loading

ခန္ဓီစေတီ ပုတီးစိပ်နည်း

  • Home
  • Blog
  • ခန္ဓီစေတီ ပုတီးစိပ်နည်း

 ကျွန်တော် လောကီပညာနဲ့ပက်သက်တဲ့ စာပေတွေဖတ်တဲ့နေရာမှာ

ဆရာသက်နှင်းဆွေ(ပုပ္ပါး) ရဲ့ စာအုပ်တွေကိုအလွန်ပဲနှစ်ခြိုက်မိသည်။
ဆရာရေးတဲ့ အဓိဋ္ဌာန်ကျင့်စဉ်တွေလဲ အခါအားလျော်စွာ ကျင့်နေမိသည်။ အခုတင်ပြတဲ့ ခန္ဓီစေတီပုတီးစိပ်နည်းကိုအချိန်တော်တော်ကြာစိပ်ခဲ့ဖူးသည်။ နိစ္စဓူဝ ဂုဏ်တော်တွေ ပွားနေချင်တဲ့ စိတ်ကပဲ ကောင်းကျိုး
တွေကို ဖြစ်ပေါ်စေသည်ဟုပဲ ထင်မိသည်။ လွန်စွာထူးခြားသည်။
ကျွန်တော့် ပရိသတ်ကိုကျင့်စေချင်တဲ့ ဆရာ့ရဲ့ဆောင်းပါးကိုပြန်လည်
တင်ပြလိုက်ရပါတယ်။
ထီပေါက်ဖူးတဲ့လူ
ဆရာသက်နှင်းဆွေ (ပုပ္ပါး)
(၁)
လွန်ခဲ့သည့် သုံးနှစ်ကျော်လောက်ကဖြစ် သည်။
မှတ်မှတ်ရရဖြစ်လောက်အောင်ပင် ထိုနေ့ နံနက်စောက နှင်းတွေထူထူထဲထဲဝေနေခဲ့လေသည်။ ဆောင်းအကုန်နွေအကူး ရာသီဦးတွင် ဆောင်း၏ လက်ကျန်နှင်းတွေက လှလှပပဝေနေခဲ့ခြင်းဖြစ် သည်။ မိုးလင်းပြီဖြစ်သော်လည်း သိပ်သိပ်သည်း သည်းကျဆင်းနေသည့် နှင်းမှုန်တွေကြောင့် ကားကို မီးဖွင့် ပြီးမောင်းနှင်နေရသည်။ နှင်းမှုန်တွေကြောင့် လမ်းဘေးဝဲယာမှရှုခင်းတွေကို ဘာမှသဲသဲကွဲကွဲ မမြင်ရ။ ထိုဝိုးတဝါးရှုခင်းတွေကိုပင် ငေးမောရင်း ကျွန်တော်လိုက်ပါလာဖြစ်သည်။
”ဘယ်လိုလဲ ကိုသက်နှင်းဆွေလေး၊ ကဗျာရေးဖို့စဉ်းစားနေတာလား”
ကျွန်တော်တို့အုပ်စုကို ဦးဆောင်ပြီးခေါ် လာခဲ့သည့် ကဗျာဆရာ၊ စာရေးဆရာ-ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ကျွန်တော့်ကိုလှမ်းပြောလိုက်ခြင်း ဖြစ်သည်။ ဆရာ့ဇာတိပုတီးကုန်းသို့ ကျွန်တော် တို့ခရီးထွက်ခဲ့ကြခြင်းဖြစ်၏။ သည်အရွယ်တိုင် အောင်ပင် ဇာတိရွာပြန်အသိက ဆရာ့စိတ်ကို ပြန် လည်နုပိုျနေစေတတ်ဆဲပင်လား။ ဆရာ့မျက်နှာ မှအပြုံးရိပ်တွေက အခါတိုင်းထက် ကြည်လင်ခိုျမြ နေသည်မှာအမှန်ပင်။ ကျောင်းသားဘဝက ဆရာ မောင်စိန်ဝင်း၏ကဗျာတွေ၊ ဝတ္ထုတွေကို ကျွန်တော် တို့ လွန်စွာစွဲမက်ခဲ့ရသည်။ ထိုသို့ကျွန်တော်တို့ အားကျလေးစားခဲ့ရသလောက် ဆရာ့ကဗျာတွေ၊ စာတွေကလည်း ခန်းခန်းနားနားပင် သက်ဝင်လှပ နေခဲ့လေသည်။ ကဗျာအရှိန် အဝါကြီးမားခဲ့သည့် ဆရာက ကျွန်တော့်ကို ထိုစကားလေး ပြောလိုက် တော့ ကျွန်တော့်မှာမနေတတ်အောင် ဖြစ်သွားရသည်။ သို့သော် ဆရာက ကျွန်တော့်ကဗျာချစ်စိတ် ကိုသိထားသဖြင့် စိတ်ရင်းနှင့် ရိုးရိုးသားသားပြော လိုက်ခြင်းသာဖြစ်ကြောင်း ဆရာ့မျက်နှာတွင်ထင် ရှားနေပါသည်။
ကျွန်တော်ဘေးတွင်ထိုင်နေသည့် ကျွန် တော့်သူငယ်ချင်း မောင်ညိုအေး(ပန်းတော)က မျက်စိမှိတ်ပြီးဘုရားစာရွတ်ရင်း လိုက်ပါလာခဲ့ရာမှ-
”စီးကရက်သောက်ချင်တယ် ကိုသက်နှင်းဆွေရယ်”
ဟုသူ့ထုံးစံအတိုင်း ကလေးတစ်ယောက်လို ပူဆာလာလေတော့သည်။
ကျွန်တော်တို့အုပ်စုတွင် အသက်အကြီး ဆုံးဖြစ်သည့် ဆရာလယ်တွင်းသားစောချစ်ကိုမူ ဘတ်စ်ကား၏ ဟိုဘက်ခြမ်းခုံတန်းမှ ရှေ့ဆုံးခုံ(တစ် ယောက်ထိုင်ခုံ)တွင် သီးသန့်နေရာပေးထားလေ သည်။ ဆရာကြီးက စာအုပ်တစ်အုပ်ကို စိတ်ပါ လက်ပါဖတ်ရင်း လိုက်ပါလာတာတွေ့ရသည်။ စာအုပ်ကိုလှမ်း ကြည့်လိုက်မိတော့ ဆရာဦးသိန်း လွင်၏ ဒေးဗစ်ကော့ပါဖီးလ်စာအုပ်လေး (အင်္ဂလိပ် လိုရေးထားတာ)ကို ဖတ်နေတာ တွေ့ရသည်။ ဆရာက ကားပေါ်တွင် အပျင်းပြေဖတ်နေခြင်းမိုျး မဟုတ်ဘဲ စိတ်ဝင်တစားဖတ်နေခြင်းဖြစ်သည်။ ကျွန်တော်သည် ဆရာ၏ ‘ကျွန်တော် အမုန်းဆုံး ကျွန်တော်’ ဝတ္ထုကိုအလွန်ကြိုက်ခဲ့ပါသည်။
ဆရာမောင်စိန်ဝင်းက ကျွန်တော်တို့၏ ရှေ့တစ်ခုံကျော်တွင်ထိုင်သည်။ ဆရာနှင့်အတူ တွဲပြီးထိုင်သူမှာ ဆရာချစ်ဦးညိုဖြစ်သည်။ ဆရာ ချစ်ဦးညိုနှင့် ဆရာမောင်စိန်ဝင်းတို့က ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းရင်းချာတွေလို ချစ်ခင်ရင်းနှီး ကြသူတွေဖြစ်သည်။ မင်းနှင့်ငါနှင့်ပင် ပြောကြတာ တွေ့ရသည်။ ဆရာမောင်စိန်ဝင်းက ဆရာချစ်ဦးညို ကို ‘ဘိုချစ်’ဟုချစ်စနိုးခေါ်တာကိုလည်းကြည်နူး ဖွယ်ရာတွေ့နေရသည်။ ကျွန်တော်သည် ဆရာချစ် ဦးညို၏ ‘သုဝဏ္ဏဘုမ္ပိဝေဒနာ’ဝတ္ထုကြီးကို တရှိုက် မက်မက်စွဲလန်းခဲ့သူဖြစ်သည်။ ထိုဝတ္ထုကြီး၏စကား ပြေထုဆစ်တင်ပြထားတာတွေကို အလွန်နှစ်သက် စွာလေးစားနေခဲ့မိသည်။ ထိုသို့ ကျွန်တော် လေးစား အားကျခဲ့ရသည့် ထိုဆရာကြီးတွေနှင့်အတူခရီးသွား ရခြင်းကို ကျွန်တော်ကျေနပ်နေမိပါသည်။
”ကိုသက်နှင်းဆွေ ဘာလိုတာရှိလဲ။ လို တာရှိရင်ပြောဗျာ။ ထိုင်ရတာအဆင်ပြေတယ် မ ဟုတ်လား။ ဟေ့မောင်ညိုအေး။ မင်းက စီးကရက်ဆာနေတာ မဟုတ်လား။ ရော့ရော့ ဟောဒီမှာ”
ဆရာမောင်စိန်ဝင်းက နောက်သို့မကြာ ခဏလှည့်ကာဂရုတစိုက်မေးနေလေသည်။
”ဟေ့မောင်စိန်ဝင်း။ ဘေးမှာရှိတဲ့ငါ့ကို လည်း ဘာလိုတာရှိလည်းလို့ မေးပါဦးလားကွာ”
ဆရာချစ်ဦးညိုက ထိုသို့ဝင်ပြောလိုက် သောအခါ ဆရာမောင်စိန်ဝင်းက-
”သေလိုက်ပါတော့ ဘိုချစ်ရာ။ မေ့နေ တာဟ။ မင်းအတွက်သီးသန့်စီစဉ်လာတာရှိတယ်”
ပြောပြောဆိုဆိုဆရာက ခရီးဆောင်အိတ် ထဲမှ ရေဗူးကဲ့သို့ စတီးလ်ဗူးခပ်ပြားပြားလေးကို ထုတ်ကာ ဆရာချစ်ဦးညို၏လက်ထဲသို့ထည့်ပေး လိုက်လေသည်။
”အေးကွာ…။ မင်းကိုအဲဒါလေးတွေ ချစ်ရတာပဲ မောင်စိန်ဝင်းရာ။ ခရီးသွားတဲ့အခါတော့ ဒီလို ‘ကွာလတီ’ ကောင်းတဲ့ဖျော်ရည်က အလိုအပ်ဆုံးပဲဟ”
ဆရာမောင်စိန်ဝင်းတို့ သူငယ်ချင်းနှစ် ယောက်သည် ထိုဗူးပြားလေးကိုတစ်ယောက်တစ် လှည့်မော့ရင်း ရယ်လိုက်မောလိုက်နှင့် လိုက်ပါလာ ကြလေတော့သည်။
”ကိုသက်နှင်းဆွေရေ။ ဒီဖျော်ရည်က ခင်ဗျားနဲ့မအပ်စပ်ဘူး။ ဟိုကောင်မောင်ညိုအေးက လည်း ဒါတွေမသောက်တော့ဘူး။ ခင်ဗျားတို့က စီးကရက်ဖွာကြဗျာ။ ရေဆာရင်ရေသန့်သောက်ကြ ဗျာ”
ဆရာမောင်စိန်ဝင်း၏အပြုံးတွေ ပိုပြီးနု ပိုျလာသည်ထင်ရ၏။ ဘတ်စ်ကားပေါ်တွင် ကျွန် တော်တို့အုပ်စုက ပတ်ဝန်းကျင်မှ ခရီးသည်တွေ အားကျရလောက်အောင် လွတ်လပ်ပေါ့ပါးစွာလိုက် ပါလာကြခြင်းဖြစ်သည်။ ဆရာမောင်စိန်ဝင်းနှင့် ဆရာချစ်ဦးညိုတို့ကလည်း တဟားဟား ပြောဆို ရယ်မောလျှက်။ ကျွန်တော်နှင့်မောင်ညိုအေးက စီးကရက်ကို ထိန်းထိန်းသိမ်းသိမ်း ဖွာရှိုက်ရင်း တွတ်ထိုးလျှက်။ ဆရာလယ်တွင်းသားစောချစ်က စာတစ်အုပ်နှင့်ငြိမ့်လျှက်။ ကားကအရှိန်မှန်မှန်ပြေး လျှက်။ တဖြည်းဖြည်းနှင့်ဆီးနှင်းတွေပါးလျလာ သည်။ ဘေးဘက်မှမြင်ကွင်းတွေကို လှလှပပမြင် လာရသည်။
ကျွန်တော်က မောင်ညိုအေးနှင့်စကား ပြောရင်းမှာပင် ကဗျာတစ်ပုဒ်ကိုရေးဖြစ်ခဲ့ပါသည်။
(၂)
ကျွန်တော်တို့သည် ပုတီးကုန်းမြို့လေး မှတစ်ဆင့် ဆရာ့ဇာတိ မယ်ဇလီတိုင်းရွာလေးသို့ ဆက်သွား ကြရမည်ဖြစ်သည်။ ဆရာ့ဇာတိရွာလေး တွင် ရွာဦးစေတီတော်လေးဆူကို ထီးတော်တင်ပွဲ ရှိသည်။ ထိုစေတီလေးဆူမှာ ရှေးဟောင်းစေတီ တော်တွေဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက ပြိုပျက်နေခဲ့ကာ ခြုံနွယ်ပိတ်ပေါင်းတွေထဲတွင် ပျောက်ကွယ်နေခဲ့ သည်ဆို၏။ ယခုထိုစေတီတော် တွေကို ဆရာနှင့်ရွာဦးဆရာတော်တို့က ဦးဆောင် ကာ အသစ်တဖန် ပြန်လည်ပြုပြင်တည်ထားပြီး ခဲ့လေပြီ။ စာမူခငွေရတိုင်း ဘုရားတည်ဖို့အတွက် ဆရာမောင်စိန်ဝင်း ငွေလွှဲပို့နေခဲ့တတ်တာ ကျွန် တော်သိနေခဲ့သည်။ ကျွန်တော်တို့လည်း အလှူငွေ အနည်းအကျဉ်းထည့်လှူထားဖြစ်ခဲ့၏။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်ညိုအေး (ပန်းတော)နှင့်ကျွန်တော်တို့သုံးယောက်က ဆရာ တပည့်ရင်းတွေလည်းဖြစ်၏။ သားအဖတွေလို သံယောဇဉ်ကြီးကြသူတွေလည်း ဖြစ်သည်။ သူငယ်ချင်းအရင်းအချာတွေလို ရင်းနှီး ပွင့်လင်းစွာ နေထိုင်ဖြစ်တာတွေလည်း ရှိသည်။ အထူးသဖြင့် ၂ဝဝဝ ခုနစ်၏နောက်ပိုင်းကာလများ တွင် ကျွန်တော်သည် ဆရာ့ခင်မင်မှုအောက်မှာ ရင်းရင်း နှီးနှီး၊ ပွင့်ပွင့်လင်းလင်း၊ ကျိုးကျိုူနွံနွံပင် ကျွမ်းဝင် ခင်မင်စွာ နေထိုင်ဖြစ်ခဲ့သည်။ ကျွန်တော်နှင့် မောင်ညိုအေးတို့ကို ဆရာကလည်း အမှန်ပင်သံ ယောဇဉ်ကြီးရှာလေသည်။
ဆရာ့ကိုအကြောင်းပြု၍ စာပေနယ်မှ စာ ပေသြဇာကြီးမားသော စာရေးဆရာ၊ ကဗျာဆရာ ကြီးများစွာကို ကျွန်တော်ရင်းနှီးခွင့်ရခဲ့ပါသည်။ ယခု ဆရာ လယ်တွင်းသားစောချစ်နှင့် ဆရာချစ်ဦးညို တို့ကိုလည်း ဆရာမောင်စိန်ဝင်းကြောင့်ပင် တွေ့ဆုံ ခင်မင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ယခုခရီးတွင် ကျွန်တော်က ဆရာမောင် စိန်ဝင်း၏ သီးသန့်ဖိတ်ခေါ်မှုဖြင့် လိုက်လည်ခြင်း ဖြစ်သည်။ ကျွန်တော်တို့နှင့်အတူ ဆရာ့သူငယ်ချင်း ဦးကိုကြီး(လူရွှင်တော်တိုင်ကီ)လည်း လိုက်လည် လေခဲ့သည်။
ကားပေါ်တွင် ကျွန်တော်တို့အဖွဲ့တပျော် တပါးလိုက်ပါသွားခဲ့ကြ၏။ ရန်ကုန်ပြည်လမ်းမကြီး မှ ပုတီးကုန်းမြို့ဘက်သို့ လမ်းခွဲသည့်နေရာတွင် ဘတ်စ်ကားကြီးပေါ်မှ ဆင်းခဲ့ကြပြီး ပုတီးကုန်းမှ လာကြိုသူတွေ၏ကားလေးဖြင့် ခရီးဆက်ခဲ့ကြရပြန် သည်။ လာကြိုသည့်အဖွဲ့က ကားသာမက ဆိုင် ကယ်တွေရောပါလာသဖြင့် ပိုပြီးစည်ကားသိုက်မြိုက် သွားသည်။ ဆရာမောင်စိန်ဝင်း၏ရွာလေးသို့ရောက် တော့ ဘုရားထီးတင်ပွဲနှင့်စာပေဟောပြောပွဲကို ပေါင်းပြီးစီစဉ်ထားသဖြင့် တစ်ရွာလုံးအုန်းအုန်း ကျွက်ကျွက်စည်ကားနေတာ တွေ့ရပါသည်။ ဆရာ့ သားအလတ်ကိုချို(ကဗျာဆရာချိုသက်)က ရွာတွင် ကြိုပြီးရောက်နေနှင့်သည်။ ကိုချိုက ရွာမှသူငယ် ချင်းတွေ၊ ဆွေမိုျးတွေနှင့် တစ်သားတည်းကျနေ တာကိုလည်း သတိပြုမိပါသေးသည်။
ထို့အပြင် ရွာမှလူကြီးပိုင်း၊ လူလတ်ပိုင်း တွေသာမက လူငယ်ပိုင်းတွေကပါ ဆရာမောင်စိန် ဝင်းကို အလွန်ချစ်ခင်ကြ၊ ကြည်ညိုလေးစားကြ၊ အားကိုးအားထားရှိကြတာတွေ့ရသည်။ နေ့ခင်းစာ၊ ညစာစီစဉ်ထားတာတွေက လိုလေသေးမရှိအောင် အထူးမြိုင်ဆိုင်၍နေသည်။
ရွာဦးကျောင်းဆရာတာ်နှင့် ဆရာမောင်စိန်ဝင်းတို့ ဦးစီးဦးဆောင်ပြုကာ ပြုပြင်တည်ထား သည့် ရွှေစေတီ၊ ငွေစေတီ၊ မြစေတီနှင့် ပတ္တမြားစေ တီတွေက ကြည်ညိုစရာကောင်းလှ၏။
ကျွန်တော့်တို့အဖွဲ့က သက်တော်ကြီးရင့် လှပြီဖြစ်သော ရွာဦးဆရာတော်ကြီးကို ကန်တော့ ကြခိုက် ဆရာချစ်ဦးညိုက ဆရာတော်ထံ ပျပ်ဝပ် ရိုကျိုးစွာချည်းကပ်ပြီး စကားတစ်ခွန်းကိုလျှောက် ထားလိုက်လေသည်။
”အရှင်ဘုရား။ တပည့်တော်တို့ ပုထုဇဉ် လူသားတွေအတွက် ဘဝမှာသွားလာနေထိုင် နေရင်း နဲ့အထိရောက်ဆုံးလိုက်နာ ကျင့်သုံးသွားသင့်တဲ့ အရိုးရှင်းဆုံး၊ အထိမိဆုံးနဲ့ အတိုဆုံးအနှစ်ခုျပ်ဖြစ်တဲ့ မြတ်ဗုဒ္ဓအဆုံးအမ တရားဓမ္မတစ်ခုကို ညွှန်ပြဆုံး မူတော်မူပါဘုရား”
ထိုအခါ ဆရာတော်ကြီးက-
”မကောင်းမှုဟူသမျှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ ကောင်းမှုဟူသမျှ အတတ်နိုင်ဆုံး ဖြည့်ကျင့်ပါ။ စိတ်ကိုဖြူစင်အောင်ထားပါ ”
ဟုတည်ကြည်အေးချမ်းစွာဆုံးမမိန့်ကြား တော်မူလိုက်၏။
”မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ အဲဒါပဲပေါ့ဒကာရယ်။ အဲဒါ ဟာ လူတွေအမြဲလိုက်နာသွားသင့်တဲ့ မြတ်ဗုဒ္ဓအဆူ ဆူတို့ရဲ့ အကောင်းဆုံးသောအဆုံးအမဓမ္မပါပဲ”
ကျွန်တော်သည် တစ်ခွန်းချင်းမိန့်ဟသွား တော်မူသည့် ဆရာတော်ကြီးကိုလည်း ကြည်ညို၍ မဆုံးတော့။ ထိုသို့သော အချိန်ပိုင်းလေးမျှသာရ သည့်အခွင့်အရေးလေးကိုပင် အကျိုးရှိအောင် မေးမြန်းလျှောက်ထားတတ်သည့် ဆရာချစ်ဦးညိုကို လည်း လေးစားစိတ်နှင့်အတူ ကျေးဇူးတင်မဆုံး တော့။
ထိပ်ဆုံးသို့ရောက်သည်အထိ အောင်မြင် ကြီးပွားသွားသူတို့တွင် ထိုသို့သော ကျွန်တော်တို့ အတုယူစရာအမူအကျင့်ကောင်းတွေ မည်မျှရှိနေလေ ဦးမည်နည်း။ အောင်မြင်သူတို့တွင် အောင်မြင်ထိုက်
သည့် အရည်အချင်းတွေ အခိုင်အမာရှိနေပါလား ဟုလည်း တွေးမိလိုက်ပါသေးသည်။
(၃)
ညရောက်တော့ ရွာအပြင်မှကွင်းပြင်ကြီး တွင်ဇာတ်စင်ကြီးကခန့်ငြားစွာရှိနေသည်။မီး ရောင်စုံတွေနှင့် ပွဲဈေးတန်းကြီးကလည်း တမျှော် တခေါ်ဖြစ်နေ၏။ ပရိသတ်တွေက ကွင်းနှင့်အ ပြည့်။ အံ့သြစရာကောင်း လောက်အောင် စည်ကား လှသည့် ကျေးလက်စာပေဟောပြောပွဲပင်ဖြစ်သည်။ ထိုပရိသတ်အများစုက သူတို့နယ်သားနိုင်ငံကျော် စာရေးဆရာ၊ကဗျာဆရာကြီးအား ချစ်ခင်မြတ်နိုး သည့်စိတ်ကိုအခြေခံပြီး ရောက်လာကြတာ ဖြစ် နိုင်ကြောင်း ကျွန်တော်လိုက်တွေးမိပါသေးသည်။ စာရေးဆရာတွေက တခန်းတနားပြင်ဆင်ထားသည့် ဇာတ်စင်ကြီးပေါ်မှာတက်ပြီး ဟောပြောရသည်။ ဆရာမောင်စိန်ဝင်းက မိတ်ဆက်စကားပြောရုံသာ ပြောသည်။ ဆရာမောင်ညိုအေး(ပန်းတော)၊ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာချစ်ဦးညိုတို့သုံး ယောက်ဟောပြောကြသည်။
ထိုဆရာသုံးယောက်လုံးက ဆရာမောင် စိန်ဝင်းကို တလေးတစားဂုဏ်ပြုပြီး ပြောသွားကြ သည်။ ဆရာတွေဟောတာပြောတာတွေကလည်း ကြက်သည်းထလောက်အောင် ကောင်းပါသည်။ လက်ခုပ်သံတွေဝေစည်၍နေသည်။ဟောပြောပွဲက အရှိန်အဟုန်ကောင်းကောင်းနှင့် အောင်မြင်သွားခဲ့၏။
ဟောပြောပွဲပြီးတော့ ကျွန်တော်တို့ တည်းခိုရာ ဆရာမောင်စိန်ဝင်း၏အိမ်ကြီးသို့ ပြန်လာ ကြသည်။ ထိုအိမ်ကြီးက ဆရာမောင်စိန်ဝင်း၏ ဇာတိချက်မြှုပ်ခဲ့သည့်နေရာ၊ ဆရာ့ဘဝ၏အောင် မြေတစ်ခုပင်ဖြစ်၏။ ဆရာ့မိဘတွေချန်ထားရစ်ခဲ့ သည့် မိမွေဖမွေအိမ်ကြီးက ဘုန်းကြီးကျောင်းကြီး လို ခန့်ငြား၍နေသည်။ ကျွန်းတိုင်ကြီးတွေကလည်း အံ့သြစရာခန်းနား၍နေ၏။
”ဟောဒါက ကျွန်တော်ကျောင်းပြီးစ တုန်းက ရွာမှာလာပြီးနားနေရင်း ပဌာန်းန်းရွတ်ခဲ့တဲ့ နေရာပဲ ကိုသက်နှင်းဆွေရေ။ ဟောဒီခုံလေးက ပဌာန်းန်းစာအုပ်တင်ရွတ်တဲ့ခုံပဲ”
အပေါ်ထပ်တွင် ဆရာငယ်စဉ်က ဖတ်ခဲ့ သည့် စာအုပ်ဘီဒိုရှိ၏။
”ဟေ့ မောင်စိန်ဝင်း မင်းငယ်ငယ်က ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်တော့ အမှတ်တရယူသွား ရမယ်သူငယ်ချင်းရာ”
ဆရာချစ်ဦးညိုက စာအုပ်တစ်အုပ်ကို တောင်းယူလေသည်။ ကျွန်တော်နှင့်ဆရာမောင်စိန် ဝင်းတို့က အပေါ်ထပ်မှာ တက်အိပ်ဖြစ်ခဲ့သည်။ မအိပ်ခင် ကျွန်တော်တို့အတွက် အသင့်ပြင်ထား သော ညလယ်စာဖြင့် ဧည့်ခံပါသေးသည်။
”ကြက်သားကာလသားချက် စီစဉ်ထား တယ်။ အစ်ကိုရေစားပြီးမှပဲ အေးအေးဆေးဆေးနား ပါဗျာ”
ဆရာမောင်စိန်ဝင်းက ဆရာလယ်တွင်း သားစောချစ်ကို အစ်ကိုဟုခေါ်၏။ ဆရာလယ်တွင်း သားစောချစ်က အေးအေးချမ်းချမ်း တည်တည် ကြည်ကြည်နှင့် အလွန်လူကြီးပီသစွာပြောဆို ဆက် ဆံတတ်သူဖြစ်လေသည်။ ဆရာ့ထံတွင် နူးညံ့မှု တွေထုံမွှမ်း၍နေတာတွေ့ရသည်။
ကျွန်တော်သည် ကျွန်တော်လေးစား ကြည်ညိုရသည့် ဆရာကြီးတွေပြုမူသမျှ၊ ပြောဆို သမျှတို့ကိုငေးကြည့်၍မဝ၊ နားထောင်၍မဝ ဖြစ်နေရတော့၏။
”ဟေ့ကောင် ဘိုချစ်။ ဒီဖျော်ရည်တွေ ကိုတော့ မင်းတစ်ယောက်တည်း ဖြုန်းပေတော့ ကွာ”
”ဟာ…အဲလိုတော့မလုပ်နဲ့သူငယ်ချင်း ရာ။ တစ်ယောက်တည်းသောက်ရတာ ဘယ်ခိုျမှာ လဲကွ။ မင်းလည်းအတူချ”
သူငယ်ချင်းနှစ်ယောက်က တက်ညီ လက်ညီဖြစ်နေသည်။ ဖျော်ရည်ဆိုသည်မှာ ဘီယာ ဖြစ်၏။ လမ်းတွင် ဆရာနှစ်ယောက်မော့နေခဲ့သည့် ဂျပ်ပြားဗူးလေးထဲတွင် အကောင်းစားဝီစကီတွေ ထည့်ထားခြင်းဖြစ်ကြောင်း ညရောက်မှပြောပြ၏။ ဆရာမောင်စိန်ဝင်းရော၊ ဆရာချစ်ဦးညိုပါ အရက် သေစာကို စွဲမြဲစွာသောက်တတ်သူတွေ မဟုတ်။ အခုလို ခရီးသွားချိန်တခိုျ့တွင် အပျင်းပြေသဘော သောက်လျှင်လည်း ဝီစကီ အကောင်းစားကိုသာ အဓိကသောက်တတ်၏။ ဆရာလယ်တွင်းသားစော ချစ်၊ မောင်ညိုအေးနှင့် ဦးကိုကြီးတို့က အရက် သောက်သူတွေမဟုတ်။ ကြက်သား ကာလသား ချက်ဟင်းကိုသာစားကြသည်။ ကျွန်တော်ကမူ အရက်ဝိုင်းကိုပင် ဝင်ထိုင်လေ့သိပ်မရှိသူ။
”ကိုသက်နှင်းဆွေရေ…။ ကျွန်တော် တို့နဲ့လာထိုင်ပါဗျ။ အခုဘီယာလောက်ပဲသောက် နေတာပါ။ ထိုင်လို့ဖြစ်ရင် လာထိုင်ပါ။ ကြုံတုန်း စကားပြောကြရအောင်”
ဆရာချစ်ဦးညိုက ကျွန်တော့်ကို တရင်း တနှီးဖိတ်ခေါ်လေသည်။ ကျွန်တော်သည် ဆရာ တို့နှင့်အတူထိုင်ပြီး ရေနွေကြမ်းသောက်ရင်း စကား ပြောဖြစ်ခဲ့ပါသည်။ အားလုံးအိပ်ယာဝင်သွားသည် အထိ ဆရာမောင်စိန်ဝင်း၊ ဆရာချစ်ဦးညိုနှင့် ကျွန် တော်တို့သုံးယောက် ဆက်ပြီးစကားပြောနေကြသေး ၏။ အနီးကပ် ပြောဆိုနေထိုင်ဖြစ်တော့မှ ဆရာ ချစ်ဦးညိုသည် ပွင့်လင်းရိုးရှင်းသောစိတ်ဓာတ်ရှိသူ ဖြစ်ကြောင်း သိသာလာ၏။ နက်ရှိုင်းစွာရှင်သန် နေသည့်ဆရာ့အနုပညာစိတ်ကြောင့်လည်း ပိုပြီး ခင်မင်လေးစားစရာကောင်းနေသည်ဟု ကျွန်တော့် စိတ်တွင် ခံစားလာရပါသည်။
”ဆရာထီပေါက်ဖူးတယ်လို့ကြားဖူး တယ်။ အဲဒီအကြောင်းလေး နည်းနည်းပြောပြပါ လားဆရာ။ အဲဒီတုန်းက ထူးထူးခြားခြားလုပ်ဖြစ် ခဲ့တဲ့ ဘာသာရေးကျင့်စဉ်လေးတွေရှိရင်လည်း ပြော ပြပါဦး။ မှတ်သားရတာပေါ့ဆရာ”
ကျွန်တော်နှင့်ဆရာချစ်ဦးညိုသည်လည်း ထိုစကားဝိုင်းမှာပင် ဆရာတပည့်ရင်းတွေလို ရင်း နှီးသွားခဲ့တော့သည်။
”ဟုတ်တယ်ကိုသက်နှင်းဆွေရေ။ ကြာ တော့ကြာခဲ့ပြီဗျ။ အဲဒီတုန်းက ထီပေါက်ခဲ့တာက လည်း ဆုကြီးဗျ။ ငွေကလည်း အခုထက်တန်ကြေး ကောင်းတဲ့ခေတ်ဗျာ။ ဒီလိုဗျ အဲဒီတုန်းကကျွန်တော် အဓိဌာန်န်တစ်ခုဝင်ဖြစ်ခဲ့တယ်။ ခင်ဗျား သိမှာပါဗျာ ခန္ဓာဓမ္မစေတီအဓိဌာန်န်ဗျ။ ခန္တီစေတီလို့လည်း ခေါ် ကြတယ်လေဗျာ။ အဲဒါကို ကျွန်တော် ဝင်ခဲ့တာ။ စေတီပေါင်း ကျွန်တော့်သက်စေ့ဝင်ဖြစ်ခဲ့တာဗျ။ အဲဒီအဓိဌာန်န်ကို စေတီပေါင်း သက်စေ့ဝင်ပြီး သိပ် မကြာပါဘူး။ ထီထပေါက်တော့တာပါပဲ”
ဆရာ့စကားကြောင့် ကျွန်တော်အံ့သြ သွားခဲ့ရသည်။
”တစ်ခုတော့ရှိတယ်ဗျ။ ကျွန်တော်က ထီ ပေါက်ချင်လို့ ဘာလို့ရယ်တော့မဟုတ်ဘူး။ ဗုဒ္ဓါနု ဿတိဘာဝနာကုသိုလ်ကောင်းမှုအလုပ်ကို ကိုယ် စိတ်ပါတုန်းအချိန်လေးမှာ၊ ကိုယ်တတ်နိုင်သ လောက်အတိုင်းအတာလေးနဲ့ ဖြည့်ကျင့်ထားဦးမယ် ဆိုတဲ့ ကုသိုလ်ချစ်စိတ်လေးနဲ့ လုပ်ဖြစ်ခဲ့တာဗျာ။ ထီပေါက်တာကတော့ သူ့အကိုျးဆက်တစ်ခု ပဲဖြစ်ပါလိမ့်မယ်”
ထို့နောက်ဆရာက ထိုစဉ်က အကြောင်း တခိုျ့ကို တဖွဲ့တနွဲ့ပြောပြနေပြန်သည်။ ကျွန်တော် သည်ထိုညက အချိန်တွေကုန်လွန်သွားခဲ့တာကိုပင် နှမြောနေမိတော့၏။
”တစ်ခုပြောပြဖို့ကျန်နေသေးတယ် ကို သက်နှင်းဆွေရေ။ အဲဒီအချိန်တွေတုန်းက ကျွန် တော်အမြဲလိုလို အရက်သောက်ဖြစ်နေခဲ့တယ်ဗျ။ အဲဒီအဓိဌာန်ဝင်နေတုန်းမှာတောင် ပုတီးစိပ်ပြီးတာနဲ့ အရက်သောက်ဖြစ်တဲ့နေ့တွေ ရှိခဲ့ဖူးတယ်ဗျာ။ နောက်တော့မှ ကျွန်တော်သုံးသပ်မိတာက ငါးပါး သီလကို လုံလုံခြုံခြံုစောင့်ထိန်းပြီးအဲဒီအဓိဌာန်န်ကို ထိထိမိမိ ဝင်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီး ထူးခြား တဲ့ကောင်းကိုျးပေးတာမိုျးတွေဖြစ်လာနိုင်တယ်လို့ တွေးမိခဲ့တာပါ။ အဲဒီတုန်းကတော့ အရက်ကို သောက်ဖြစ်နေခဲ့တာဗျ။ အခုတော့ ဘီယာလောက် တောင်မှ ခုလိုတစ်ခါတစ်ရံလောက်ပဲ သောက်ဖြစ်ပါ တော့တယ်ဗျာ”
ထိုညက ကျွန်တော်တို့အိပ်ယာဝင်တော့ ညနှစ်နာရီပင်မကတော့။ အိပ်ယာဝင်ခါနီးတွင်မှထို စကားကိုဆရာချစ်ဦးညိုက ထပ်ပြောခဲ့ခြင်းဖြစ် သည်။
(၄)
နောက်နေ့တွင် ဆရာလယ်တွင်းသား စောချစ်နှင့် ဆရာချစ်ဦးညိုတို့ ပြန်သွားကြသည်။ ကျွန်တော်တို့က ဆရာမောင်စိန်ဝင်းနှင့်အတူကျန် ရစ်ခဲ့သည်။ ကျွန်တော်တို့ချစ်ခင်လေးစားရသည့် ဆရာ့ရွာ၊ ဆရာ့အိမ်၊ ဆရာ့ငယ်ဘဝအငွေ့အသက် တွေကို ကျွန်တော်ခံစားနေဖြစ်ခဲ့ပါသည်။ ဆရာ့ စာအုပ်ဘီဒိုကြီးကိုလည်း ဖွင့်ပြီးဆွဖြစ်ခဲ့သည်။ ဆရာနှင့်အတူ စကားတွေပြောဖြစ်ခဲ့သည်။ ထို့အပြင် ဆရာတို့ရွာနှင့်သိပ်မလှမ်းတော့သည့် ရွှေကျောင်း ဆောင် ဘုရားကို သွားဖူးဖြစ်ခဲ့သေးသည်။ ဆရာ မောင်စိန်ဝင်း၏တူတော်သည်ဆိုသည့် မယ်ဇလီတိုင်း ရွာမှ ကျောင်းဆရာဦးလှသောင်းတို့အဖွဲက ကျွန် တော်တို့ကို လိုလေသေးမရှိအောင် တာဝန်ကျေစွာ ဧည့်ဝတ်ပြုခဲ့ကြလေသည်။ ထိုခရီးသည် ကျွန်တော့် ဘဝ၏ အမှတ်တရတွေထဲမှ အထင်ကရခရီး တစ်ခုဖြစ်နေခဲ့လေသည်။
ထိုခရီးမှပြန်လာကတည်းက ဆရာချစ် ဦးညိုပြောပြသည့်ကျင့်စဉ်ကို ရေးဖို့စိတ်ကူးထားခဲ့ မိသည်။
”ကိုသက်နှင်းဆွေ။ ခင်ဗျားကို ဘိုချစ် ပြောတဲ့ကျင့်စဉ်လေး ရေးပါလားဗျ။ စိတ်ဝင်စား တဲ့စာဖတ်ပရိသတ်လည်း ကျင့်သုံးနိုင်တာပေါ့။ ကုျပ်တို့အတူသွားခဲ့တာလေးကိုလည်း မှတ်တမ်း တင်ပြီးသားဖြစ်သွားတာပေါ့”
ဆရာမောင်စိန်ဝင်းကလည်း ထိုသို့ နှစ်ကြိမ်လောက် သတိတရ တိုက်တွန်းခဲ့ဖူးသည်။ သို့သော် ကျွန်တော်မရေးဖြစ်ခဲ့။ အမှန်ကိုဝန်ခံရလျှင် ကျွန်တော့်ထက် အတိုင်းအဆမရှိအောင် စာပေ အရှိန်အဝါ၊ စာပေသြဇာမြင့်မားသည့် ဆရာကြီး တွေ၏အကြောင်းကိုရေးရမှာ လက်တွန့်နေခဲ့ခြင်း သာဖြစ်၏။
”ဟေ့လူ ကိုသက်နှင်းဆွေ။ ဘာမှလက် တွန့်မနေပါနဲ့ဗျာ။ ခင်ဗျားရေးတတ်သလိုသာရေး စမ်းပါ”
ယခု၂ဝ၁၁ခုစက်တင်ဘာလ၏ တစ်ရက် တွင် ဆရာမောင်စိန်ဝင်းနှင့်ဆုံခိုက် ထိုသို့ထပ်ပြော ခဲ့ပါသေးသည်။
(၅)
ခန္ဓီစေတီ(ခေါ်) ခန္ဓာဓမ္မစေတီအဓိဌာန် ကျင့်စဉ်ကို ကျွန်တော်အနည်းငယ်မျှ ကျင့်သုံးကြည့် ခဲ့ဖူးပါ၏။ စွဲစွဲမြဲမြဲထိထိမိမိ မကျင့်ဖြစ်ခဲ့ပါ။ သို့သော် လူတခိုျ့ကို ညွှန်ပြပေးခဲ့ဖူးပါသည်။ ထူးခြားလှ တာတွေ့ရပါသည်။ ခန္ဓီစေတီအဆူများစွာတည် နေခဲ့သည့် အဓိဌာန်ရှင်တွေကိုလည်း တော်တော် များများတွေ့ခဲ့ဖူးပါသည်။ ကောင်းမှုမြတ်နိုးစိတ် သက်သက်ဖြင့်ကျင့်သုံးရင်း ထိုသူတို့၏လူမှုဘဝ တွင် အခက်အခဲတွေ ထူးခြားစွာပြေလည်သွား ကြောင်း၊ ဘဝတိုးတက်မြင့်မားလာကြကြောင်း ကိုယ်တွေ့ပြောပြချက် ထူးခြားမှုတွေကိုလည်း မှတ် သားရဖူးပါသည်။
ခန္ဓီစေတီ(ခေါ်)ခန္ဓာဓမ္မစေတီအဓိဌာန်ကျင့်စဉ်
ပုတီးစိပ်ရာတွင် အဆင့်(၁၆)ဆင့်ရှိသည်။ (၁၆)ဆင့်ပြည့်က အခြေခံလ္လင်တော်မှ အထက်စိန် ဖူးတော်အထိ စေတီတစ်ဆူပြီးမြောက်သည်ဟု မှတ် ပါ။ တစ်ဆင့်လျှင် ပုတီး(၁ဝ)ပတ်စီစိပ်ရမည်။ (၁၆) ဆင့်ပြီးက ပုတီးပတ် (၁၆ဝ) ပြည့်ကာစေတီတော် တစ်ဆူအောင်မြင်ပါပြီ။
တစ်ရက်လျှင်တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့် ဖြစ်စေ၊ ငါးဆင့်ဖြစ်စေ စသည်ဖြင့် စိပ်သွားနိုင်သည်။ သို့မဟုတ် တစ်ရက်တည်းနှင့် (၁၆)ဆင့်ပြည့်အောင် အပြီးစိပ်လိုပါက စိပ်နိုင်သည်။
၁-အဓိဌာန်ကျင့်စဉ် (စေတီအရေအတွက်) မိမိသက်စေ့ပြည့်လျှင် အခက်အခဲအန္တရာယ်များရှိ ပါက သိသာစွာကင်းရှင်းသွားပြီး ကောင်းကိုျးအ ကြံအစည်များ အထူးအောင်မြင်နိုင်သည်ဟု ရှေး မှဆရာတို့၏ညွှန်ပြမှုကို မှတ်သားရဖူးပါသည်။
၂-၁ဝ၈ ဆူတည်မိလျှင် (ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များကိုပင် ဖူးတွေ့ရနိုင်ကာ) အထူးထူးသော လောကီလောကုတ္တရာကောင်းကိုျးများ ရရှိနိုင်သည် ဟု ညွှန်းဆိုထားပါသည်။
၃-ဗုဒ္ဓါနုဿ တိ ၊ဓမ္မာနုဿ တိ၊ သံဃာနုဿ တိ ဘာဝနာတို့သာ လက္ခဏာရေးသုံးပါးကမ္မဌာန်းစီးဖြန်းခြင်း၊ သရဏဂုံတည်ခြင်း၊အမြတ်ဆုံးဂုဏ်တော်တို့ကို ပူဇော်ခြင်းစသည့် အမြတ်ဆုံး ဘာဝနာတို့ပေါင်းစုစီမံကာ အဓိဌာန်ဘာဝနာပွားထုံ သောကျင့်စဉ်ဖြစ်၍ ထွဋ်မြတ်လှပါသည်။
ပုတီးပတ်ရေများများရဖို့ စိတ်စောပြီး အလော တကြီး မစိပ်မိစေဘဲ အာရုံမိမိဖြင့်၊ ကြည်ညိုစိတ်ဖြင့် သာ ပွားထုံသင့်ပါသည်။
၄-အဓိဌာန်ပုတီးစိပ်ကာ ခန္ဓာဓမ္မစေတီတည် ရာတွင် အထူးသန့်ပြန့်စွာ ဝတ်စားပြင်ဆင်ပြီးမှ၊ အနန္တငါးပါးအား ရိုသေကိုင်းညွှတ်စွာ ကန်တော့ ခြင်း၊ ခင်ပွန်းကြီးဆယ်ပါးအားပြစ်မှားမိခဲ့တာတွေ ရှိပါက ဝန်ချတောင်းပန်ခြင်း၊ ငါးပါးသီလ ခံယူခြင်း စသည့် ပရိကံတို့ကို ကျကျနနပြုပါ။ အဓိဌာန်စေတီ တစ် ဆင့်ပြီးတိုင်း၊ သို့မဟုတ် တစ်ဆူပြီးတိုင်း သုံးဆယ့်တစ်ဘုံသား (သိကြား၊ နတ်၊ လူ၊ ဗြဟ္မာ၊ ဝေနေယျသတ္တဝါ) အားလုံးကို ကျကျနန အမျှပေး ဝေပါ။ မေတ္တာပို့ပါ။
၅-ပုတီးစိပ်ရာတွင်၁ဝ၈လုံးပုတီးဖြင့်စိပ်ပါ။
-ဗုဒ္ဓံသရဏံဂစ္ဆာမိ- ၁ဝ ပတ်(တစ်ဆင့်)
– ဓမ္မသရဏံဂစ္ဆာမိ- ၁ဝ ပတ်
– သံဃံသရဏံဂစ္ဆာမိ- ၁ဝ ပတ်
– အရဟံ- ၁ဝ ပတ်
-သမ္မာသမ္ဗုဒ္ဓေါ- ၁ဝ ပတ်
-ဝိဇ္ဇာစရဏသမ္ပန္ဓော- ၁ဝ ပတ်
– သုဂတော- ၁ဝ ပတ်
– လောကဝိဒူ- ၁ဝ ပတ်
– အနုတ္တရောပုရိသဓမ္မသာရတ္ထိ- ၁ဝ ပတ်
– သတ္တာဒေဝမနုသာနံ- ၁ဝ ပတ်
– ဗုဒ္ဓေါ- ၁ဝ ပတ်
– ဘဂဝါ- ၁ဝ ပတ်
– အနိစ္စ- ၁ဝ ပတ်
– ဒုက္ခ- ၁ဝ ပတ်
– အနတ္တ- ၁ဝ ပတ်
– (ပု-ဒိ-အာ၊ အာ-ဒိ-ပု )- ၁ဝ ပတ်
ထိုစနစ်အတိုင်းစိပ်ရပါမည်။
အထက်တွင်ဆိုထားသည့်အတိုင်း တစ်နေ့ တစ်ဆင့်ဖြစ်စေ၊ ၁၆ ဆင့်လုံး (စေတီတစ်ဆူပြီး မြောက်အောင်) ဖြစ်စေအဆင်ပြေသလို စိပ်နိုင်ပါ သည်။
ယခုဤဆောင်းပါးသည် တစ်ခါက ထိုကျင့်စဉ်အဓိဌာန်ဝင်ပြီးချိန်မှပင် တိုက်ဆိုင်စွာ ထီပေါက်ခဲ့ဖူးသည့် ဆရာချစ်ဦးညို၏ ပြောပြ ချက်လေးကို တင်ပြလိုခြင်းသာဖြစ်ပါသည်။ ထို ခရီးတွင်ဆရာနှင့်ဆုံခဲ့ပြီး ယခုနောက်ပိုင်းတွင် ဆရာ့အောင်မြင်မှုတွေက တဟုန်ထိုး တိုးတက် နေဆဲပင်ဖြစ်သည်။ ယခု နောက်ပိုင်းတွင် ထိုကျင့် စဉ်ကို ဆရာချစ်ဦးညို ထပ်မံ ကျင့်ဖြစ်သည် မကျင့် ဖြစ်သည်တော့ မသိပါ။ သို့သော်ဟိုစဉ်က ထိထိမိမိကျင့်သုံးခဲ့ဖူးသည့် ကုသိုလ်စွမ်းအား အရှိန် အဟုန်က ဆရာ့ဘဝကို မြင့်သည်ထက် မြင့်အောင် ယခုထက်တိုင်တွန်းတင်ပေးနေ ဆဲဖြစ်သည် ဆိုတာကိုတော့ ကျွန်တော် မမှိတ်မသုန် ယုံကြည်နေ မိပြန်ပါသတည်း။
(မှတ်ချက်။ ကျွန်တော်ရေးသားတင်ပြ မှုမကျွမ်းကျင် မပြည့်စုံခြင်းကြောင့် ထိုဆရာတို့၏ ဂုဏ်သိက္ခာပုံရိပ်တို့ကို တစ်စုံတစ်ရာထိခိုက်စေ သည့် စကားလုံးအဓိပ္ပါယ်သက်ရောက်စေမှုတို့ ရှိ ခဲ့လျှင် ဤနေရာမှပင် နဖူးမြေစိုက်ဦးခိုက်ကန်တော့ တောင်းပန်အပ်ပါသည်။ အမှန်မှာ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာလယ်တွင်း သားစောချစ်တို့သည် ကျွန်တော့်မိတ်ဆွေများမဟုတ် ကြပါ။ ကျွန်တော်လွန်စွာလေးစားအားကျစွာ အတု ယူရသည့်၊ စာပေပညာခံယူနေရသည့် ကျွန်တော့် ဆရာများသာဖြစ်ပါသည်။ သက်ရှိထင်ရှားထိုဆရာ များကို ဤဆောင်းပါးဖြင့်ပင် အမှတ်တရ ရေးသား ပြီးဂါဝရပြုခြင်း ဟုသာမှတ်ယူစေချင်ပါသည်။)
ဆရာများကိုချစ်ခင်လေးစားစွာဖြင့်
အားလုံးသတ္တဝါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၄.၁ဝ.၂ဝ၁၁။ အဂၤါညေန-၄း၁ဝ။
(နေလဂျာနယ်..၂၀၁၁..မှ)
ခန္ဒာဓမ္မစေတီအဓိဌာန်ကိုဖတ်ချင်တယ်၊တင်ပေးပါဆိုတဲ့…ခင်မင်ရသူတစ်ဦးသို့.
Google Play Store ကနေလဲ download ဆွဲပြီး မှတ်သားနိုင်ပါသေးတယ်။
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *