loading

တရုတ်ရိုးရာ ဗေဒင်ပညာ

  • Home
  • Blog
  • တရုတ်ရိုးရာ ဗေဒင်ပညာ

ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးတွင် မိမိတို့ လူမျိုးရိုးရာ ယဉ်ကျေးမှု ဓလေ့အလိုက် ဝေဒပညာများ တစ်မျိုးစီ ရှိကြ၍ တစ်မျိုးတစ်ဘာသာစီ ထူးခြားလှပေသည်။ သို့သော်လည်း တူညီသော အချက်ကလေးများလည်း အနည်းနှင့်အများ ရှိတတ်သည်။ မည်သည့်ဝေဒ ပညာရပ်နှင့်မျှ မတူအောင် ထူးခြားလှသော တရုတ်ဝေဒပညာမှာမူ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
တရုတ်တို့၏ ဝေဒပညာတွင် ဖေါ်ပြထားသော တိရစ္ဆာန်ရုပ်များမှာ ကျွန်ုပ်တို့ သိထားသော အရှေ့အနောက် နက္ခတ်ဗေဒင် ရာသီရုပ်များနှင့် မတူသလို၊ သဘောတရား အရလည်း မည်သို့မျှ မသက်ဆိုင်ပေ။ တရုတ်လူမျိုးတစ်ယောက်အား ၎င်း၏ဖွားရာသီကို မေးပါက နဂါး၊ ကျား၊ ယုန်၊ မြွေ၊ မျောက် စသော တိရစ္ဆာန်တစ်ကောင်၏ အမည်ကိုသာ ပြောပြပေလိမ့်မည်။ သို့ရာတွင် အများစုမှာ မွေးလ၊ မွေးရက်၊ မွေးချိန်တို့ကိုမူ မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ ယင်းတို့အတွက် အရေးကြီးဆုံးမှာ မွေးနှစ်သာ ဖြစ်သည်။ တရုတ်ဝေဒပညာတွင် ၁၂ နှစ် တာကာလများ သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်းအတွက် သီးခြား ရာသီရုပ်များ ရှိ၏။ မွေးနေ့နှင့် မွေးချိန်များအတွက် ဇာတာများ မိမိတို့၏ ရိုးရာအလိုက် ဖွဲ့လေ့ ရှိတတ်သော်လည်း မွေးနှစ်ကသာ အဓိက အဆုံးအဖြတ်ကို ပေး၏။
တရုတ်တို့၏ ရိုးရာအတွေးအခေါ်အတိုင်း တရုတ်ဗေဒင်ကိုလည်း “ယင်း” (Yin) နှင့် “ယန်း” (Yang) စနစ်အပေါ်တွင် အခြေခံထား၏။ ယင်းနှင့်ယန်းသည် စကြာဝဋ္ဌာတရား၏ အခြေခံများ ဖြစ်ကြသည်။ ယင်းတို့နှစ်ခု အမျိုးမျိုးသော အချိုးအဆတို့ဖြင့် ပေါင်းစပ်ထား၍ အရာရာတို့ကို ဖြစ်ပေါ်လာကြသည် ဆိုသည်။ “ယန်း” ကို မျဉ်းရှည်တစ်ခုဖြင့် ဖေါ်ပြ၍ “ယင်း” ကို မျဉ်းတိုနှစ်ခုဖြင့် ဖေါ်ပြလေ့ရှိသည်။ အနာဂတ်ဟောပြောမှုအတွက် ၎င်းတို့ကို မော့စ်ကြေးနန်း စကားဝှက်များ (Morse Code) သဖွယ် အသုံးပြုကြသည်။ ထင်ရှားသော တရုတ်ဗေဒင် အဟောကျမ်း ယီချင်းတွင် ယင်းနှင့် ယန်းကို အမျိုးမျိုးတွဲဖက်၍ ဟောပြထား၏။ ယန်းသည် နေမင်းနှင့်ပတ်သက်၍ ပုဂ္ဂိုလ်သဘာဝရှိ၏။ အပေါင်းလက္ခဏာဖြစ်၏။ တောက်ပ၏။ အပြုသဘောဆောင်၍ လှုပ်ရှားမှု အပြည့်ရှိသည်။
ယင်းမူကား လနှင့် ဆက်စပ်၏။ အနုတ်လက္ခဏာဖြစ်၏။ က္ကုတ္တိလိင် သဘာဝ ရှိ၏။ အမှောင်လွှမ်း၏။ ငြိမ်သက်၏။ အဖျက်သဘော ဆောင်သည်။ တရုတ်ရိုးရာ ဗေဒင်ပညာတွင် ရာသီစက်ဝန်းနှင့် ဂြိုဟ်တို့ကို ယင်းနှင့် ယန်းစနစ်ဖြင့် နှစ်မျိုးခွဲထားလေ့ ရှိကြသည်။
မဟာဘူတ ဓါတ်ကြီးလေးပါးအဖြစ် လေ၊ မီး၊ ရေ၊ မြေ ဟူ၍ ခွဲခြားထားသော်လည်း တရုတ်တို့က သစ်သား၊ မီး၊ မြေ၊ သတ္ထုနှင့် ရေ ဟူ၍ ငါးမျိုးခွဲထားပြီး ယင်းတို့ကို ကြာသပတေး၊ အင်္ဂါ၊ စနေ၊ သောကြာနှင့် ဗုဒ္ဓဟူးတို့က အစဉ်လိုက် အသီးသီးစောင့်ရှောက်ထားသည် ဆို၏။ ရှေးခေတ်က ဧကရာဇ်မင်းဆက်တိုင်း မဟာဘူတ ဓါတ်တစ်ပါးက အုပ်စိုးသည်ဟုလည်း အယူရှိကြသည်။ ဧကရာဇ်မင်းတစ်ဆက်ပြောင်းတိုင်း နတ်ဘုရားများက စိုးမိုးမည့် မဟာဘူတဓါတ်ကို အမှတ်သင်္ကေတ တစ်ခုဖြင့် ပြသည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် “ဟူအန်ဟီ” ဧကရာဇ်နန်းတက်သောအခါ တီကောင်ကြီးများနှင့် ပုရွက်ဆိတ်ကြီးများ ထင်ရှားပေါ်ထွန်း လာသည်ဆိုသည်။ ဤအတိတ် နိမိတ်များကို ဖတ်၍ အဓိပ္ပာယ်ဖေါ်ထုတ်ရာတွင် ထိုဘုရင်က “မြေဓါတ်စိုးမိုးမည့် လက္ခဏာဖြစ်သည်။ မြေဓါတ်၏ အရောင်ဖြစ်သော အဝါရောင် ငါတို့ အသုံးပြုရမည်။ ငါတို့၏ ကိစ္စအဝဝကို မြေ၌ အခြေခံ တည်စေရမည်” ဟု မိန့်တော်မူ၏။
ဂြိုဟ်တိုင်ကို စိုးမိုးသော မဟာဘူတ ဓါတ်ကြီးတစ်ပါးစီအပြင် ယင်းနှင့် ယန်းတို့၏ သဘောသဘာဝကိုလည်း ထည့်သွင်းစဉ်းစားရသေးသည်။ ယင်း၏သဘောမှာ သဘာဝအတိုင်းဖြစ်၍ ယန်းမှာ ပြုပြင်စီစဉ်ထားသော သဘောရှိသည်။ ဥပမာအားဖြင့် ကြာသပတေး ဂြိုဟ်ကို ယင်းသဘောဖြင့် ဖွင့်ဆိုပါက တောတွင်းရှိ သဘာဝသစ်ပင်မှ သစ်သားကို ဆိုလိုသည်။ ယန်းသဘောအားဖြင့်မူ ပန်းပုထုထားသော သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသော သစ်သားကို ဆိုလိုပေသည်။
တရုတ် ဝေဒပညာတွင် ရာသီရုပ် တိရစ္ဆာန် ၁၂ ကောင်သည် ၁၂ နှစ်တစ်ပတ်ကာလကို စိုးမိုးသည့်အပြင် ၂၄ နာရီ (တစ်နေ့တာ)ကိုလည်း စိုးမိုးထားပြန်သည်။ ဤစနစ်ကို တစ်နည်းအားဖြင့် လဗိမာန်ဘုံ ၁၂ ဆင့် ဟုတင်စား၍ လပြည့်လကွယ် ရက်များဖြင့် တွက်ယူသော ပြက္ခဒိန်လများ ဖွဲ့ယူသည်။ ထို့ကြောင့် တရုတ်ဇာတာ တစ်စောင်သည် သာမန်လူတို့အဖို့ ရှုပ်ထွေး ခက်ခဲလှသည်။ သို့ကလို တရုတ် ဝေဒပညာရှင်များသည် နှစ်များကို တိရစ္ဆာန် ၁၂ ကောင်တို့၏ အမည်များဖြင့် သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်ခဲ့ပြီဟု သိရသည်။
အဆိုပါ တိရစ္ဆာန် ၁၂ ကောင်၏ အမည်များမှာ
၁။ ကြွက်၊
၂။ႏြား၊
၃။ကျား၊
၄။ ယုန်၊
၅။ နဂါး၊
၆။ မြွေ ၊
၇။ မြင်း၊
၈။ဆိတ်၊
၉။ မျောက်၊
၁၀။ ကြက်၊
၁၁။ခွေးနှင့်
၁၂။ဝက် တို့ ဖြစ်ကြသည်။
တရုတ်ဗေဒင်စနစ်အရ တည်ဆောက်ထားသော ရာသီစက်ဝန်း ကောက်ကိန်းကို အောက်တွင် ဖော်ပြလိုက်ပါသည်။ မိမိ၏ မွေးခုနှစ်ကို သိရှိပါက မိမိသည် မည်သည့်တိရစ္ဆာန် ရာသီနှစ်တွင် ဖွားမြင်ကြောင်း အလွယ်တကူ သိရှိနိုင်ပေသည်။ တရုတ်တို့၏ ဗေဒင်ပညာဖြင့် ဟောကိန်းသိရှိလိုသူများအတွက် ၁၂ ရာသီ အဟောများကို အကျဉ်းချုပ် ဖေါ်ပြပေးပါ့မည်။ တရုတ်တို့၏ နှစ်သစ်ကူးချိန်သည် ဇန်နဝါရီလတွင် မဟုတ်ဘဲ ဖေဖေါ်ဝါရီလတွင် ကျရောက်ကြောင်း သတိပြုရန် ဖြစ်သည်။ဒီနှစ် 2015အနေနဲ့ တရုတ်နှစ်ကူးသည် ဖေဖော်ဝါရီ 19ရက်ဖြစ်သည်။
ဖေဖော်ဝါရီ 19မတိုင်ခင်ကာလသည် မြင်းနှစ်ဖြစ်ပြီး
19 ရက်နောက်ပိုင်းကာလများသည်
ဆိတ်နှစ်ဖွားများဖြစ်ကြသည်။
● တရုတ်ရိုးရာ ဗေဒင်တွက်နည်း
မိမိမွေးသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ဖြစ်ပါက မြန်မာသက္ကရာဇ်ကိုတည် (၁) ခုနှုတ်၍ (၁၂)ဖြင့်စားပါက။ အကြွင်းကို ကြည့်၍ ဟောဆိုပါ။ သို့မဟုတ် ခရစ်သက္ကရာဇ်ဖြစ်ပါက ခရစ်သက္ကရာဇ်ကိုတည် (၃)ဖြင့်နုတ်၍ (၁၂) ဖြင့် စားပါ။ အကြွင်းကိုကြည့်၍ ဟောဆိုပါ။
ဥပမာ ဒီနှစ်ဆိုကြပါစို့။ ခရစ်နှစ်က2015
2015_3 =2012
2012÷12=8 ကြွင်းပါတယ်။အပေါ်က တိရစ္ဆာန် ၁၂ ကောင်နေရာမှာကြည့်လိုက်ရင်
နံပါတ် ၈ မှာ ဆိတ်ရှိတာတွေ့ရမှာပါ။2015ဟာ ဆိတ်နှစ်ပေါ့ဗျာ။
ဗမာလိုပဲသိတဲ့သူတွေကို ဥပမာအနေနဲ့တွက်ပြရရင် ဒီနှစ်က ဗမာလို၁၃၇၇ခုပေါ့
၁၃၇၇-၁ =၁၃၇၆
၁၃၇၆÷၁၂=၈ ကြွင်းတယ်။ အဲဒါဆို နံပါတ်
၈ နေရာမှာ ဆိတ် ရှိတော့ သူတို့လဲဆိတ်နှစ်ဖွားပေါ့ဗျ။ နားလည်ကြမယ်လို့ထင်ပါတယ်။
ရာသီ၁၂ကောင်ရဲ့ တစ်ကောင်ချင်းစီအဟောအကျဉ်းချုပ်တွေကိုမနက်ဖြန်ကစလို့ တစ်နေ့တစ်ခုဆီ တင်ပြပေးပါ့မယ်။ကျွန်တော့်ဗေဒင် ပရိသတ်များအားလုံး ကျေနပ်မယ်ထင်ပါတယ်။
ဆရာငြိမ်းအေးလူ
Ref; တရုတ်ရိုးရာဗေဒင်ပညာ
သန်းဝင်းလှိုင်

Leave a Reply

Your email address will not be published. Required fields are marked *