loading

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ (၁) ————————-

  • Home
  • Blog
  • သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့ (၁) ————————-

ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့ တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။
အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။
ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။
ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။
ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။
ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း….သတိရရင်းနှင့်………..
———————————————————
ရာသီက ဆောင်းရာသီကုန်ခါနီး။ လက်ကျန်ဆောင်းက စာမဖွဲ့တတ်အောင်အေးသည်။မြောက်ပြန်လေက ခန္ဓာကိုယ်အတွင်းပိုင်းထဲ ထိုးဖောက်ဝင်ရောက်သွားသလိုခံစားရသည်။
အေးမြခြင်းတွေက အရိုးကွဲမတတ်။ လေကတဖြေးဖြေးတိုက်ခတ်နေဖြင့် ပဲခူးရွှေမောဓောဘုရားကြီးထီးတော်ရှိခေါင်းလောင်းတွေရဲ့ တချွမ်းချွမ်း မြည်သံက သာယာနာပျော်ဖွယ်ကောင်းလှသည်။
မနက်စောစောဘုရားဖူးရသည့်အရသာက အေးငြိမ်းချမ်းသာမှုအပြည့်ပေးသည်။ ကျီးမနိုးချိန်ဖြစ်၍ ကာယဝိဝေက ၊ စိတ္တဝိဝေကရှိတဲ့အတွက် ဘုရားကိုအာရုံပြုလို့ကောင်းသည်။
မနက်လေးနာရီခွဲဝန်းကျင်လောက်ဆိုရင် ရွှေမောဓောဘုရားရင်ပြင် တံခါးဖွင့်သည်။ တစ်ခါတလေ ကိုယ်ရောက်တာစောရင်တံခါးမဖွင့်သေး၍ ဘာဂျာတံခါးနားထိုင်စောင့်ရတတ်သည်။
ပန်းဆိုင်ကနေ အောင်သပြေပန်း ၊ စံပယ်ပန်းဝယ်သည်။ ဘုရားပန်းကပ်၊ ဘုရားရှိခိုး၊ပုတီးစိတ် ၊ မေတ္တာပို့ပြီးရင် ရင်ပြင်တော်ရှိအာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းသည်။ ထိုနောက်အင်္ဂါထောင့်ရှိ ခရေပင်ကြီးအောက် တဖြုတ်ဖြုတ်ကြွေနေသော
ခရေရွက်ခြောက်တွေကိုလှည်းထုတ်ဖြစ်သည်။
ခရေပန်းကောက်ပြီးဘုရားကပ်သူတွေအတွက် အရွက်ခြောက်တွေမရှိတော့ပန်းကောက်ရတာ အဆင်ပြေကြသည်။ အာရုံခံ တန်ဆောင်းတွေသန့်ရှင်းရေးလုပ်ပြီးတိုင်း ၊ ခရေပင်အောက် တံမြက်စည်းလှည်းဖြစ်သည်။ တစ်ခါတလေသူများဦးစွာ လှည်းသွားတာမျိုးလဲရှိသည်။
ဒီနေ့မနက်တော့ ဘယ်သူ့မှခရေပင်အောက်တံမြက်စည်းလှည်းတာမမြင်သေး။ကျွန်တော်တံမြက်စည်းနှစ်ချောင်း ကိုင်ပြီးဘယ်ညာ စုံလှည်းသည်။
တံမြက်စည်း လှည်းနေရင်း သစ်သားနှင့် ကြမ်းခင်းရိုက်သံကြားရပြီး ပွတ်လုံးနှင့် ချောထားသောသစ်သားတုတ်ချောင်းလေးတစ်ချောင်း ကျွန်တော့်အရှေ့ကို လှိမ့်လာသည်။
လာရာဘက်ကိုလှည့်ကြည့်တော့ ခရေပင်အောက် ထိုင်နေသည့်အဘတစ်ဦးနှင့် မျက်လုံးခြင်းဆုံသည်။ထိုအဘ၏မျက်လုံးတွေကစူးရှတောက်ပလွန်းသည်။ သူ့မျက်လုံးအကြည့်ဒဏ်ကိုကြာကြာမခံနိုင်။မျက်နှာလွှဲလိုက်ရသည်။
ကချင်ပုဆိုးနှင့်လိုက်ဖက်စွာ အကျီင်္အဖြူဝတ်ဆင်ထားပြီး ယောဂီရောင်သဘက်ကိုခေါင်းပေါင်း
ပေါင်းထားသည်။အသက်ကတော့ ၇၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။
ကျွန်တော် တုတ်လေးကိုကောက်ပြီး
” အဘ ဒီတုတ်လေးက အဘ ပစ္စည်းလား”
” ဟုတ်တယ် ငါ့မြေး”
“တောင်ဝှေး အလွယ်တကူမတွေ့တာနဲ့ တုတ်လေးယူလာခဲ့တာ
ဒီခရေပင်အောက်မှာ အညောင်းပြေထိုင်ရင်း
တုတ်လေးထောင်ထားတာ
လေတိုက်တော့ ငါ့မြေးဆီ လိမ့်သွားတာပဲ”
“လိမ့်တာပေါ့အဘရာ တောင်ဝှေးလိုထိပ်က အကောက်လေးမှမပါတာ”
” ငါတူက ပဲခူးကပဲလား”
” ဟုတ္ပါတယ္အဘ “
” ငါ့တူ တန်ဆောင်းတွေမှာတံမြက်စည်းတွေ
လှည်းနေတာသတိထားမိတယ်
နေတိုင်းလှည်းတာလား”
” မနက်တိုင်းနီးပါးတော့ လှည်းဖြစ်တယ်အဘ
ခရီးသွားစရာ မရှိရင်တော့ဘုရားကိုလာဖြစ်တာများ ပါတယ်”
“ကောင်းတာပေါ့ကွာ တံမြက်စည်းလှည်းကုသိုလ်ယူတာ အတိုက်အခံကင်းတယ်
ကိုယ့်ကိုမနာလိုမုန်းထားတဲ့ သူ နည်းတာပေါ့ကွ
ဒါနဲ့စကားမဆက် ငါ့တူက အင်္ဂါသားလား”
ရင်ထဲဒိတ်ခနဲဖြစ်သွားဖြစ်သွားသည်
ဘယ်လိုများသိတာလဲပေါ့
” ဟုတ္ပါတယ္အဘ
ကျွန်တော့်နာမည် (စိုး……..)ပါ”
” ဟုတ်တယ်ဆို ငါတူအခု လေ့လာနေတဲ့ပညာရပ်တွေနဲ့ ငါ့တူနာမည်ကြီးလာလိမ့်မယ်”
” အခုဗေဒင်ပညာလေ့လာနေပါတယ်အဘ”
အဲဒီတုန်းက ဗေဒင်ပညာသင်ကြားနေပြီး မိတ်ဆွေတွေကိုအနည်းအကျဉ်းပြန်ဟောနေချိန်ဖြစ်သည်။
ဒါပေမဲ့ငါမြေး အလုပ် နေရာထိုင်ခင်းမမြဲဘူး အလုပ်စုံ နေရာစုံကျင်လည်ရအုံးမယ်
သက်လတ်ပိုင်းလောက်မှ မိမိတတ်ကျွမ်းတဲ့
ပညာနဲ့ရပ်တည် ကျော်ကြားလိမ့်မယ်”
ဆက်ရန်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *