loading

အနာဂတ်အား ဆုပ်ကိုင်နိုင်ရန် အတိတ်အား ပွေ့ဖက်ခြင်း

  • Home
  • Blog
  • အနာဂတ်အား ဆုပ်ကိုင်နိုင်ရန် အတိတ်အား ပွေ့ဖက်ခြင်း

စစ်မှန်သော ဗေဒင်ပညာရပ်၏ အဓိက သော့ချက်သည် ကံကြမ္မာကို ဖတ်ရန် ဖြစ်သည်။
ကံကြမ္မာကို ဖတ်သောအခါ ဖြစ်တတ်သော သဘောကို ခန့်မှန်းခြင်းသာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းမှုလိုပင် ဖြစ်ပြီးသော သင်္ကေတများကို ကြည့်လျက် ဖြစ်နိုင်သည်များကိုကြံဆခြင်း ဖြစ်သည်။ မိုးလေဝသဆိုင်ရာအား ခန့်မှန်းနိုင်ရန်အတွက် မိုးလေဝသဂြိုဟ်တုမှ ရိုက်ကူးပေးသော ဓာတ်ပုံများကို တွက်ချက်လျှက် ဖြစ်နိုင်ချေများကို ခန့်မှန်းသည်။ ထို့အတူ ဗေဒင်ဆရာသည် အခြားသော ဇာတာများတွင် ဖြစ်ပျက်ခဲ့သည်များကို လေ့လာထားလျက် ဇာတာရှင်တစ်ဦးကို ကောင်းဆိုးဖြစ်ပျက် စသည်တို့ကို ကြိုတင်ခန့်မှန်းချက်သာဖြစ်သည်။
မိုးလေဝသ ခန့်မှန်းမှုကို ယုံကြည်သလို ဗေဒင် ပညာကို ယုံရသည်။ သို့သော် မိုးလေဝသ ခန့်မှန်းမှုထက် ပိုမို မယုံကြည်သင့်။ ပညာသည် သင်္ကေတပညာသာ ဖြစ်သည်။ အရာအားလုံး သင်္ကေတဖြင့် ဆုံးဖြတ်ကြသည်။ လူတစ်ဦး ရယ်နေသောအခါ ထိုသူသည်ပျော်နေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် သူသည် ကြိတ်ငိုငိုချင် ငိုနိုင်သည်။ ထို့အတူ ငိုနေသူကိုလည်း သင်္ကေတ သဘောအရ ပြောနိုင်သည်။ အတတ်ပညာများစွာသည် သင်္ကေတ သဘောကို လေ့လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဗေဒင်ပညာသည် သင်္ကေတဖြင့်ဟောပြောသော ပညာရပ်တစ်ခုသာ ဖြစ်သည်။
ဗေဒင်ကို မယုံသူသည် မီးမကိုင်ဖူးသော သူငယ်သာ ဖြစ်၏ ။ ထို့အတူ ဗေဒင်ကို ကိုးကွယ်သူသည် ကိုယ့်ကိုယ်ကို အ, အ ဖြစ်ကြောင်းခေါင်းငုံ့သူ ဖြစ်သည်။ အခြားသော အတတ်ပညာကို ယုံသလို ဤ ပညာရပ်ကို လက်ခံသင့်သည်။ ဘာသာ တစ်ခုကဲ့သို့ ကိုးကွယ်မှု မလုပ်သင့် ။ ဘာသာတရားသည် သင်္ကေတလွန် ပညာရပ် ဖြစ်သည်။ သင်္ကေတလွန် ပညာရပ်ဆိုသော်လည်း သင်္ကေတဖြင့် လေ့လာရသည်။သင်္ကေတကို မဖျောက်နိုင်သမျှ သင်္ကေတလွန် အရသာကို မခံစားရ။
ဗေဒင်ကို မယုံဘူး ငြင်းသူသည် ဗေဒင်ကို နတ်ဘုရားတစ်ခုလို လက်ခံထားသောကြောင့် ဖြစ်မည်။ ဗေဒင်ကို ယုံလျှင် ကိုးကွယ်စရာတစ်ခုကို ယုံလိုက်သလို ထင်သည်။ ဗေဒင်သည် ခန့်မှန်းရေး ပညာတစ်ရပ်သာ ဖြစ်သည်။ နာရီသံ၏ တစ်ချက်တီးရင် တစ်နာရီ ၊နှစ်ချက်တီးရင် နှစ်နာရီ မှတ်သားမှုကဲ့သို့မှတ်ထားသော ပညာသာ ဖြစ်သည်။ ဗေဒင်မယုံဘူး ငြင်းဆန်သူသည် ယုံလွန်းနေသောကြောင့်ဖြစ်မည်။ သူသည် ဗေဒင်ကို ကိုးကွယ်စရာ အားကိုးစရာ တစ်ခုလို တွေးထားသောကြောင့် ဆိုခြင်းဖြစ်မည်။
ယနေ့အထိ မှတ်တမ်းတင်ထားသော နှစ်, လ , ရက် များသည် အဘယ်ပညာဖြင့် မှတ်တမ်းထားခဲ့သနည်း ။ ဆေးပညာဖြင့် ထားခဲ့သလော။ဘာသာရေး အသိဖြင့် ထားခဲ့သလော ။ ယနေ့အထိ စွန့်လွှတ်မရသေးသော နေ့ရက်များသည် ဗေဒင်ပညာရပ်ကြောင့်သာ ဖြစ်သည်။တစ်ဦး တစ်ယောက် ၊ အကြီး အငယ် ခွဲခြားဖို့ဘယ်ပညာဖြင့် မှတ်သားမည်နည်း ။ ယခုအခါ နေ့တွက်ခြင်းသည် ဘာမှ မဟုတ်တော့သော်လည်းရှေးအခါ အဘယ်မျှ အဖိုးတန်လေသနည်း ။ ဤပညာဖြင့် လူသားကို အဘယ်မျှ အကျိုးပြုခဲ့သနည်း ။
ဤ ဗေဒင် ပညာဖြင့် ကင်းသော လူသားဟု မရှိလောက်အောင်ပင်။ သို့သော် အချို့သည် ယုံသူများ အစွန်း ရောက်သလို အစွန်းရောက်သည်။ ဗေဒင်ပညာသည် သူတောင်းစား ပညာလောက် ဆိုကြသည်။ လူလိမ် မျက်လှည့်ပညာလောက် ထင်ကြသည်။ အချို့သူတို့၏ အလွဲသုံးစား လုပ်မှုကြောင့် ဖြစ်သဖြင့် အကျယ်အကျယ် ဘယ်သူမှ အရေးယူမဆိုကြ။ သို့သော်လည်း ပညာရပ်ကို အထင်သေးခြင်းသည်လူသားဘဝ ဆုတ်ယုတ်ကြောင်းသာ ဖြစ်သည်။
လူအများသည် ဗေဒင်ပညာကို ယုံလွန်းသဖြင့် အမှားများ ဖြစ်ကြသည်။ ဗေဒင်ကို ဘာသာရေးထက်ပင် ယုံကြသည်။ ဗေဒင်သည် ခန့်မှန်းပညာမှန်း မသိ။ အတတ်ဟော နတ်ဟော ဆိုင်းဘုတ်များ အောက်တွင် ဝပ်တွားရိုကျိုးကြသည်။ ဘာသာရေး ဆရာတစ်ဦးကဲ့သို့ဗေဒင်ဆရာကို ယုံသည်။ ကိုးကွယ်သည်။ ယင်းအချက်သည် စဉ်းစားစရာ ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းသူ ၊ အတတ်ပြောသူ တို့ကိုမရှိခိုးသော်လည်း ၊ မိမိအိမ်ဆောက်လုပ်သူကို မရှိခိုးသော်လည်း ဗေဒင်ဆရာကို ရှိခိုးကြသည်။
ဗေဒင်ဆရာသည်သာမန် အတတ်ပညာရှင် တစ်ဦး သာ ဖြစ်သည်။ အတတ်ပညာရှင်တိုင်းကို ကိုးကွယ်မှု မလုပ်ဘဲ ဗေဒင်ဆရာကိုမှ ကိုးကွယ်ချင်ကြသည်။ ဗေဒင်ဆရာသည် သာမန် ဆရာတစ်ဦးသာ ဖြစ်သည်။ သာမန်ထက် ပိုမိုသော လေးစားမှု ကိုးကွယ်မှု မလုပ်သင့် ။ သာမန်ထက် ပိုလွန်းသူများကြောင့် အများ အမြင်ကပ်လာကြသည် ထင်သည်။ ဗေဒင်ဆရာသည် အနာဂတ်ကို ဆုပ်ကိုင်နိုင်ဖို့အနီးကပ်ကြည့်နိုင်ဖို့ကြိုးပမ်းသူသာ ဖြစ်သည်။သို့သော် ဗေဒင်ဆရာသည် သာမန် လူများ မကူညီနိုင်သည်ကို ကူညီနိုင်သည်။ အကယ်၍ ယင်းဆရာ၏ အကူအညီဖြင့် အောင်မြင်ခဲ့ဖူးသူသည် ယင်းဆရာကို ကျေးဇူးရှင် တစ်ဦးအဖြစ် ကိုးကွယ်ပေလိမ့်မည်။ ၎င်းကအစ အဆင့်ဆင့် အားကိုးသူ ကိုးကွယ်သူများ များလာတတ်သည်။
ယင်းသို့သော ကိစ္စသည် ကာယကံရှင်များသာ သိနိုင်ကြသည်။ အပြင်မြင် သူများ မသိနိုင်ကြ။ အပြင်မြင်ဖြင့် ကြည့်လျှင် နတ်တစ်ပါးကို ကိုးကွယ်သည် ထင်မည်။ ထိုသူကလည်း သူတို့အား နတ်တစ်ပါးလို မဖြစ်နိုင်သည်များကို ဖြစ်လာအောင် လုပ်ပေးထားသောကြောင့် ဖြစ်မည်။ဆရာတပည့် အဘယ်မျှ ကျေးဇူးရှိသည်ကို အပြင်သူများ နားမလည်နိုင်ကြချေ။ လူသည် မိမိပြဿနာကို ဖြေရှင်းပေးသူကို ကျေးဇူးတင်သည်။ဆရာတစ်ဦးက ကယ်တင်ဖူးခဲ့ပါက ထိုဆရာအား ကျေးဇူးတင်ထိုက် မထိုက် စဉ်းစားဝေဖန်ကြည့်သင့်သည်။
သမာသမတ်ကျသော ယုံကြည်မှုရှိဖို့လိုသည်။ မိမိကို ကူညီဖူးသူတိုင်းကို ကျေးဇူးတင်တတ်သော်လည်း ဗေဒင်ဆရာကို အဘယ်ကြောင့်ကိုးကွယ်လောက်အောင် အားကိုးသနည်း ။ ထင်ရှားပါသည်။ ထိုဗေဒင်ဆရာသည် အများမကူညီနိုင်သည်ကို ကူညီထားသောကြောင့်သာဖြစ်သည်။ တိုက်ဆိုင်မှုဖြစ်စေ ၊ စွမ်းလို့ဖြစ်စေ ၊ ပြဿနာ အောင်မြင်ဖို့သာ လိုသည်။ လူသည် တစ်ခါယုံပါက အမြဲတမ်း ယုံတတ်သဖြင့်အားနည်းသည်။ ထို့ကြောင့် တစ်ကြိမ်မှန်သော ဆရာကို အမြဲတမ်း မှန်မည်ဟု ယုံသည်။
ဗေဒင်ပညာကို ယုံသောအခါ အတတ်ပညာကို အခြေခံသော ဆရာကို ယုံသင့်သည်။ အချို့သည် အတတ်ပညာကို အခြေမခံဘဲ အကျင့်လိုလို၊ အစွဲလိုလို ၊ အကြားအမြင်ရလိုလိုဖြင့် ဟောပြောကြသည်။ လက်ခံသင့် – မသင့် မိမိ၏ လူသားဂုဏ်ကို စဉ်းစားသင့်သည်။ မိမိကို အတတ်ဟောသော်လည်းဖြစ်တတ်သော သဘောက်ို ပြောပြသဖြင့် တိုက်ဆိုင်မှု အဖြစ်သာ ယုံပါ။ နတ်ပူးပြောခြင်းဟု မယုံပါနှင့် ။ တစ်ချက်မှန်လိုက်ပြီဆိုလျှင် အားလုံး ယုံလိုက်သည်။ လူသည် အသည်းငယ်သည်။ တစ်ချက်မှန်ရုံဖြင့် ရင်ထဲက ယုံကလေး သေသည်။ နောက်ထပ် တောင့်ခံ မထားနိုင်။
မိန်းမသားသည် ပိုမို အသည်းငယ်သည်။ တိတိ ကျကျ မှန်ဖို့ပင် မလို။ ရှပ်ထိလျှင်ပင် သေသည်။ ” ငါ့သမီး သောကရောက်နေတာပဲ” ဆိုလိုက်ရုံဖြင့် မှန်လိုက်တာဆရာ စသဖြင့် တံခါးပွင့်သွားသည်။ စကားအားလုံး ပွင့်ထွက်လာသည်။ ယုန်လိုက်ဖမ်းဖူး သူများသိကြသည်။ ယုန်သည် အသည်းငယ်သည်။သူ့ကို မှန်အောင် ပစ်ဖို့ပင် မလို ။ အရာဝတ္ထု ကြီးကြီးဖြင့် သူ့ဘေးတွင် အသံကျယ်ကျယ် မြည်လိုက်ဖို့ပဲ လိုသည်။ ထိုအခါ သူသည် ဆက်မပြေးနိုင်တော့။လဲကျသွားတတ်သည်။ ထို့အတူ လူသား၏ မိမိတို့ရင်ထဲက ယုံကြည်မှု ယုန်လေးသည် တောလိုက်မုဆိုး ဗေဒင်ဆရာ၏ ပါးစပ်သရမ်းမှုကိုပင်မခံနိုင်။ ရှပ်မှန်ရုံဖြင့် လဲကျသည်။
ဗေဒင်ကို အတတ်ပညာ တစ်ခုအဖြစ်သာ ယုံကြည်ပြီး ကိုးကွယ်စရာ တစ်ခုအဖြစ် မယုံဖို့လိုအပ်သည်။ ဗေဒင်ပညာနှင့် ဆက်စပ်ပြီး အခြားသော ဘိုးတော်များ ၊ မယ်တော်များ အစွဲများ ကို စဉ်းစဉ်းစားစား ယုံသင့်သည်။ အတုက ပိုမိုအရောင်တောက်သဖြင့် အတုအစစ်ခွဲခြားရခက်သည်။ အစစ်ထက် အတုကိုပင် ရွေးချယ်မိမည်။
စေတနာကြီးသော ဆရာက အဘယ်သို့လည်ပင်း ညှစ်တောင်းမည်နည်း ။ ထို့အတူ ပညာမာန်ကြီးသော ဆရာက အဘယ်သို့အလကား ဟောမည်နည်း။
အတိုင်းအတာတော့ ရှိသင့်သည်။ ဤပညာသည် အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခု ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတစ်ခုဟု မဖွင့်ဆိုကြ။ရှေးဆရာများသည် မိမိ နေဖြစ်၊ စားဖြစ်အောင်သာ ရပ်တည်ကြသည်။ တောင်းကြသည်။ ယခုခေတ်တွင် ဆရာများသည် လုပ်ငန်းတစ်ခု အဖြစ်သဘောထားကြသည်။ လုပ်ငန်းသဘော တွက်လျှင် အမြတ်များမှသာ အဆင်ပြေသည်။ အဆင်ပြေအောင် တောင်းတော့မည် ဖြစ်သည်။ရှေးခေတ်တွင် ဆန်တစ်ပြည် ငွေတစ်မတ်သည် ထိုက်တန်သော ပေးဆပ်မှု ဖြစ်သည်။ ဆန်တစ်ပြည် စျေးသာသာသည် ပြည့်စုံသောထိုက်တန်သော တန်ဖိုးပင် ဖြစ်သည်။
အခြားသော ကုန်ပစ္စည်းသာ သတ်မှတ်ကြသည်။ ဝယ်ယူသောအခါ စျေးဆစ်ကြသည်။ ဗေဒင်တွက်သောအခါ စျေးမဆစ်ကြ။ အချို့ စျေးဆစ်သော်လည်းတောင်းပန်နေမှုသာ ဖြစ်သည်။ ဗေဒင်ပညာသည် လူတိုင်း အားကိုးလောက်သော ဟောကွက်များ ရှိသည်။ ထို့ကြောင့်လည်း လူများ ဗေဒင်ကိုဆွေးစွဲစွဲနေသည်။ ဗေဒင်မယုံသူသည် ယုံလောက်သော ဟောကွက်နှင့် မကြုံသေးသောကြောင့် ဖြစ်နိုင်သည်။ ယုံမိသောအခါ အရာရာကိုပင်စွဲမြဲတတ်သည်။ စိတ်စွဲသည့် အထိဆိုပါက အစွန်းရောက်နိုင်သည်။
ဗေဒင်ကို အစာတစ်ခုလို သုံးဆောင်ရသည်။ မိမိ အသက်ရှင်ဖို့အတွက် အထောက်အကူအဖြစ် အစာကို စားသည်။ မိမိပြဿနာ အဆင်ပြေဖို့အတွက်မိမိ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် တောင်ဝှေးတစ်ခု လုပ်ခြင်းသာ ဖြစ်သည်။ ဗေဒင်သည် အတိတ်ကို ဖော်ထုတ်ဖို့ပေါက်တူးတစ်လက်သာ ဖြစ်သည်။လူသားကို ဒူးထောက်စေမည့် ခြိမ်းခြောက်မှု မရှိ။ နှာခေါင်းရှုံ့စရာ ညစ်ပတ်သော ပညာလည်း မဟုတ်။ ဗေဒင်သည် ဗေဒင်သာ ဖြစ်သည်။နတ် မဟုတ် ။ ဇာတ်လည်း မဟုတ်။
ဤ ပညာဖြင့် မမြင်နိုင်သော အတိတ်ကို ရေးတေးတေး မြင်ရသည်။ မကြံစီနိုင်သော အနာဂတ်ကို ကြိုတင်ပိုင်ဆိုင်ထားနိုင်သည်။
ဘဝသည်ပုံစံခွက်ထဲက ကုန်ကြမ်းတစ်ခု ဖြစ်သည်။ သို့သော် အထိုက်အလျောက် ပြင်နိုင်သည်။ လူသည် လူနှင့် တူမည်။ နေပုံ ထိုင်ပုံ သွားပုံ လာပုံခွဲမရအောင် တူသည်။ စဉ်းစားပုံ တူသည် ။ လုပ်ဆောင်ပုံ တူသည်။ အကျိုးပေးပုံ တူသည်။ အရာအားလုံး တူသည်။ သို့သော် တူမယောင်ဖြင့်ကွဲနေသော ရာလည်း မရေတွက်နိုင်။ အပြင်ပန်း ကြည့်လျှင် အမွှာ နှစ်ဦး တူသည် ထင်သည်။ သေချာ စေ့စေ့ ကြည့်သောအခါ ခြားနားချက်များများလာသည် ။ ထို့အတူ လူသည် အခြေခံချင်း တူသော်လည်း အရာရာ ခြားနားနေသည်။
စရိုက်၊ နေပုံထိုင်ပုံ တို့သည် တစ်ဦး နှင့် ယှဉ်လျှင် ကွဲနေသည်။ အခြားသတ္တဝါနှင့် ယှင်လျှင်တော့ လူလူချင်း တူသည်။ လူလူချင်း ယှဉ်သောအခါ တစ်ဦးနှင့် တစ်ဦးသည် စဉ်းစားပုံချင်း မတူ၊ အကျိုးပေးချင်း မတူ။ မတူသည်ကို ဗေဒင်ပညာဖြင့် သက်သေပြဖို့ကြိုးပမ်းကြသည်။ လူတိုင်းမွေးချိန် ၊ မွေးနေရာများ မတူသဖြင့် များစွာ ကွဲလေသည်။ အမွှာ အချင်းချင်းပင် မတူသည်ကို ဗေဒင်ပညာက သက်သေပြပေမည်။ တစ်ဦးက အချိုကြိုက်လျှင် နောက်တစ်ဦးက အချဉ်ကြိုက်နေတတ်သည်။ ဘဝသည် အကောင်းအဆိုး ခြေနှစ်ဘက်ပေါ် လမ်းလျှောက်နေသည်။ခြေတစ်ဘက် က ကောင်းနေပါက နောက်တစ်ဖက်က ဆိုးသည်။ ရံခါ ခြေတစ်ဖက်ဖြင့် ကြာကြာရပ်ရသည်။ အကောင်းပေါ် ကြာကြာ ရပ်ပါကကောင်းကျိုးပေးသည်။ အဆိုးပေါ် ကြာကြာရပ်ပါက ဆိုးသည်။
မိမိတို့ခြေနှစ်ဘက်သည် ကံကြမ္မာပင် ဖြစ်သည်။ လူတိုင်း ကောင်းသော ဘက်တွင် ကြာကြာရပ်ချင်သည်။ ကောင်းသော ဘက်တွင် ကြာကြာ ရပ်နိုင်အောင် ဘာလုပ်သင့်သည်ကို ဗေဒင်ဆရာက ညွှန်ပြပေမည်။ ဆိုးသောဘက်က လွတ်အောင် ရှောင်နည်းကိုလည်း သင်ပေးလိမ့်မည်။ သင်သည် ရဲရဲလျှောက်လိုက်ပါ။ မိမိ နင်းထားသော အဆိုးသည် နောက်တစ်လှမ်းတွင် အကောင်းဖြစ်သွားမှာ ဖြစ်သည်။ ခံစားနေရသော ဒုက္ခကို အရှုံးမပေးပါနှင့်။ နောက်တစ်ခါ ရှုကြည့်ပါ ။ မွေးပျံ့သော ရနံ့ကို ခံစားရမည်ဖြစ်သည်။
ထို့ပြင် မိမိ ပိုင်ဆိုင်ထားသော နာမည် ၊ ဂုဏ်၊ စည်းစိမ်သည် နောက်တစ်လှမ်းတွင် ဖုန်မှုန့်ဖြစ်သွားချင် ဖြစ်သွားမည်။ လောင်ကျွမ်းသွားသော အခိုးအငွေ့နှင့် အတူ ပျောက်သွားမည်။ မိမိ ရပ်ထားသော ခြေလှမ်းက ကောင်းနေရင် နောက်တစ်လှမ်းအတွက် စဉ်းစားပါ။ အဆိုးမဖြစ်အောင် မိမိခြေကို ညွှန်ကြားပါ။ ကိုယ့်ကံကြမ္မာ ကိုယ့်ခြေပေါ်တွင် တည်ရှိသည်။ ဘယ်သူမှ ချုပ်ကိုင်ထားသည်မဟုတ် ။ ဗေဒင်ဆရာသည် မိမိကို ကြိုးကိုင်ထားသည်မဟုတ်။ လမ်းညွှန်မှုသာ ပေးနိုင်မည်။ ကိုယ့်ကြိုးကိုယ်ဆွဲ ကပွဲဆင်နေခြင်းပင် ဖြစ်သည်။
ဒေါက်တာ အရှင် ဉာဏဂ္ဂ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *