၁၃၈၆ ခုနှစ်အတွင်း တနင်္လာသားသမီးများဟာထင်မထားတဲ့ အချိုးအကွေးတွေကိုကြုံရတတ်ပါတယ်။ လမ်းဟောင်းကို လိုက်ပြီးလုပ်နေသမျှအဆင်ပြေဖို့ ခက်ခဲပါတယ်။ ခေတ်အခြေအနေကိုရှု့မြင်သုံးသပ်ပြီး ပြုပြင်သင့် တာကို ပြုပြင်ပါ။ ပြောင်းလဲသင့်တာကို ပြောင်းလဲပါ။ လမ်းအိုနောက်လိုက်သူများ သိပ်အဆင်မပြေဘဲ အခက်အခဲတွေ နဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းရောက်လာပြီးဆို အရင်ကတည်းက အကျိုးအမြတ်ကို မကြည့်ဘဲ မေတ္တာရှေ့ ထားပြီး ဆောင်ရွက်ပေးခဲ့တဲ့ကိစ္စတွေကနေ အကျိုးအမြတ်ရလာနိုင်သလို မိမိကူညီခဲ့ဖူးသူတွေကလဲ ပြန်လည်ပြီး စောင့်ရှောက်ကူညီပေးခြင်းကို ပြန်လည်ရရှိတတ်ပါတယ်။ အနစ်နာခံဆောင်ရွက်ထားသမျှ ကောင်းသောအကျိုးဆက် တွေကို ပြန်ရတတ်ပါတယ်။

သတိထားရမှာက အတွေးမချော်မိပါစေနဲ့။ လျှောက်သောလမ်းမှာ စမ်းတဝါးဝါးဆိုတဲ့စကားလိုပဲ…လမ်းမသိဘဲ သွားနေသလိုဖြစ်တတ်သလို…ခရီးမရောက်တဲ့လမ်းကိုလျှောက်မိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတာ အလှမ်းဝေးနေတာလား…အဆင်ပြေဖို့လုပ်ပေမဲ့ ထင်သလိုမဖြစ်ဘူးဆိုကိုယ်ဘာမှားနေလဲ သေချာလေ့လာသင့်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အလွယ်လမ်းမလိုက်မိပါစေနဲ့။ အခက်အခဲတွေရှိလာရင်လဲ ဘယ်လိုရင်ဆိုင်ရ မလဲဆိုတာကို ခေါင်းအေးအေးနဲ့စဉ်းစားဆောင်ရွက်ပါ။ ဒီလိုနှစ်မျိုးက သာမန်ရိုးကျဆောင်ရွက်ခြင်းတွေကို သတိထား ဆောင်ရွက်ပါ။ မိမိက လမ်းကြောင်းမှန် အဆင်ပြေနေတယ်ဆိုရင်လဲ မှေးနေပါ။တစ်ခုခုကို ခဲရာခဲဆစ်လုပ်မှရနိုင်တာ မျိုးတွေကို အဟုတ်ထင်ပြီး မလုပ်ကြည့်မိဖို့လိုပါတယ်။
🧑🏭အလုပ်အကိုင်နှင့်စီးပွားရေး
အလုပ်ကံအားကောင်းလာဆိုတော့ အနည်းငယ်ကြပ်တည်းတယ်လို့ပြောလို့ရတယ်..။ကိုယ်ကလမ်းကြောင်းမှန် ပေါ်ရောက်ပြီးလုပ်ငန်းပိုင်းအဆင်ပြေနေသူဆို အဲအတိုင်းထိန်းထားပါ။ အဲဒါကို ထိန်းမထားဘဲ သူများလုပ်နေတာကို အဆင်ပြေတာမြင်ပြီး ကိုယ်လုပ်ရင် ရမှပဲထင်ပြီးလိုက်မလုပ်ပါနဲ့ဗျ။ ဝန်ထမ်းလခစားဆိုရင်လဲ လက်ရှိနေရာအိုကေနေ တယ်ဆိုရင် မပြောင်းရအောင် သေချာကြိုးစားလုပ်ပါ။ မိမိ စွမ်းဆောင်ရည်မကောင်းလို့ပဲဖြစ်ဖြစ်၊ရာထူးတိုးကြောင့် နေရာပြောင်းရွေ့ရတာမျိုးတွေကြုံရတတ်ပါတယ်။အဲလိုကြုံရပြီဆိုရင်တော့ ရောက်တဲ့နေရာမှာ ပိုပင်ပန်းတာမျိုးတွေ ပိုမိုဖိအားများတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေကြေးနောက်လိုက်ပြီး အောက်ဆိုက်ရှာမိရင်လဲ နည်းနည်းအန္တရာယ် များတဲ့နှစ်ဖြစ်နေတတ်ပါတယ်။ တတ်နိုင်သမျှရိုးရိုးသားသားနဲ့ ကြိုးစားလုပ်ပါ။ကျောထောက်နောက်ခံကူညီပေးမဲ့သူ တွေပေါ်လာတတ်ပါတယ်။ မိမိကိုအားကိုးပြီး မိမိဆီကငွေအားကိုယူပြီး အကျိုးတူလုပ်မယ်ပြောရင်တော့ သတိထားပါ။ ဒီနှစ်မှာ မိမိရဲ့ ငွေအားနဲ့လုပ်မလား…ဥာဏ်အားနဲ့လုပ်မလား..ရွေးပေးရရင် ဥာဏ်အားကိုအသုံးပြုပါ။ ငွေရှိလို့ ကိုယ်က ငွေစိုက် အခြားသူကို ပညာစိုက်ပြီးလုပ်မဲ့ကိစ္စတွေမှာ နည်းနည်းစဉ်းစားပါအုံးဗျ..။
ကိုယ်ပိုင်စီးပွားရေးသမားတွေအနေနဲ့…ပြောင်းလဲလာတဲ့ခေတ်အနေအထားအရ ပြောင်းပြီးလုပ်မှရတော့မယ် လို့ မြင်ရင် ပြောင်းလိုက်ပါ။ဈေးဆိုင်တွေအနေနဲ့..ဈေးအပြောင်းအလဲ ၊menu အပြောင်းအလဲလုပ်ပါ။ ကိုယ့်product ကို သေချာလိုအပ်တာတွေစစ်ဆေးပြီးပြင်ဆင်ပါ။ ခေတ်နဲ့အညီအပြောင်းအလဲ လုပ်နိုင်ရင် အဆင်ပြေတိုးတတ်ပါလိမ့် မယ်။
💰ငွေကြေး ကံကြမ္မာ
ငွေကြေးကံက မြင့်မားနေတတ်ပါတယ်။ငွေက ဝင်လာဖို့ရှိပါတယ်။ ရမယ်လို့ ထင်ထားတဲ့နေရာကနေ ငွေမဝင် ဘဲ မထင်မှတ်ထားသော နေရာကနေ ငွေဝင်တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်ထားပြီးလုပ်နေ တာမျိုးကိုရှောင်ပါ။ ဆန့်ကျင်ဘက်အကြောင်းတရားတွေကနေ ငွေရတတ်တာမို့ အနီးအနားကလူတွေထက် အဝေးက လူတွေဆီကနေ ငွေရတတ်တာမျိုးတွေ၊ဖောက်သည်ဟောင်းတွေထက် ဖောက်သည်သစ်တွေကနေ ငွေပိုစီးဝင်တာမျိုး တွေကြုံရတတ်ပါတယ်။ ပြိုင်ဘက်များပြီး အတိုက်အခိုက်ကြားကနေလုပ်ရလေ ငွေဝင်လေပါပဲ။ အေးဆေးညင်သာတဲ့ အလုပ်ထက် ရုန်းကန်ပြီးလုပ်ရတဲ့အလုပ်တွေကနေ ငွေပိုဝင်နိုင်တာကိုတော့သိထားစေချင်ပါတယ်။ တခြားတစိမ်း တစ်ယောက်က မိမိကိုကူညီပြီးလုပ်ကိုင်ပေးပြီးဆိုရင်အဲဒါတွေက ပိုအောင်မြင်တတ်ပါတယ်။ ဒီလိုနှစ်မျိုးဟာ မိမိဦး ဆောင်ခြင်းထက် မိမိရဲ့ အိမ်သားတစ်ဦးဦးကို ခဏလောက် ဦးဆောင်လုပ်ခိုင်းကြည့်ပါ။ ကိုယ့်ကိုလုပ်စားဖို့အတွက် တစ်ယောက်ယောက်က လုပ်ပိုင်ခွင့်ပေးတယ်ဆိုရင် ရဲရဲတင်းတင်းလုပ်လိုက်ပါဗျ။ အဲအလုပ်တွေက အကျိုးအမြတ်ရပြီ ငွေရွှင်တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စကားများစရာလေးတွေလဲ ရှိတာမို့ တတ်နိုင်သလောက် မိမိငွေကို လူကြီး မိဘတွေကို အပ်မထားမိပါစေနဲ့။ ဥပမာဗျ…မိမိက လုပ်ငန်းအတွက်ငွေကို မိဘဆီခဏအပ်ထားတယ်ဆိုပါစို့..မိဘက အခြားသားသမီးလိုတယ်ဆိုပြီးပေးလိုက်တာမျိုးကြောင့် မိဘနဲ့ မဖြစ်သင့်ဘဲ စကားများရတတ်ပါတယ်။ ဒါကြောင့် မိမိ ငွေကို ဘယ်လူကြီးသူမ၊အကြီးအကဲ၊ဆရာသမားတွေကိုမှ အပ်မထားမိပါစေနဲ့။
❤️အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးမှာတော့ကောင်းတယ်ဆိုးတယ်လို့ပြောရခက်ခဲတယ်ဗျ..စန်းဂြိုဟ်ကမတည်ငြိမ်တဲ့နေရာမှာ ရောက် နေတာမို့အချိန်မရွေး အချစ်ရေးမှာ ထင်မှတ်မထားတာတွေ ဖြစ်လာတတ်ပါတယ်။ အရင်ကတည်းက လက်ရှိချစ်သူ အပေါ်ငြီးငွေ့ပြီး အပြောင်းအလဲလုပ်ချင်စိတ်ကလဲ ရှိနေတယ်…အနီးအနားမှာလဲ ကိုယ့်ကိုရေလာမြောင်းပေးလုပ်နေ တဲ့သူကလဲ အဆင်သင့်ဆိုရင်တော့ ချစ်သူဟောင်းနဲ့ နှစ်ဘယ်လောက်ကြာကြာ တွဲခဲ့ပါစေ…အသစ်နောက်ကို စိတ်လို လက်ရ ပါသွားတတ်တဲ့နှစ်ပါတယ်။ ကိုယ်နဲ့တွဲသူက မမ အရွယ်ဆို…ဒီနှစ်က ညီမလေးတွေအပေါ်စိတ်ရောက်နေတတ် သလို..ကိုယ်နဲ့တွဲနေတာက မောင်လေးဆိုရင်တော့ …အကိုကြီးတွေအပေါ် ပြောင်းလဲ စိတ်ရောက်သွားတတ်တဲ့ကာလ လို့ပဲပြောရပါလိမ့်မယ်။ ချစ်ခြင်းခိုင်မြဲတဲ့စုံတွဲတွေအတွက် သိပ်ပြီးစိပ်ပူစရာမလိုပေမဲ့…အေးစက်နေတဲ့ ချစ်သူစုံတွဲတွေ ကတော့ ချစ်သူအပြောင်းအလဲဖြစ်လာဖို့ အကြောင်းဖန်လာတတ်ပါတယ်။
အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာမျိုး မဟုတ်ပေမဲ့ ထစ်ခနဲဆိုတာနဲ့စကားများတာ မျိုးဖြစ်တတ်ပါတယ်။ စိတ်ရှည်တဲ့အိမ်ထောင်ဘက်ကိုရထားရင်တော့ စိတ်ပူစရာမလိုပေမဲ့ စိတ်ဆတ်တဲ့အိမ်ထောင် ဘက်ကိုရရင်တော့ ရန်တကျက်ကျက်ဖြစ်နေတတ်ပါတယ်။ သားသမီးကိုအကြောင်းပြုပြီး လင်မယားချင်းစကားများ လွယ်သောနှစ်ပဲဖြစ်ပါတယ်။ မိသားစုအတူတူလုပ်တဲ့စီးပွားရေးတွေ၊လင်မယားနှစ်ယောက်တွဲဖက်လုပ်တဲ့အလုပ်တွေ ကတော့ တိုးတက်အောင်မြင်လာတတ်ပါတယ်။
🧑⚕️ကျန်းမာရေး
ကျန်းမာရေး ကိုတော့ အသက် ၄၀ကျော်ပြီဆိုရင် ငွေလဲ အနည်းငယ်တတ်နိုင်သူဆိုရင်တော့ medical checkupလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဝမ်းတွင်း ကလိစာတွေ ဖောက်ပြန်မှုတွေစလာတတ်ပါတယ်။ ဆိုးနေညံ့နေ တာမျိုးကိုပြောချင်တာမျိုးမဟုတ်ပါ။ အရင်က ဆေးလေးသောက်ရုံနဲ့ပျောက်ပေမဲ့ ဒီနှစ်က ဆရာဝန်သေချာ ပြသမှသာ ပျောက်ပါလိမ့်မယ်။ အရင်က ဆရာဝန်နဲ့ပြနေတာဆိုရင် ဒီနှစ်က ပါရဂူနဲ့ ပြမှအဆင်ပြေတတ်ပါတယ်။ ဓာတ်ဂြိုဟ်နဲ့ ပဋိ ပက္ခဖြစ်ခြင်းတွေ၊ အာယုဂြိုဟ်အားနည်းခြင််းတွေကြောင့် ပါးစပ်အလိုမလိုက်ပါနဲ့။ မိမိနဲ့ဓာတ်မတည့်တာတွေများများ စားမိပြီး ကျန်းမာရေး ထိသွားတတ်ပါတယ်။ အရင်က အရက်သောက်ရင် သွေးတိုးတတ်သူဆိုပါစို့..ဒီနှစ် အသောက်များ သွားတာနဲ့လေဖြတ်သွားနိုင်ပါတယ်။ အရက်၊အဆီအစိမ့်နဲ့ အစပ်အရမ်းစားခြင်းမျိုးကိုရှောင်စေချင်ပါတယ်။ အစာကြေ ဖို့ခက်ခဲတဲ့ အစားအသောက်တွေရှောင်ပါဗျ။ ရင်ဘတ်အအေးမခံပါနဲ့။ ချောင်းဆိုးတာကြာနေပြီဆိုရင် သတိထားပါ။ ငှက်ဖျားရှိတဲ့နေရာတွေမှာသွားရောက်အလုပ်လုပ်မယ်ဆိုရင် သတိပြုပါ။ ငှက်ဖျားခြင်အကိုက်ခံရတတ်ပါတယ်။
🫱🏼🫲🏾လူမှုဆက်ဆံရေး
လူမှုရေးဝင်ဆံ့လာမဲ့နှစ်ပါပဲ။ နီးနီးနားနားကလူတွေထက် အဝေးကလူတွေက ပိုမိုပြီးချစ်ခင်လေးစားတာမျိုး တွေခံရတတ်ပါတယ်။ ဆွေမျိုးထက် တစ်စိမ်းတွေနဲ့ ရင်းနှီးမှုပိုရတတ်ပါတယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တစိမ်းတွေ ကနေ ဆွေမျိုးကဲ့သို့ခင်မင်မှုတွေရလာတတ်ပါတယ်။သတိထားရမှာက အားနာတာမျိုးကြောင့် ဒုက္ခရောက်ရတတ်ပါ တယ်။ အနီးကပ်သူတွေ၊ အရမ်းရင်းနှီးသူတွေကို အာမခံတာမျိုးတွေ၊သက်သေလိုက်ပေးတာမျိုးတွေအထူးရှောင်ကြပါ။ ငွေကြေးကိုအကြောင်းပြုပြီး မိတ်ပျက်စရာတွေလဲ ကြုံရတတ်ပါတယ်။ ဆရာသမား၊ကြီးကဲသူတွေနဲ့ အဆင်မပြေဖြစ် လွယ်တဲ့နှစ်လဲဖြစ်ပါတယ်။
👌ပညာရေး
ပညာရေးကံကိုတော့ ကြိုက်ပါတယ်။ ကျောင်းပြန်တက်တာမျိုးတွေ၊သင်တန်းသစ်တက်တာမျိုးတွေ၊ အသက် မွေးမှုပညာတွေလေ့လာတာမျိုးတွေ အားထည့်ဆောင်ရွက်နိုင်ပါတယ်။ မထင်မှတ်ထားသော ပညာရေးရလဒ်ကောင်း တွေသေချာပေါက်ရနိုင်ပါတယ်။ ပညာရေးမှာ အာရုံစိုက်လွန်းတာကြောင့် မျက်စိပါဝါတိုးခြင်း၊အာရုံကြော နွမ်းနယ်ခြင်း မျိုးတွေကြုံရတတ်ပါတယ်။ရင်းနှီးမြုပ်နှံမှုပညာများ၊ပြန်လည်သင်ကြားပေးသော သင်ကြားနည်းပညာများ၊ဘာသာ စကားသင်ကြားခြင်းများ၊ကုန်သွယ်ပညာသင်ကြားခြင်းများလဲ အထူးပြုသင်ကြားဆောင်ရွက်နိုင်ပါတယ်။ ပျင်းရိတဲ့စိတ် ၊အချိန်ဆွဲတဲ့စိတ်ကို ပြုပြင်နိုင်ပါက ပိုမိုပြီး ပညာရေးခရီးလမ်းဖြောင့်တန်းပါလိမ့်မယ်။
☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ
👉တတ်နိုင်သ၍ လူလိမ်မခံရအောင်နေထိုင်ပါ။
💥ငွေကြေးချေးငှားခြင်းရော၊ချေးယူခြင်းရော မလုပ်မိပါစေနဲ့။
💥တရားအားထုတ်ပါ။ ဒီနှစ်က တရားအမြင်သိလွယ်တဲ့နှစ်ပါ။
💥သစ်သီးဆွမ်းတွေ၊ သစ်သီးဖျော်ရည်တွေ မကြာခဏဘုရားကပ်ပါ။
💥ထွက်ပေါက်ပိတ်နေရင် တူရိယာတစ်မျိုးမျိုး တီးခတ်ပြီးမှ ပြဿနာရဲ့အဖြေကိုရှာပါ။
💥အမွှေးနံ့သာ သင်းပျံ့နေတဲ့ခန္ဓာကိုယ်ဖြစ်အောင်ထားပါ။ ရေမွှေးလေးတွေ နီးစပ်သူကိုလက်ဆောင်ပေးပါ။
✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉၇၇ ၅၅၅၅ ၆၉၅
ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။