loading

အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

  • Home
  • Blog
  • အိမ်ထောင်တစ်ခုတည်ဆောက်ခြင်းနှင့် ဘဝလက်တွဲဖော် ရွေးချယ်ခြင်း

 

အိမ်ထောင်တစ်ခုစတင်တည်ဆောက်ရာတွင် မိမိဘဝတစ်လျှောက်လုံးဆိုးတူကောင်းဘက် လက်တွဲသွားမဲ့ ဘဝလက်တွဲဖော်ရရှိဖို့ လွန်စွာမှအရေးကြီးလေသည်။ အခုပြောမဲ့ကဏ္ဍမှာ အိမ်ထောင်ရေးကိုအပျော်အပျက်သဘောထားသူတွေအတွက်တော့ အသုံးဝင်မည်မဟုတ်ပါ။
အိမ်ထောင်ရေးအပေါ်သစ္စာကြီးမားသူတွေ၊ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ကြသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။
အိမ်ထောင်ရေးငြိမ်းချမ်းပြီး သားတွေ သမီးတွေနဲ့ ပျော်ရွှင်စွာနေထိုင်သွားချင်တဲ့စိတ်ကတော့ လူတိုင်းနီးပါးရင်မှာ ရှိမည်ထင်ပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ၊ ဆေးမင်ကြောင်ထိုးတာတွေဟာ ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတယ်လို့ ရှေးလူကြီးတွေဆုံးမခဲ့ကြသည်။ အထူးဂရုစိုက်သင့်တာကတော့ မိန်းကလေးတွေပေါ့။ လင်ဆိုးမယား တဖားဖား မဖြစ်လို့လိုသည်။
အချို့ရှိကြသည်။ စရိုက်မကောင်းမှန်းသိလျက်နဲ့ လက်ထပ်ပြီးရင်ရအောင်ပြုပြင်မယ်ဆိုတဲ့စိတ်နဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ကြသည်။ လက်မထပ်ခင် ခြေရှုပ်သည်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်၊၊အရက်သောက်သည်။ ဖဲ လောင်းကစား၊၊ ၁လုံး ၊၂လုံး၊၃လုံး ကလဲဝါသနာထုံသေးသည်။
“သူက ယူပြီးရင်အကုန် စွန့်လွှတ်မယ်ပြောတယ်ဆရာသူက သမီးကိုအရမ်းချစ်တာ သမီးစကားနားထောင်မှာပါ”
စတဲ့အပြောလေးတွေနဲ့ ကျွန်ုပ်ထံပြောလာကြသူတွေ မကြာခဏတွေ့ရသည်။ နောက်တော့လဲ ဒူးနဲ့မျက်ရည်သုတ်ရသည်သာ။ ခွေးအမြီးကို ကျဉ်တောက်စွပ်လဲ ချွတ်ရင်ကောက်သွားတာပဲမဟုတ်
လား။ မသေမချင်းမှတ်ထားပါ။ ပင်ကိုယ်စရိုက်မကောင်းသူတွေလက်ထပ်ပြီးရင်လိမ္မာသွားတယ်ဆိုတာ ၁၀၀၀မှာ တစ်ယောက်လောက်ပဲရှိတာပါ။ မယုံရင်စမ်းကြည့်ပါ။ ဗီဇဆိုတာဖျောက်ရခက်ပါတယ်။
ဘဝတစ်သက်စာ သေတပန်သက်တဆုံးလက်တွဲသွားမဲ့အိမ်ထောင်ဖက်ကို အထူးသတိထားရွေးချယ်ဖို့လိုသည်။ ငယ်ရွယ်စဉ်တုန်းက လူကြီးသူမတွေအိမ်ထောင်ဘက်ရွေးချယ်ရမဲ့ စံတွေကိုပြောပြခဲ့တာမှတ်မိသေးသည်။ ကျွန်တော် မိတ်ဆွေများအတွက်တင်ပြလိုက်ပါအုံးမည်။
ရှေးလူကြီးတွေ အိမ်ထောင်ဘက်ရွေးနည်းပေါ့။
မိန်းကလေးဘက်က ယောကျ်ားလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို အဓါကထားစဉ်းစားပြီး ရွေးချယ်လေ့ ရှိကြပါသည် ။
– အရက်မသောက် ၊ ဖဲမရိုက် ၊ အပျော်အပါးမလိုက်စားတတ်သူ
– အမြော်အမြင်ကြီးမားပြီး အဆင်အခြင်တရားနှင့်ပြည့်စုံသူ
– မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်ရူပကာယ တင့်တယ်ခံ့ညားသူ
– ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း သားမယားကို ရှာဖွေကျွေးမွေးနိုင်သော အရည်အချင်းရှိသူ
– စကားအရာ ချိုသာနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရား ထားတတ်သူ
– အနာရောဂါကင်းစင်သူ
– သက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုခုတတ်သူ
– သားမယားအပေါ်၌ လင်ဝတ္တရားနှင့် ညီနိုင်သူ
– မိမိထက်အသက်အရွယ် ( ၅ ) နှစ်ထက်မကြီး ( ၃ ) နှစ်ထက်မငယ်သူ
– အမျိုးဘာသာတူ၍ အချစ်စစ်အချစ်မှန်ရှိကာ သာယာသောအိမ်ထောင်ရေးကို ဖန်တီးတတ်သူ
ထိုနည်းတူ ယောကျ်ားလေးကလည်း မိန်းကလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို
အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါသည် ။
– အနာရောဂါကင်းစင်သူ
– မျိုးရိုးဇာတိကောင်းပြီး ရုပ်ရည်ရူပကာယ တင့်တယ်လှပသူ
– သိမ်မွေ့နူးညံ့သော ဣန္ဒြေသိက္ခာရှိသူ
– စကားအရာချိုသော သာယာသူ
– မယားဝတ္တရားနှင့်အညီ လင်ပေါ်၌ ပြုစုလုပ်ကျွေးနိုင်သူ
– အိမ်တွင်းမှုအတတ်ပညာကို ပြည့်စုံစွာတတ်မြောက်သူ
– ပညာအမြော်အမြင်ရှိပြီး အကြင်နာတရားထားတတ်သူ
– အမျိုးဘာသာတူကာ အချစ်စစ်အချစ်မှန်ရှိပြီး သာယာသောအိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သူ
– အပျော်အပါးကင်း၍ စီးသောရေဆည်သောကန်ဇင်းဖြစ်ပြီး အိမ်ထောင်ရေးကိုလုံခြုံစွာ ထိန်းသိမ်းတတ်သူ
– လော်လီမှု လျှပ်ပေါ်မှု ကင်းသူ
– လင်နှင့်သားသမီးတို့ကို မိခင်ပမာ ပြုစုလုပ်ကျွေးနိုင်သူ
စသော အင်္ဂါအရည်အချင်းများကို ကြည့်၍ ရွေးချယ်ကြလေ့ရှိသည် ။
ဒါတွေကရှေးလူကြီးတွေဆုံးမခဲ့ကြသော စကားတွေပင်။လိုက်နာကျင့်သုံးလို့ အလွန်ကောင်းတဲ့ဆုံးမစကားတွေပါ။
ကျွန်တော် ဗေဒင်ပညာစတင်လေ့လာခဲ့တာ ကျောင်းသားဘဝအရွယ်ကတည်းကပင်။ လူငယ်ဆိုတော့ အချစ်ရေး အိမ်ထောင်ရေးနဲ့ပက်သက်ပြီး မိတ်ဆွေအပေါင်းအသင်းတွေက မေးကြမြန်းကြသည်။
ဒါကြောင့်ပဲ အချစ်ရေးအိမ်ထောင်ရေးအဟောတွေက ငယ်စဉ်ကတည်းက မိမိနှင့်လက်ပွန်းတသီးရှိနေသည်။ တက္ကသိုလ်ကျောင်းသားဘဝ သူငယ်ချင်းတွေရဲ့ အချစ်ရေးကမိမိအတွက်တော့ လေ့လာစရာပညာရပ်တွေဖြစ်နေခဲ့တယ်။ အဲဒီကနေ အရွယ်ရောက်လာတော့ အချစ်ရေး အိမ်ထောင်ရေးသောကအပူတွေက ဗေဒင်ဆရာဆီကူးစက်လာတော့တာပါပဲ။
မီးဆိုတာ မလောင်ခင်တားသင့်သလို အိမ်ထောင်ရေးသောက အပူတွေကလဲ လက်မထပ်ခင်ကတည်းကစဉ်းစားသင့်သည် မဟုတ်လား။ ကွဲကွာကြ ၊လမ်းခွဲကြ၊ ပြတ်ဆဲကြ၊ ဖောက်ပြန်ကြပြီဆိုတော့မှ ဗေဒင်ဆရာဆီ ငိုကြီးချက်မနှင့် ပြေးလာကြသည်။ ဗေဒင်ဆရာတွေကလဲ ဥုံဖွ ဆရာတွေမဟုတ်…။ ဗေဒင်ပညာနှင့် ကူညီလို့ရတာရှိသလို ၊မရတော့တာလဲရှိသည်။
ရောဂါကျွမ်းမှ လာပြတဲ့ လူနာကို
ဆရာဝန်က ခေါင်းခါပြီး လူနာကို စားချင်တာကျွေး ၊ စိတ်ချမ်းသာအောင်ထားပါလို့ ပြောပြီး ပြန်လွှတ်လိုက်ကြသလိုပေါ့။ ကျွန်တော်ကလဲ ကူညီပေးလို့ မရတဲ့ ဇာတာတွေကို “ဝဋ်ကြွေးရှိတယ်လို့ သဘောထားပါဗျ… ရေစက်ကဒီလောက်ပဲပါလို့နေမှာပါ”
လို့နှစ်သိမ့်ပေးလိုက်ရတာတွေလဲရှိသည်။
မယူခင်တွေဇာတာတွေတိုက်စစ်၊ မတိုက်ဆိုင်လို့ရှိရင် အိမ်ထောင်ရေးအေးချမ်းစေမဲ့ ယတြာတွေစီရင်ရသည်။ ဒါမှလဲခံသာမည်။
ဇာတာတိုက်စစ်ရာတွင်လဲ ဇာတာနှစ်ခုရဲ့ မူလမဟာဘုတ် အဖွားတွေရဲ့အနေအထား၊ ပက္ခသဘော၊အင်္ဂဝိဇ္ဇာ အနေအထား၊ ကာရကသဘော၊နာမည်အရ နာမက္ခရဆန်းအနေအထားတွေချိန်ဆ ရသည်။ လက်ရိုးအရ ပတနီဘာဝ (၇တန့်)မှာ ရပ်တည်နေတဲ့ ဂြိုဟ်တွေ ကိုလေ့လာရပြန်သည်။ သေချာစွာအကြံပေးနိုင်ဖို့အချိန်ယူရသည်။လိုအပ်တာတွေ ပြောပေးလမ်းညွှန်ပေးရသည်။
ဒါကြောင့်ကိုယ်ယူမဲ့အိမ်ထောင်ဘက်ဟာသင့်တော်ရဲ့လား၊ ဘဝကြင်ဖော်ကောင်းဟုတ်ရဲ့လားဆိုတာကို သိသင့်သည်။ ကျွန်တော်စဉ်းစားမိတာက ဗေဒင်နားမလည်သူတွေ မိမိအိမ်ထောင်ဘက်ကမိမိနဲ့သင့်မသင့်ကို အကြမ်းဖျင်းလေးသိရဖို့ ပြောပြပေးချင်သည်။
ဒီနေရာကနေ ကျွန်တော့်မိတ်ဆွေတွေကို မိမိတို့ဘာသာအိမ်ထောင်ဘက်ကိုရွေးချယ်နိုင်မဲ့ ယေဘုယျသဘောလေးတစ်ခုကို တင်ပြပေးပါ့
မယ်။ အနီးစပ်ဆုံး မိမိလက်မတွဲသင့်တဲ နေ့နံတွေကဘာနေ့ဆိုတာသိရတာပေါ့။ လေ့လာကြည့်ပါ။ နှစ်ပေါင်းများစွာ ဟောခဲ့ ပြောခဲ့ သုတေသနလုပ်ခဲ့တဲ့ အတွေ့အကြုံအရ Noteထုတ်ပေးထားတာပါ။ ဗေဒင်နားမလည်သူတွေအတွက် အဆင်ပြေစေဖို့ မဟာဘုတ်နည်းအရ
အိမ်ထောင်ဘက်ရွေးနည်းလေးပါပဲ။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၁ကြွင်းပါက
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၂ ကြွင်းပါက
တနင်္လာ၊အင်္ဂါ၊သောကြာ သားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၃ ကြွင်းပါက
အင်္ဂါ၊ ဗုဒ္ဓဟူး၊စနေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၄ ကြွင်းပါက
ဗုဒ္ဓဟူး၊ကြာသပတေးနှင့် တနင်္ဂနွေသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီးရနဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၅ ကြွင်းပါက
ကြာသပတေး ၊သောကြာနှင့် တနင်္လာသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၆ ကြွင်းပါက
သောကြာ၊စနေနှင့် အင်္ဂါသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။
ကိုယ့်ရဲ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၇နဲ့စားကြည့်လိုက်ပါ။
ရလာတဲ့အကြွင်းက ၀ ကြွင်းပါက
စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါဘူး၊
ဒီလောက်ဆိုရင်တော့ အိမ်ထောင်ဘက်အဖြစ်မရွေးချယ်သင့်တဲ့နေ့သားတွေကို သိလောက်ပြီထင်ပါတယ်။ ဒီနေ့သားတွေကို ယတိပြတ်မယူရဘူးလို့ မဆိုလိုပါဘူး။ ဘဝလက်တွဲဖော်အဖြစ်လက်တွဲမယ်ဆိုရင်တော့ သတိထားရမဲ့ နေ့နံတွေပါ။ အခက်အခဲပြဿ နာများနိုင်တယ်။
ဒါကြောင့် ကိုယ်ချစ်တဲ့သူ၊ ဘဝကြင်ဖော်အဖြစ်ရွေးချယ်မဲ့ သူတွေဟာရှောင်ရမဲ့နေနံတွေထဲပါနေတယ်ဆိုရင်တော့ နီးစပ်ရာဆရာဆီမှာအကြံဉာဏ်ယူပါ။ ရှောင်ရန်ဆောင်ရန်တွေမေးပါ။ လိုအပ်သော အိမ်ထောင်ရေးငြိမ်းချမ်းစေမဲ့ ယတြာတွေစီရင်ပါလို့ အမှာစကားပါးလိုက်ရပါတယ်ဗျာ။
ချစ်သူတိုင်းညားပြီး ညားသူတိုင်းအဆင်ပြေကြပါစေဗျ….။ ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Leave a Reply

Your email address will not be published. Required fields are marked *