loading

မာစတာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

  • Home
  • Blog
  • မာစတာမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး
တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်
“ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ ရအောင်။ သြော် …. ဒါနဲ့။ မင်းရဲ့ မိန်းမရော… ဘယ်လိုလဲ” ဟု မေးလိုက်လေ၏။
“ ဗေဒင်ဟောနေတယ်လေ။ အခုမှ ဟန်ကျတာ ဆရာရေ့။ ဆရာကြီး သင်ပေးတဲ့ ပညာနဲ့ ကျွန်တော့မိန်းမ စောယုနွယ်တော့ ဟောနေတော့တာပဲ။ ကြည့်တဲ့လူတွေကတော့ မှန်တယ်၊ မှန်တယ်နဲ့
ချီးမွန်းကြတယ် ဆရာကြီးရေ့။ အထူးသဖြင့် ကတော့ ကျွန်တော့ မိန်းမမှ မဟုတ်ဘူး။ ဆရာကြီး တပည့်တွေနဲ့လည်း
တွေ့ဖူးပါရဲ့။ ဟောတာထက် ယတြာက ပိုပြီးစွမ်းတယ်လို့ နာမည်ထွက်တယ် ဆရာကြီးရဲ့။ ကျွန်တော့မိန်းမလည်းဟောတာ သိပ်မကြာသေးဘူး။ အဲဒီဘက်က နာမည် ထွက်လာတယ်”ဟု
မောင်မောင်မြင့်အေးက ပြန်ပြောလေ၏။
“အောင်မြင်မှာပါကွာ။ အတွေ့အကြုံ နည်းသေးလို့ပါ။ ပညာရပ်တွေမှာက အတွေ့အကြံုလည်း စကားပြောတယ်ကွ။ နောက်တော့ ကျွမ်းကျင်သွားမယ်။ အဲဒီအခါမှာ နာမည်လည်း
အတော်ကြီးသွားလိမ့်မယ်။ ဒါနဲ့ေ နစမ်းပါဦး။ ဒီလ ရောင်ပြန်အတွက် မင်းအနေနဲ့ ဘာထည့်မလဲကွာ” ဟု မေးရာ မောင်မောင်မြင့်အေးက
“ ကျွန်တော်လည်း အဲဒါကိုပဲ မေးမလို့ ဆရာကြီးဆီကို လာခဲ့တာ” ဟု မောင်မောင်မြင့်အေးက ပြောလေ၏။
“ ပြီးခဲ့တဲ့လက ဓာတ်တူနာမ်တူ အဆောင်ကတော့ လူတွေအတွက် အတော်အကျိုးရှိတယ်ကွ။ ဒါပေမယ့် အဲဒီစာ ရွက်တွေ ရိုက်ပြီးပေးရတာ အဲဒီလမှာရမယ့် မဂ္ဂဇင်းရဲ့ အမြတ်စွန်းလေးဟာ
ကုန်ပါလေရောကွာ” ဟုကျွနု်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက “ဟုတ်တယ် ဆရာကြီးရေ” ဟုဆိုကာ ရယ်လေ၏။
ထိုသို့ရယ်ပြီးနောက် ၎င်းကပင် “ဆရာ့လက်ထဲက ပုတီးလေးက သေးလှချည်လား” ဟုမေးလိုက်လေ၏။ သေးဆို ဒီလိုကွာ။ တစ်ရာ့ရှစ်လုံး ပုတီးဟုတ်ဘူး။ နှစ်ဆယ့် ခုနစ်လုံးပုတီးကွ။ လွန်ခဲ့တဲ့ ရှစ်နှစ်၊
ကိုးနှစ်လောက်တုန်းက ဆရာကြီး ဦးဆန်းထွန်းက ဒီပုတီးအကြောင်း ဆောင်းပါးရေးဖူးတယ်။ ငါကလည်း အလုပ်များနေလို့ အဲဒီဆောင်းပါး ကို မဖတ်ဖြစ်ဘူးဟေ့။ အင်းစိန်ကန်းနားပိုင်း
ထနီးလမ်းမှာနေတဲ့ ငါ့ရဲ့ဦးလေး ဦးမျိုးတင့်ဆိုတာ ပင်စင်စားကြီးကွာ။ နဂိုကတည်းက စာဖတ်ဝါသနာ ပါလေတော့ ပင်စင်စားဘဝ ရောက်တဲ့အခါမှာ တွေ့သမျှစာတွေ ဖတ်တော့တာပဲဟေ့။
တရုတ်သိုင်းတွေလည်း မလွတ်ဘူး။ မဂ္ဂဇင်းတွေလည်း မလွတ်ဘူးဟေ့။ စာကြီး ပေကြီးတွေလည်း ဖတ်ပါတယ်။ အဲဒီမှာ ဆရာကြီး ဦးဆန်းထွန်းရဲ့ ပုတီးစိပ် ဆောင်းပါးကိုဖတ်ပြီး ငါ့ဦးလေးဟာ
နှစ်ဆယ့်ခုနှစ်လုံး ပုတီးနဲ့ စိပ်တော့တာပဲဟေ့။
ငါ့ဦးလေးရဲ့ အတွေ့အကြုံအရ ပြောတာကတော့ အဲဒီပုတီးကလေးကို စပြီး စိပ်တဲ့နေ့ကစပြီး သူ့ရဲ့ စားရေး သောက်ရေး ဝတ်ရေး သိတ်ပြီး မပူပင်ရတော့ဆိုပဲ။ ဘယ်လို အခက်အခဲ မျိုးပဲဖြစ်ဖြစ်
နောက်ဆုံးမှာ သူ့နည်း သူဟန်နဲ့သူ ပြေလည် သွားတယ်ဆိုပဲ။ နောက်ပြီး သူဟာ ငါ့ဆီရောက်လာပြီး အဲဒီ ဆောင်းပါးအကြောင်း ပြောတယ်။ ငါက အဲဒီဆောင်းပါးကို မဖတ်ဖြစ်တဲ့ အကြောင်း
ပြောတဲ့အခါမှာ ငါ့ကို ဆူလိုက် ကျိန်းလိုက်တာကွာ။ မင်းက ဘာဖြစ်လို့ ဒီလို ဆောင်းပါးမျိုး မဖတ်ဖြစ်ရတာလဲဆိုပြီး မာန်တော့တာပဲဟေ့။ ဒါနဲ့ ငါကလည်း မတတ်နိုင်တော့ဘူး။ မဖတ်တော့ပါဘူး
ဦးလေးရယ်။ ဦးလေး ကောင်းတယ်ဆို ပြီးတာပါပဲ။ ဦးလေးဆီကပဲ ပုတီးစိပ်နည်း သင်ယူပါတော့မယ်လို့ ဝန်ခံလိုက်ရတယ်ဟေ့။ အဲဒီတော့ ငါ့ဦးလေးက ဆရာကြီး ဦးဆန်းထွန်းရဲ့ ဆောင်းပါးထဲမှာ
ပါတဲ့နည်းကို သင်ပြပေးတယ်။
“ ပုတီးက နှစ်ဆယ့်ခုနှစ်လုံး ပုတီးဖြစ်ရမယ်။ ပထမငါးလုံးက အနန္တောအနန္တ ငါးပါးစိပ်ရမယ်။
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော ၊
သံဃာ့ဂုဏော အနန္တော ၊
မာတာပိတု ဂုဏော အနန္တော ၊
အာစရိယ ဂုဏော အနန္တောပေါ့ကွာ ”
ဟု ကျွန်ုပ်ကို ပြောလိုက်လေ၏။
“ ပုတီးက နှစ်ဆယ့် ခုနှစ်လုံးရှိတာ အဲဒီ ငါးလုံးစိပ်ပြီး ရပ်ထားရမှာလား ” ဟု မောင်မောင်မြင့်အေးက မေးလိုက်လေ၏။
“ မဟုတ်ဘူးလေကွာ။ ပထမငါးလုံးပဲ အဲဒါနဲ့ စိပ်ရမယ်။ နောက်ပြီးတော့ ဆယ့်ကိုးလုံး တိတိ အရဟံ ဂုဏ်တော်ကိုချည်း စိပ်ရမယ်။
ပြီးတော့
သတ္တဝါများ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး သုံးလုံးစိပ်ရမယ်။
အဲဒီတော့ မင်းစဉ်းစား ကြည့်လေကွာ။ အနန္တာအနန္တ ငါးပါးက ငါးလုံး၊ အရဟံက ဆယ့်ကိုးလုံး ၊ မေတ္တာပို့က သုံးလုံးဆိုတော့ စုစုပေါင်း နှစ်ဆယ့်ခုနှစ်လုံးပေါ့ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
ထိုအခါ မောင်မောင်မြင့် အေးက
ဆရာ့ရဲ့ အင်းစိန်က ဦးလေးဆီက တစ်ဆင့်ကြားရတာနဲ့ အဲဒီပုတီးကို စမ်းပြီး စိပ်တယ်ဆိုပါတော့ဟု မေးလိုက်လေ ၏။
“ စမ်းစိပ်တာ မဟုတ်ဘူးဟေ့။ ဦးလေးလည်းပြန်သွားရော ရွှေတိဂုံဘုရားကို သွားပြီး နှစ်ဆယ့်ခုနှစ်လုံး ပုတီး လုပ်တော့ တာပဲဟေ့။ ပြီးတော့ အဲဒီညမှာ စိပ်တယ်။ အဲဒီလိုစိပ်တော့ ပြဿနာတစ်ခုတော့
ရှိတယ်။ အနန္တငါးပါး စိပ်ပြီးတဲ့ အခါ အရဟံ ဆယ့်ကိုးလုံး စိပ်ရတယ် မဟုတ်လား။ အဲဒီလို စိပ်ရတဲ့အခါမှာ ဆယ့်ကိုးလုံး ပြည့်မပြည့် စိတ်နဲ့ လိုက်ပြီး ရေနေရတာက ဒုက္ခတစ်ခုကွ။ ဒီကြားထဲ
မှားသေးတယ်။ အဲဒါနဲ့ ငါလည်း ရွှေတိဂုံဘုရား သွားပြီး တောင်ဘက်မုဒ်မှာရှိတဲ့ ရတနာဝင်း ပုတီးဆိုင်မှာ စပါယ်ရှယ် ပုတီးတစ်ကုံး လုပ်ခိုင်းတယ်ဟေ့။
အနန္တောအနန္တ ငါးပါးအတွက်က ပုတီးအလုံး ကြီးကြီးပေါ့ကွာ။ အရဟံ ဆယ့်ကိုးလုံး အတွက်က အသေးစား ပုတီး ဆယ့်ကိုးလုံးကွာ။ ပြီးတော့ မေတ္တာပို့အတွက် အလတ်စား သုံးလုံးကွာ။ အဲဒီတော့
အကြီးငါးလုံး စိပ်ပြီးတာနဲ့ အသေးလုံးကို ကိုင်မိတာနဲ့ အရဟံကို စပြီး စိပ်တော့တာပဲ။ အရဟံ ဆယ့်ကိုးလုံး စိပ်ပြီးတာနဲ့ ပုတီးအလတ်ကို ကိုင်မိတော့တာပဲ။ အဲဒီမှာ မေတ္တာပို့ကို စပြီးစိပ်တယ်။ အဲဒီလို
လုပ်လိုက်တော့ ပုတီးစိပ်ရတာ ပိုပြီး လွယ်သွားတယ်ဟေ့။ အဲဒါနဲ့ ငါလည်း စွဲစွဲမြဲမြဲ စိပ်လိုက်တာ တစ်ပတ်အတွင်းမှာပဲ ထူးခြားတယ်ဟေ့။
အဲဒီလို ထူးခြားတော့ ဆရာကြီး ဦးဆန်းထွန်းကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး တစ်ဆင့်ပြောပြတဲ့ ငါ့ဦးလေးကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး လုပ်ပြီး အိပ်ထဲမှာ ထည့်ထားတယ်ဟေ့။
သုံးရက်လောက် လည်းကြာရော ဥက္ကလာမှာ စာပေဟောပြောပွဲရှိလို့ သွားတာ အဲဒီပုတီးကလေး ပါသွားတယ်။ အဲဒီ စာပေဟောပြောပွဲမှာ ဆရာမကြီး စောမုံညှင်းနဲ့တွေ့တော့ ဆရာမကြီးနဲ့
ဆရာကြီးဟာ မြန်မာစာ ကော်မရှင်မှာ နေ့စဉ်တွေ့ကြတယ်လို့ သိရတာနဲ့ ဆရာမကြီးကနေ တစ်ဆင့် ဆရာကြီး ဦးဆန်းထွန်းဆီကို ပုတီးလေး ကန်တော့လိုက်ရတယ်ဟု ကျွန်ုပ်က ပြောလိုက်ရာ
မောင်မောင်မြင့်အေးက
“ ဆရာ အဲဒီပုတီးကို စိပ်တာ ကြာပြီနော် ” ဟု မေးလေ၏။
ကြာပြီကွ။ ပုတီးက မမြဲဘူးဟေ့။ ပုတီးကစိပ်လို့ နည်းနည်း အသားကျလာရင် အဲဒီ ပုတီးကလေးကို တောင်းတဲ့လူ ပေါ်လာတော့တာပဲ။ အဲဒီတော့လည်း ပေးလိုက်ရတာပေါ့ကွာ။ နောက်ဆုံး
တောင်းလွန်းအားကြီး တာနဲ့ ငွေပုတီးလေး တစ်ကုံး လုပ်ရတော့တယ်ဟေ့။ ငွေနဲ့ လုပ်ထားတော့ တောင်းရတဲ့လူက အားနာပြီး မတောင်းတော့ဘူးပေါ့ကွာ”ဟု ကျွန်ုပ်က ပြောလိုက်ရာ
မောင်မောင်မြင့်အေးက …
“ ဘယ်ငွေပန်းထိမ်မှာ လုပ်တာလဲဆရာ ” ဟု မေးလေ၏။
ကျောက်မြောင်း ၊ မလွှကုန်းလမ်းနဲ့ ကျောက်တော လမ်းတောင့်က ငွေပန်းထိမ်ဆိုင်မှာ လုပ်တာကွ။ ဟောဒီမှာ ကြည့် ” ဟုဆိုကာ ကျွန်ုပ်၏ လှပသော ငွေပုတီးကလေးကို မောင်မောင်မြင့်အေးအား
ပြလိုက်လေ၏။ ထိုအခါ မောင်မောင်မြင့်အေးက …..
“ အတော် သေသပ်လှပတဲ့ လက်ရာပါပဲ ဆရာ ” ဟု ငွေပန်းထိမ် လက်ရာကို ချီးကျူးလေ၏။
“ ဘာပဲဖြစ်ဖြစ်ကွာ။ တခြားနေရာတွေမှာ သုံးတဲ့ ငွေထဲက ချွေတာပြီး ဒီလိုပုတီး ကလေးတော့ ပုတီးသမားတစ် ယောက်ဆီမှာ ရှိထားသင့်တယ်ကွာ” ဟု ကျွန်ုပ်က ပြောလိုက်မိလေ၏။ ထိုအခါ
မောင်မောင် မြင့်အေးက
“ အဲဒီ ပုတီးစိပ်တဲ့ ကျေးဇူးကို ပြောပါဦး ဆရာရဲ ” ဟု မေးလေ၏။
“ ဒီကျေးဇူးကို ပြောရင် စာအုပ်ကြီးတစ်အုပ် ဖြစ်ဖို့ရှိတယ်။ ယုံနိုင်ဖို့လည်း ခက်တယ်။ ငါမင်းကို ပုတီးတစ်ကုံး ပေးလိုက်မယ်။ တစ်လလောက် စိပ်ကြည့်။ သူ့ရဲ့ အကျိုးကျေးဇူး သိလိမ့်မယ်။ သူ့ရဲ့
အကျိုးကျေးဇူး သိတဲ့အခါမှာ မင်းနဲ့ငါနဲ့ အခု ပြောပြတဲ့ အကြောင်းအရာကို ဆောင်းပါးတစ်ပုဒ် ရေးပြီး ရောင်ပြန်မဂ္ဂဇင်းမှာ ထည့်လိုက်ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက ….
“ ယုံပါတယ် ဆရာရယ် ” ဟု ပြောပြီး ကျွန်ုပ်ထံမှ ပုတီးကို ယူ၍ ပြန်သွားလေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *