ကျွန်ုပ်တို့လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင် ဆုံဖြစ်လေ၏။ ပေတလူသည် ကျွန်ုပ်တို့ အား နံပြားထောပတ်သုတ်၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးထားပြီး ၎င်းကမူ နံနက်စာကျွေးရန် အတွက် စျေးသို့သွားရလေ၏။
စျေးမှ ပြန်ရောက်သောအခါ ငရုတ်သီးခွဲ ကြမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာ ရည်တို့ဖြင့် ငံပြာရည်ချက်ပြုလုပ်ပြီးနောက် ထို ငံပြာရည်ချက်ထဲတွင် ဘဲဥများဖောက်၍ ထည့်လိုက် သောအခါ ဘဲဥငါးပိချက်ဟင်း ရလေတော့၏။ ထို့ပြင် ဝက်သားဆီပြန်ဟင်းတစ်ခွက် ချက်ရပြန်၏။ အရည် သောက်အဖြစ် ဘူးညွန့်ကို ဟင်းချိုချက်၏။
အလုံးစုံကျက်သောအခါ ဦးဇင်းညာကလိကို ဆွမ်းကပ်၏။ ဦးဇင်းညာကလိ ဆွမ်းဘုဉ်းပေးပြီးသော အခါ ကျွန်ုပ်တို့ကို ကျွေးလေ၏။ ကျွန်ုပ်တို့လူစုသည် လည်း ပေတလူချက်သော ဟင်းများကိုမြိန်ရှက်စွာ စားသောက်ကြလေ၏။
ဒေါ်သာဉာဏ်ကြီးကမူ ဘူးညွန့်ဟင်းချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေလေ၏။
ကိုပီတာကြီးကမူ ဘဲဥငါးပိချက် တို့စရာများ တွဲဖက်ကာ မြိန်ရှက်စွာစားသောက်နေ၏။ ထိုအချိန် ၌ ဒေါ်သာညဏ်က –
“ဒီကလူစုနဲ့တွေ့ရတာ တစ်ခုတော့ ကောင်း တယ်၊ အရေးအကြောင်းဆို ယတြာ တောင်းလို့ရ တယ်။ ဟောဒီ ပေတလူလေးကလည်း ယတြာ အကုန်တတ်တယ်။ သူ့အဘဆိုတာကလည်း ယတြာ အကုန်တတ်တယ်။ ဓာတ်ရိုက်ဓာတ်ဆင်လည်း လုပ် တတ်တယ်။ နေရာကိုကျနေတာပဲ။ ဒါပေမဲ့ ဒီမှာ ပေးနေတာကတော့ အများစုက ပေတလူယတြာ တွေပဲ ရှိတယ်။ အဘဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ပေးတယ် ရယ်လို့မရှိပါဘူး”ဟုပြောလေ၏။ ထိုအခါ ကျွန်ုပ်က-
“ပေတလူပေးတဲ့ ယတြာတွေချည်း ဖြစ်နေ တာပဲလေ။ ကျုပ် မလိုပါဘူးဗျာ။ သူပေးလို့မဖြစ်ဘူး၊ မဟုတ်ဘူး ဆိုရင်တော့ ကျုပ် ဝင်ရမှာပေါ့ဗျာ”ဟု ကျွန်ုပ်က ပြောလိုက်ရလေတော့၏။ ထိုအခါ ဒေါ် သာဉာဏ်က –
“အဘပေးတဲ့ ယတြာတွေဟာ တစ်ခါတလေ ဗေဒင်ဆန်တယ်။ တစ်ခါတလေတော့လည်း ဆက် စပ် စဉ်းစားလို့မရဘူး။ လုပ်လိုက်လျှင် ဟုတ်သွား တာပဲ ဘယ်လိုဟာတွေလဲ ရှင်းပြပါဦး”ဟု ပြောလေ တော့၏။ ထိုအခါ ကျွန်ုပ်က –
“ဒီလိုရှိတယ် ဒေါ်သာဉာဏ်ရဲ့ … တစ်ခါ တလေလည်း တကယ့်ဗေဒင်ယတြာနည်းတွေ အသုံး ပြုလို့ ဖြစ်မှာပဲ။ ကောင်းကင်ကို မျက်နှာမော့ပြီး ဒီ ကိစ္စအတွက်လုပ်ရန်ဖြစ်မယ့် ယတြာပေးပါဆိုပြီး အမြန် ဆုတောင်းကာ အာရုံပြုလိုက်တယ်။ အဲဒီလို အာရုံ ပြုလိုက်ရင် ဘာလုပ်ရမယ် … ဘာလုပ်ရမယ် ဆိုတာ အာရုံထဲမှာ ပေါ်လာတာပဲ။ ပေါ်လာတဲ့အာရုံ အတိုင်းပြုလိုက်ရင် အဲဒီကိစ္စဟာ ပြီးသွားတာပဲ” ဒေါ်သာဉာဏ်ကြီးက –
“နမူနာတစ်ခုလောက် ပြောပြပါလား။ အဘ ရယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း-
“နမူနာပြောဆိုတော့လည်း ပြောရတာပေါ့ ကွ၊ တစ်ခါက မနန္ဒာဆိုတဲ့ မိန်းကလေးတစ်ယောက် ကျုပ်ဆီကို ရောက်လာတယ်။ သူရော သူ့ယောကျ်ား ရောဟာ ကျုပ်နဲ့ အတော်ရင်းနှီးကြပါတယ်။ သူ ရောက်လာတဲ့ကိစ္စကိုမေးတော့ မြေနီကုန်းက ခြံကြီး နဲ့ အိမ်ကြီးကို ဝယ်ဖို့စကားပြောထားတာ စျေးလည်း တည့်နေပြီ။ အဲဒီအချိန်မှာ ရောင်းတဲ့ဘက်က မရောင်းဘူး ဖြစ်နေလို့လာတာပဲ။ အဲဒီတော့ ကျုပ်က “မနန္ဒာရယ် ညည်းမှာလည်း ခြံနဲ့တိုက်ရှိနေတာပဲ။ ဘာလုပ်မလို့လဲ”လို့ မေးလိုက်တယ်။ “လုပ်ငန်းရှင် တစ်ဦးက အဲဒီနေရာမျိုးမှာ လိုချင်တယ်ဆိုလို့ သမီး က ဝယ်လိုက်ပြီး အဲဒီ လူကို ပြန်ရောင်းမလို့ပါ” လို့ပြောတယ်။ သူကလည်း ချက်ချင်းကို ဝယ်ချင် နေတယ်။ သူများ ဦးသွားမှာစိုးတယ်တဲ့။ ပြီးတော့ ဒါကြီးကိုဝယ်ဖို့ သူ့မှာငွေမပြည့်လို့ ငွေလည်း ဆွဲ ထားတာတဲ့။ အဲဒီငွေတွေက အတိုးပေးရမှာတဲ့။ မဝယ်ဖြစ်လို့ကို မဖြစ်ဘူးတဲ့။ အဲဒီတော့ ကျုပ်လည်း တတ်ထားတဲ့ ယတြာနည်းနဲ့ ဘယ်လိုမှလုပ်လို့ မရ ဘူးဆိုတာ သိတယ်။ အဲဒါကြောင့် မျက်နှာကို ကောင်းကင်ဘက်ကိုမော့ပြီး မျက်စိမှိတ်ကာ ချက် ချင်း အောင်မြင်မယ့် ယတြာပေးပါလို့ အာရုံပြုပြီး တောင်းလိုက်တယ်။ အဲဒီတော့ မျက်စိထဲမှာ အာရုံ တစ်ခု ပေါ်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့် တိုက်ရဲ့ရှေ့မှာ ချထားလိုက်တယ်။ ခွေးနှစ်ကောင်ဟာ အဲဒီပေါင် မုန့်ကြီးကိုလာပြီး ဆွဲကြတယ်။ မနန္ဒာက အဲဒါကို ကြည့်ပြီး သဘောကျနေတာကိုလည်း တွေ့ရတယ်။ ကျုပ်က အဲဒီတော့ မနန္ဒာ ဒီက အပြန်မှာ တစ်တောင် လောက်ရှိတဲ့ ပေါင်မုန့်ကြီးကို ဝယ်လိုက်။ အဲဒီပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့်တိုက်ရှေ့မှာ သွားချလိုက်လို့ မှာလိုက်တယ်။ အဲဒီမှာ ခွေးလာဆွဲရင် အောင်ပြီလို့ မှာလိုက်တယ်။
မနန္ဒာဟာ မှာတဲ့အတိုင်း လုပ်လိုက်တယ်။ ပြီးတော့ ကားကိုမောင်းမထွက်သွားဘဲ ခွေးကဆွဲမဆွဲ စောင့်ကြည့်သေးတယ်။ ခွေးနှစ်ကောင် လာပြီးဆွဲမှ သူက ကားကို မောင်းထွက်သွားတယ်။ ညလည်း ကျရော ရောင်းမယ့်လူက ရှေ့နေကိုခေါ်ပြီး မနန္ဒာကို ရောင်းမယ်လို့ ပြောပါလေရော။ အဲဒီမှာပဲ ရှေ့နေတွေ ဘာတွေခေါ်ပြီး ရောင်းဖြစ်သွားတယ်ဟေ့။ မနန္ဒာ လည်း ဝယ်ဖြစ်သွားတယ်။
အဲဒါကြောင့် နောက်တစ်နေ့မှာ မနန္ဒာရောက် လာပြီး ကျုပ်ကို ငွေတစ်သိန်းကန်တော့တယ်။ ကျုပ် လည်း အဲဒီနေ့မနက်မှာပဲ ခြံထဲက ကလေးတွေကို ဝက်သားဟင်း ချက်ကျွေးလိုက်တယ်။ တစ်ပတ် လောက်ကြာတော့ မနန္ဒာရောက်လာပြီး နန္ဒာလက်ထဲ ခြံနဲ့တိုက်လည်း ရောက်ရော ဝယ်မယ့် လုပ်ငန်းရှင်က အင်တင်တင် လုပ်နေပြန်ပြီ။ အဲဒါလုပ်ပေးပါဦးလို့ ပြောတယ်။ ကျုပ်လည်း မျက်နှာကို ကောင်းကင်ကို မော့ပြီး အာရုံတောင်းလိုက်တယ်။ အာရုံထဲမှာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးနေတာကိုပဲ မြင်နေရ ပြန်တယ်။ ကျုပ်လည်း မနန္ဒာကို အဲဒီအတိုင်းလုပ်ဖို့ ခိုင်းလိုက်တယ်။ မနန္ဒာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးလိုက်ပြန်တယ်။ ဝယ်မယ့်လူက ဝယ်မယ် ဆိုပြီး ခြံနဲ့အိမ်ကိုလာကြည့်တယ်။ ခြံမှာက ဆိုင်က လေးတွေ ဆောက်ပြီးငှားထားကြတာကိုး။ ဒါပေမဲ့ ဆိုင်ကလေးတွေ အားလုံးလိုလိုဟာ ဖျက်သွားကြပါ ပြီ။ ကုလားဒန်ပေါက်ဆိုင်တစ်ဆိုင်ပဲ ကျန်နေတာ။ ဝယ်မယ့်သူက အဲဒီကုလားဒန်ပေါက်ဆိုင် ပြောင်း သွားမှ ငွေချေမယ်လို့ ပြောပြန်လေရော။ ကျုပ်က လည်း ကုလားဒန်ပေါက်ဆိုင်ပြောင်းသွားဖို့ ယတြာ တောင်းရပြန်ရော။ မနန္ဒာလည်း ပေါင်မုန့်တစ်လုံး ရေဆွတ်ပြီး ဒန်ပေါက်ဆိုင်ရှေ့ကို ယူသွားတယ်။ အဲဒီ မှာ ကုလားက “အစ်မ အစ်မပေါင်မုန့်ကို ခွေးမကျွေး နဲ့တော့။ ကျွန်တော်တို့ဆိုင် အခုပဲပိတ်ပြီ။ အခုပဲ ပြောင်းမှာ။ ကျွေးမနေနဲ့တော့”လို့ ပြောတယ်။ တကယ်လည်း သူဟာ မီးကြိုးတွေ ဘာတွေဖြုတ်ပြီး ပစ္စည်းပစ္စယတွေ သိမ်းနေတယ်။ ပြီးတော့ ဒန်ပေါက် ကုလားက ပြောသေးတယ်။ “ဒီခြံနဲ့ဒီအိမ်ကို လာ လာပြီး ဝယ်နေကြတာ လူတစ်ရာလောက်ရှိပြီ။ အရောင်းအဝယ်ကို မဖြစ်ဘူး။ အစ်မ ပေါင်မုန့်ကို ရေဆွတ်ပြီး ခွေးလာကျွေးတော့မှ အရောင်းအဝယ် ဖြစ်သွားတယ်။ ဘယ်သူပေးတဲ့ နည်းလဲ။ မဟုတ်မှ လွဲရော ဆရာမင်းသိင်္ခပေးတဲ့နည်းပဲ ဖြစ်ရမယ်လို့ ပြောတယ်။ အဲဒီတော့ မနန္ဒာက ဟုတ်တယ်။ အဘ ပေးတဲ့နည်းပဲလို့ ပြောလိုက်တယ်။ အဲဒီမှာ ဒန်ပေါက် ရောင်းတဲ့ ကုလားက ဒီဆရာကြီး ပေးတဲ့နည်းက ဖြစ်တယ်။ ချက်ချင်းကိုဖြစ်တာ။ ကျွန်တော့်ကိစ္စတုန်း ကလည်း သူပဲ လုပ်ပေးတာ။ အောင်မြင်နေပါတယ်။ တခြား ဗေဒင်ဆရာပေးတဲ့ နည်းတွေနဲ့ မတူဘူး။ ကျွန်တော်တို့မှာ ကုလားဆရာတစ်ယောက် ရှိတယ်။ သူ့နာမည်က ဦးကာဆင်တဲ့။ သူက ပြောဖူးတယ်။ မင်းသိင်္ခလုပ်တဲ့ယတြာနည်းတွေက ရိုးရိုးနည်းတွေ မဟုတ်ဘူးတဲ့။ ကျွန်တော်တော့ နားမလည်ဘူး ဖြစ် တာတော့ အမှန်ပဲတဲ့။ ဒီအိမ်နဲ့ ဒီခြံက အမွေဆိုင် ငါးယောက်တဲ့။ တစ်ယောက်က ကန့်ကွက်နေတာ။ အခု အဲဒီကန့်ကွက်တဲ့ လူကိုယ်တိုင်က အစ်မတို့ ဆီလာပြီး ရောင်းသွားတာ မဟုတ်ဘူးလား” ဟု ပြောလေတော့၏။
မနန္ဒာသည် ငွေသိန်းနှစ်ထောင်ကျော်နဲ့ ဝယ်လိုက်သော ခြံနဲ့အိမ်ကို လုပ်ငန်းရှင်အား သုံး ထောင်ကျော်နှင့် ပြန်၍ရောင်းလိုက်လေ၏။ ထို့ကြောင့် နှစ်ရက်အတွင်းမှာပင် ငွေသိန်းတစ်ထောင်ကျော် မြတ်သွားပြန်၏။ နောက်တစ်နေ့တွင် ကျုပ်အား ငွေ ကန်တော့ပြန်၍ ဝက်သားဟင်း ထပ်မံ၍ချက်ကျွေး လိုက်ရလေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ