loading

ဒီနှစ်ထဲမှာ အချစ်ရေးပြေလည်မလား၊
ချစ်သူ နဲ့ အဆင်ပြေမလား၊ ရည်ရွယ်ထားတဲ့သူနဲ့ လက်ထပ်ဖြစ်မလား ချစ်သူအသစ်တွေ့ဦးမလား
ချစ်သူနဲ့ ကွဲမလားဆိုတာတွေ မသိချင်ဘူးလား
အဲဒီလိုနှလုံး သားရေးနဲ့ ပတ်သက်တဲ့ပြဿနာလေးတွေ ကြိုတင် သိချင်သူတွေအတွက် သက်ရောက်ဟောကိန်းလေးတွေကို ပြောပြပါ့မယ်။
တစ်ခုတော့ရှိတယ်ဗျ။ လက်ဆန်းဗေဒင်နားလည်တဲ့သူဆိုရင်တော့ကိုယ်ဘယ်ရောက်လဲသိပေမဲ့ ဗေဒင်နဲ့မရင်းနှီးရင်တော့ တွက်ပုံတွက်နည်းပြောပြပါ့မယ်။
ကိုယ့်ရဲ့အသက်နဲ့မွေးနံသိဖို့တော့ လိုမှာပါ။ ဒါတွေသိပြီးယင်တော့ သိချင်တာလေးတွေ
ကြိုတင်ပြီးသိနိုင်ပါပြီ၊ တစ်ခုပြောချင်တာက မိမိက ဒီနေ့အသက်၂၀ တင်းတင်းပြည့်ပြီ
ဆိုပါစို့ဗျာ ။ မနက်ဖြန်ဆို အသက် ၂၁ထဲရောက်ပြီလို့ဆိုနိုင်ပါတယ်။ အဲဒီတော့ အသက်၂၁နဲ့ တွက်ရမယ်ပေါ့ဗျ
ကဲ …. တွက်ကြည့်ရအောင် –
ပထမဦးစွာ သက်ရောက် ၈မျိုးကို အရင်သိရပါ့မယ်။ဒါမှလဲဘယ်သက်ရောက်မှဘာဖြစ်မယ်သိနိုင်ပါလိမ့်မယ်
၁။ တနင်္ဂနွေ သက်ရောက်
၂။ တနင်္လာ သက်ရောက်
၃။အင်္ဂါ သက်ရောက်
၄။ဗုဒ္ဓဟူး သက်ရောက်
၅။ စနေ သက်ရောက်
၆။ကြာသပတေး သက်ရောက်
၇။ရာဟု သက်ရောက်
၈။သောကြာ သက်ရောက်
ဒုတိယအနေနဲ့ကတော့ကိုယ့်ရဲ့အသက်ကိုသိထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအသက်ကိုတည်ပြီး (၈) နဲ့ စားရမယ်။ရလာဒ်ကိုသုံးစရာမလိုဘူး။ အကြွင်းကိုပဲသုံးရမယ်။ တကယ်လို့ ၈နဲ့စားလို့ပြတ်ယင် ၈ကြွင်းတယ်လို့ပဲသတ်မှတ်ယူဆရမယ် မှတ်မိပြီနော်။
ကိုယ့်အသက်ကိုတည်ပြီး ၈နဲ့စားလို့ရတဲ့ အကြွင်းတန်ဖိုးအတိုင်း မိမိမွေးနံကစပြီး ရေတွက်သွားရမယ်။
ရေတွက်သွားရမယ့်အကွက်တွေ
ကိုတစ်ကွက်ပြီးတစ်ကွက်ရေတွက်ရာမှာနာရီလက်တံရစ်ပတ်တဲ့အတိုင်း
လက်ယာရစ်ရစ်ပတ်သွား
ရမယ်။
အကြွင်းအရေအတွက်စေ့သွားတဲ့နေ့ကို မှတ်ထားပြီး
သက်ရောက်ဟောကိန်းတွေ
အကြောင်းကိုဖတ်ကြည့်ရင် ဒီနှစ်ထဲမှာတွေ့ကြုံရမယ့် နှလုံးသား
ရေးရာ ကိစ္စလေးတွေကို သိရပါလိမ့်မယ်။
ဥပမာလေးတခုလောက်တွက်ကြည့်ရအောင်၊ အသက် ၂၀ – ရှိတဲ့ ကြာသပတေးသမီးအတွက်တွက်ကြည့်ရင် -၂၀- ကို ၈ – နဲ့စားယင် ၄ – ကြွင်းမယ်။ကြာသပတေးသမီးကို အောက်မှာဖော်ပြထားတဲ့ အဌလဂ်ဂြိုဟ်ခွင်ပုံအတိုင်း ကြာသပတေးကနေ နာရီလက်တံအတိုင်းစရေရမယ်။
ဒါဆို ၄- ကွက်မြောက်တဲ့အကွက်ဟာ တနင်္ဂနွေ မဟုတ်လား။
ဒါကြောင့် သူ့အတွက်က တနင်္ဂနွေသက်ရောက် ဟောကိန်းတွေကိုကြည့်ရ ပါလိမ့်မယ်။
အသက်၂၇ နှစ်ရှိတဲ့ အင်္ဂါသားသမီးဆို့ပါစို့
၂၇ကို ၈နဲ့စားတော့ ၃ကြွင်းတယ်။အကြွင်းအတိုင်း အင်္ဂါကနေ အောက်ပါပုံအတိုင်းနာရီလက်တံပုံစံ စတင်ရေတွက်တော့
အင်္ဂါက တစ် ၊ဗုဒ္ဓဟူးက နှစ် ၊ စနေက သုံးပါ။ အကြွင်းက ၃ဖြစ်တဲ့အတွက် စနေသက်ရောက်ထဲမှာပါ။ ဒါကြောင့်စနေသက်ရောက်
ဟောကိန်းလေးတွေဖတ်ကြည့်ပေါ့ဗျာ
ကဲသဘောပေါက်ပြီဆို ကိုယ့်ကိုယ်ကိုတွက် ချက်ပြီး ဟောကိန်းတွေသာ
ဖတ်ကြည့်ပေတော့။
၁။ တနင်္ဂနွေ သက်ရောက်
ဒီနှစ်ထဲမှာ အချစ်ရေးကံသိပ်မကောင်းပါဘူး၊ကိုယ်ကစွဲစွဲလမ်းလမ်းချစ်နေမယ့်သူကကိုယ့်အချစ်ကိုဂရုမစိုက်ဘူး၊ကိုယ့်ရဲ့
အကောင်းဆုံးလုပ်ရပ်တွေဟာသူ့အတွက်ပျော်ရွှင်စရာတခုလိုဖြစ်နေတက်ပါတယ်။
သူ့ကို ကိုယ်ကချစ်နေမှန်း စွဲလမ်းနေမှန်းလဲ သူသိတယ်။ ဒါပေမယ့် သူကကိုယ့်ကို ချစ်ကြည့်လို့မရပဲဖြစ်နေတယ်။ သူငယ်ချင်းအဖြစ် ခင်တာထက်မပိုနိုင်ဘူး။ကိုယ့်နဲ့သူ့အကြားမှာထူးခြားတဲ့သံယောဇဉ်ယှဉ်နွယ်မနေနိုင်ဘူး။
ဒါကလဲ အကြောင်းရှိပါတယ်။ကိုယ်ကစွဲလမ်း
နေတဲ့သူ့မှာက သံယောဇဉ်ထားရမယ့်ရှိပြီးသားဖြစ် နေလို့ပါ၊ ဒါမှမဟုတ်လဲစေ့စပ်ထားတဲ့လူ၊ လူကြီးချင်း
သဘောတူထားတဲ့လူ ရှိနေလို့ပါ။
ဒါပေမယ့်အားမလျော့ပါနှင့်၊မျှော်လင့်ခြင်း ဆိုတာ သံယောဇဉ်သမားတွေရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်လား။
၂။ တနင်္လာ သက်ရောက်
ကိုယ့်ရဲ့ လုပ်ဆောင်မှုလေးတွေဟာ အလိုလိုနေယင်း နာမည်ကျော်ကြားနေတတ်တယ်၊ ဒါကြောင့် ဒီနှစ်ထဲမှာ စန်းပွင့်နေတဲ့အတွက် နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး သောကကင်းဝေးရမယ်၊ ချစ်သူနဲ့အတူ တွဲတွဲသွားသွား ရှိတာကြောင့်သာယာကြည်နူးရမယ်။ ချစ်သူဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ဒါပေမယ့်တစ်ခါ တစ်ခါစိတ်ကောက်တတ်တယ်၊အကြောင်းမရှိအကြောင်းရှာပြီးဖြစ်စေ၊အပြစ်မရှိအပြစ်ရှာပြီးဖြစ်စေ၊ စိတ်ကောက်တာမျိုးပေါ့။
သတိထားစရာတစ်ခုတော့ရှိပါတယ်၊ရေကန်နားမြစ်ကမ်းနံဘေးနားမှာတေ့ာ အတူသွားသွားပြီး မထိုင်ပါနဲ့၊ မမျှော်လင့်ပဲအန္တရာယ်တစ်ခုခုတွေ့ ကြုံရတတ်ပါတယ်၊ ချစ်သူကကိုယ့်ကို အဖိုးတန်လက်ဆောင်တွေပေးတတ်ပါတယ်။အမှတ်တရသိမ်းထားသင့်တဲ့လက်ဆောင်တွေမို့ အဲဒီအတွက်ဝမ်းသာကြည်နူးရပါမယ်၊ ဘာပဲပြောပြော တနင်္လာသက်ရောက်နှစ်ဟာနှလုံးသားရေးရာ ကံကောင်းတဲ့နှစ်ပါပဲ။
၃။အင်္ဂါ သက်ရောက်
ကိုယ့်ကိုမကြည်ဖြူတဲ့မိန်းကလေးတစ်ချို့ကြောင့်(ညီမတို့အတွက် ဆိုယင် ယောင်္ကျားလေးတစ်ယောက်ယောက်ကြောင့်) အချစ်သောကပွားရ တတ်ပါတယ်၊ ချစ်ခရီးရဲ့အနှောက်အယှက်တွေကို ဒီနှစ်ထဲမှာ ခဏခဏတွေ့ရမယ်၊ အဲဒီအနှောက် အယှက်တွေကြောင့် ချစ်သူကကိုယ့်ကို အပြစ်မြင် မယ်၊ အပြစ်ထင်မယ်။ ဖြေရှင်းလို့မရတဲ့ပြဿနာ တွေမို့ကိုယ်ကမှန်လျှင်မှန်ရက်သားနဲ့
ရေငုံနှုတ်ပိတ် ဖြစ်နေရတတ်တယ်။ ကိုယ့်ရဲ့တစ်ခြားပြဿနာတွေကလည်းချစ်သူအတွက် စိတ်မကြည်စရာတွေဖြစ်နေတက်တယ်၊ ဒီကြားထဲအ ခြေအနေအရပ်ရပ်က ချစ်သူရဲ့အလိုကို မဖြည့်စွမ်းနိုင်တာကြောင့်ပိုပြီးသောကပွားစရာလေးတွေဖြစ်လာရတယ်။ အဆုံးမှာတော့သူနဲ့ကိုယ်ဟာချစ် ခရီးကို အတူတွဲမလျှောက်နိုင်တော့ပဲ လမ်းခွဲရတတ် ပါတယ်။ ချစ်သူရဲ့အမုန်းဒဏ်ကြောင့် ချစ်ဝေနာလေး တွေခံစားရရှိနိုင်ပါတယ်။
ဗုဒ္ဓဟူး သက်ရောက်
ဒီနှစ်ထဲမှာချစ်ရမယ့်သူနဲ့တွေ့ကြုံနိုင်ပါတယ်၊ သူဟာကိုယ့်ရဲ့အရှေ့တောင်အရပ်ကဖြစ်ဖို့များပါတယ်။ ပြီးတော့ သူဟာကိုယ့်ကိုသာယာချမ်းမြေ့မှု ပေးစွမ်းနိုင်မယ့် သူလို့လဲ ယူဆနိုင်ပါတယ်၊အထူးသဖြင့်သူဟာအလှအပကြိုက်နှစ်သက်သူဖြစ်တတ်ပါတယ်၊ ဒါပေမယ့် စိတ်ကူးထက် လက်တွေ့ကို ကြိုက်နှစ် သက်သူဖြစ်တတ်ပါတယ်၊
ချစ်သူရှိပြီးသား သူတွေအဖို့တော့ ဘာမှထူး ထူးခြားခြား မရှိနိုင်ပါဘူး၊ သာယာချမ်းမြေ့တဲ့အချစ် သက်တမ်းကာလလေးပါ။ အဲတစ်ခုတော့ရှိပါတယ်၊ တစ်ချိန်ကချစ်ခဲ့ဖူးသူတစ်ယောက်ယောက်ရှိခဲ့ယင်တော့ သူရဲ့ စွမ်းဆောင်မှုကြောင့်သောကပွားရ တတ်ပါတယ်၊ လက်ရှိချစ်သူက သဘောထားကြီးလို့ တော်သေးတာပေါ့။
စနေ သက်ရောက်
မိန်းကလေးတွေနဲ့ အစေးမကပ်တဲ့နှစ်လို့
ဆိုယင်မှားမယ်မထင်ပါဘူး၊ တစ်နည်းအားဖြင့်အချစ်ကိုစိတ်မဝင်စားပဲဖြစ်နေတတ်ပါတယ်၊ အချစ်ကိုခုံမင် သာယာမိတဲ့စိတ်ထက်ငြီးငွေ့တဲ့စိတ်ကပိုများနေ တတ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးမယဉ် ချင်တော့တဲ့သဘောပါ။ ဒါပေမယ့် မိန်းကလေးတွေနဲ့ပတ်သက်တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ကြုံနေရဦးမှာပါ သူများတွေရဲ့နှလုံးသားကိစ္စတွေ၊ ပြဿနာကိစ္စတွေကြားမှာကိုယ်ကဓားစာခံဖြစ်ဖြစ်နေတတ်ပါတယ်။
ကိုယ်ကသံယောဇဉ်မကင်းနိုင်တဲ့သူတွေ ကြောင့်ပိုပြီး စိတ်ညစ်ရမယ်၊ ဒါတွေကြောင့်လည်း အချစ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပိုပြီးစိတ်ကုန်လာတာပေါ့။
ကြာသပတေးသက်ရောက်
အချစ်နဲ့ပတ်သက်ပြီး ပျော်စရာအကောင်း ဆုံး ကာလပါ။ ချစ်သူနဲ့စိတ်သဘောထားခြင်းတိုက် ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးရမယ်၊ ချစ်သူ ဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ကိုယ်လုပ်ဆောင်တဲ့ ကိစ္စတွေမှာပါဝင်ကုညီဆောင်ရွက်လေ့ရှိမယ်။ ချစ်သူထံကလဲ အဖိုးတန်လက်ဆောင်တွေရမယ်။
ချစ်သူမဖြစ်သေးယင်လဲ ကိုယ်ကစွဲလမ်းနေ သူရဲ့ခေါင်းညိတ်အဖြေစကားကို ကြားရမယ်၊ ချစ်သူ ဟာကိုယ့်အလိုဆန္ဒကို လိုက်လျောလွန်းတာကြောင့် သတိတရားတော့ရှိရမယ်၊ ချစ်သူအပေါ် စောင့်ထိန်း ရမယ့် သိက္ခာတရားကို စောင့်သိရမယ် မဟုတ်ရင် တော့ကျူးကျူးလွန်လွန်တွေဖြစ်ပြီး စိတ်ညစ်ရပါမယ်၊ ကိုယ်ကထိန်းသိမ်းတာတောင်မှတစ်ခြား မိန်းကလေး တွေရဲ့အဖျက်စကားကြောင့် ဒုက္ခရောက်ရှိတတ် ပါ တယ်။
ဒါတွေသိထားဆင်ခြင်ယင်တော့နှလုံးသားရေးရာနဲ့ပတ်သက်ပြီး ဘာမှစိတ်သောကပွားစရာမလိုပါဘူး။
ရာဟုသက်ရောက် ချစ်သူဟာကိုယ်အပေါ်ကိုမကောင်းမြင်နေလိမ့်မယ်၊ သံသယတွေဝင်နေတယ် ဆိုပါတော့၊ သူ့ဆီက မျှော်လင့်ချက် တစ်ခုခုကြောင့်ဟန်ဆောင်အချစ်နဲ့ ချစ်နေတယ်လို့ထင်နေတယ်လေ။ ဒီတော့ သူက နာကျင်နေလိမ့်မယ်။ ကိုယ်ကမဖြေရှင်းနိုင်တဲ့ ပြဿနာတွေ လုပ်ဆောင်တာကြောင့်ပဲဖြစ်စေ၊ သူက မကြိုက်တာတွေ ကျူးလွန်လို့ပဲဖြစ်စေ၊ တစ်ယောက် နဲ့တစ်ယောက်ကတောက်ကဆဖြစ်ပြီးမုန်းကြရတတ် ပါတယ်။
ကိုယ်ကိုယ်နှိုက်ကလည်းတခြားအဆင်မပြေစရာတွေ၊ စိတ်ညစ်စရာတွေကြုံနေရတာကြောင့် သူ့ရဲ့ ပြစ်တင်ပြောဆိုမှုကို မခံနိုင်ပဲအတိုက်အခံတွေဖြစ်လာ တတ်တယ်။ ဒီအတိုက်အခံတွေရဲ့ နောက်ဆုံး ရလဒ်ကတော့ သံယောဇဉ်ကြိုးလေးပြတ်တောက်သွားရခြင်းပါပဲ။
ချစ်သူဆီက အချစ်အဖြေကိုတောင်းခံငံ့လင့်
နေသူတွေအတွက်တော့ ဒီနှစ်ထဲမှာစိတ်ချမ်းသာရ မယ့်အဖြေ မရရှိနိုင်ဘူး၊ သူဟာကိုယ့်ရဲ့စကားတွေ ကို မယုံမကြည်ဖြစ်နေသေးတယ်။ ပြီးတော့ကိုယ့်ရဲ့ အားနည်းချက်တစ်ချို့ကြောင့် အထင်သေးပြီးချစ်ဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။
သောကြာသက်ရောက် ကိုယ်ချစ်နေတဲ့သူဆီကချစ်စကားအဖြေပေးရနိုင်သလိုညီမတို့အဖို့လဲကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့ ခင်မင်ရင်းနှီးပြီးချစ်စကားပြောလာတာကိုကြားရမယ်။ တကယ်တော့ ဒီကာလဟာ ချစ်သူနှစ်ဦး အတွက် ပျော်စရာအကောင်းဆုံးသာယာချမ်းမြေ့ဖို့ အကောင်းဆုံးကာလပါ။ ချစ်နေပြီးသူတွေ။ လက် ထပ်ဖို့ တာစူနေကြသူတွေဆိုယင်တော့ ဒီနှစ်ထဲမှာ ထိမ်းမြားဖို့ အခြေအနေပေးတက်ပါတယ်။ ဘယ်လို အနှောင့်အယှက်မျိုးတွေပဲ ရှိနေနေ၊ လက်ထပ်ဖို့စီ စဉ်ထားယင် မလွဲမသွေအောင်မြင်မှာပါ။
ချစ်သူဘဝမှာ ပျော်ရွှင်ကြည်နူးရသလို တစ်ဘက် ကလည်း ရာထူးတက်နိုင်တယ်။ စာမေးပွဲတွေ အောင်နိုင်တယ်။ ဆောင်ရွက်ထားတဲ့ ကိစ္စတွေပြီး ပြတ်နိုင်တယ်။ ဒါ့ကြောင့် တစ်ခြားလူမှုရေးသောက၊ စီးပွားရေးသောကပညာရေးသောကတွေ ကင်းစင် နေတာကြောင့် အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးသမျှ အကောင်အထည်ဖော်ပြီး ချစ်နိုင်ကြပါတယ်။
ဒါဆိုကျေနပ်စရာ ကောင်းပါပြီနော် ………။
Ref; Sayar Dagon
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *