂလာအချိန်ကျရောက်ပါပြီ”လို့ နှုတ်မြွက်ပြောကြားပြီး မင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ဖို့ အကောင်းဆုံး အချိန်တွေပါပဲ။
ဒါ့အပြင် ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံးအချိန်တွေကိုလဲ ထပ်မံရွေးချယ်ပေးလိုက်ပါ့မယ်ဗျာ။
တနင်္ဂနွေနေ့ ၊ဗုဒ္ဓဟူးနေ့၊ သောကြာနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင် အကောင်းဆုံး မင်္ဂလာအချိန်တွေကတော့ မနက် ၆နာရီမှ ၈နာရီ ၂၄မိနစ် အတွင်းပါပဲ။ မင်္ဂလာအခမ်းအနားစတင်နိုင်တဲ့အချိန်ပါ။
လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့မှာ မွန်းလွဲ ၁နာရီ ၁၃မိနစ် မှ ၃နာရီ ၃၆မိနစ်အတွင်းက လက်မှတ်ရေးထိုးဖို့အကောင်းဆုံးအချိန်ပါပဲ။
သောကြာနေ့ မှာ ရုံးတတ်လက်မှတ်ထိုးဖို့ အကောင်းဆုံး အချိန်ကတော့ မနက် ၁၀နာရီ ၄၉မိနစ်က
နေ မွန်းလွဲ ၁နာရီ ၁၂မိနစ်အတွင်းဟာ အကောင်းဆုံးအချိန်ပါပဲ။
အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တွေမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ညနေပိုင်းကပိုသင့်တော်ပါတယ်။ ညနေ ၃နာရီ ၃၇မိနစ် မှ ၆နာရီအတွင်း မင်္ဂလာအခမ်းအနား စတင်ဖို့အကောင်းဆုံးအချိန်ကာလပါပဲ။
တရားရုံးမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးဖို့ အကောင်းဆုံးအချိန်တွေကတော့ အင်္ဂါနေ့ဆို မနက် ၁၀နာရီ ၄၉မိနစ် မှ မွန်းလွဲ ၁နာရီ ၁၂ မိနစ်အတွင်းကအကောင်းဆုံးဖြစ်ပြီး ကြာသပတေးနေ့ဆို မနက် ၈နာရီ ၂၅မိနစ် မှ ၁၀နာရီ ၄၈မိနစ် အတွင်းက မင်္ဂလာလက်မှတ် ရေးထိုးဖို့ အကောင်းဆုံးအချိန်ပါပဲဗျ။
ဒီလောက်ဆို မိမိတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မင်္ဂလာအခါ ရွေးတတ်ပြီလို့ ထင်ပါတယ်။ စနေနဲ့တနင်္လာ မပါတာက ထိုနေ့တွေက မင်္ဂလာမဆောင်သင့်ဘူးလို့ အထက်ကပြောထားပြီးဖြစ်တဲ့အတွက် အချိန်မရွေးပေးတာပါ။ ဒါတွေက ယေဘုယျသဘောတွေပါ။ အတိအကျလိုက်နာရမယ်လို့တော့မဆိုလိုပါဘူး။ လိုက်နာကျင့်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အရမ်း ဥပါဒါန်စွဲနေဖို့တော့ မလိုပါဘူး။
ရက်ရာဇာ ၊ ပြဿ ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။
အဲဒီမှာ တစ်ခု သတိပေးချင်တာက မင်္ဂလာအခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင်ဇနီးမောင်နှံ နှစ်ဦးရဲ့ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်တွေ လုပ်ဆောင်ထားခြင်းကတော့ အကောင်းဆုံးပါ။ အခါကောင်းတွေ ရွေးချယ်ပြီး ထိမ်းမြားလက်ထက်ထားပေမဲ့ ဇာတာတွေ မတိုက်ဆိုင်ဘဲနဲ့ ယူထားရင် စလယ်ဝင်အိုးဖင်မမဲခင် ပြန်ကွဲသွားကြမည်သာ။
အဲဒါကြောင့် နီးစပ်ရာဆရာတွေဆီမှာ သေချာစွာ ဇာတာတိုက်စစ်ပါ။
ဇာတာတွေမတိုက်ဆိုင်ဘူးဆိုရင် ဆရာ့တွေဆီကနေ လိုအပ်တဲ့ အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေတောင်းပါလို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်လိုက်ပါတယ်။
နောင်များ အချိန်ရရင် မိမိတို့ရဲ့ဇာတာအလိုက် ဘဝကြင်ဖော်အဖြစ် လက်မတွဲသင့်တဲ့ နေ့နံတွေကို ရွေးချယ်ပေးသွားပါ့မယ်။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)