loading

၁၃၈၇ ခုနှစ်အတွက် တနင်္ဂနွေသားသမီး တစ်နှစ်စာဟောကိန်း

  • Home
  • Blog
  • ၁၃၈၇ ခုနှစ်အတွက် တနင်္ဂနွေသားသမီး တစ်နှစ်စာဟောကိန်း

✅နိဒါန်း

            ဒီကာလအတွင်းကောင်းသောကံတွေရှိသလို အဆင်ပြေမယ်ထင်ပြီးလုပ်လိုက်ပြီးမှ တစ်ဝက်တစ်ပျက်ရပ်တန့် သွားရတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။ဒီလိုနှစ်ပိုင်းကိုရောက်လာပြီဆိုရင်တော့ အိမ်ငှားနေတဲ့သူတွေလိုနေထိုင်ရပါ လိမ့်မယ်။ အိမ်ငှား၊အခန်းငှားသူတွေဟာ ပြောင်းရရွှေ့ရလွယ်အောင်လို့ ပေါ့ပေါ့ပါးပါးပစ္စည်းတွေပဲဝယ်ကြပြီး ဝန်ပိုတာ တွေကို ရှောင်ကြပါတယ်။ ဒါကြောင့်ပဲ အိမ်ပြောင်းရတဲ့အခါ အရမ်းကြီး မခက်ခဲတော့ဘူးပေါ့။ ဒါကြောင့်ပဲဒီလိုနှစ်တွေ အရမ်းကြီး ခက်ခဲတဲ့အလုပ်တွေ၊ကြီးမားတဲ့အလုပ်တွေ၊ငွေအလွန်ရင်းနှီးပြီးလုပ်ရတဲ့အလုပ်တွေ၊နှစ်ရှည်လများလုပ်ကိုင် ရမဲ့အလုပ်တွေကို သတိထားပြီးတော့ ရှောင်စေချင်ပါတယ်။

👍စီးပွားရေး

            ဒီလိုနှစ်ပိုင်းရောက်ပြီးဆိုရင် စီးပွားနဲ့ပတ်သက်သော ဂြိုဟ်ခွင်တွေက ညံ့နေတဲ့အနေအထားတော့ မတွေ့ရဘူး ဗျ။ လုပ်ငန်း စီးပွားပိုင်းက ပုံမှန်လေးတော့သွားနေတယ်။ တဟုန်းထိုးအောင်မြင်ချင်တဲ့သူတွေအတွက်တော့ အားမရဘူး ပေါ့။အမှန်က ဒီနှစ်က ဝန်ထမ်းလုပ်သူများ အလုပ်တစ်ဖက်နဲ့ အလုပ်စချင်တဲ့သူတွေ၊ပိတ်ရက်လေး အားလပ်ရက်လေး မှာ အလုပ်လုပ်ချင်ကြသူတွေအတွက် မြေစမ်းခရမ်းပျိုးစလုပ်လို့ကောင်းတဲ့နှစ်ဗျ။ ဥပမာဗျာ …အလုပ်တစ်ဖက်နဲ့  အွန် လိုင်းစီးပွားစလုပ်တာမျိုး၊ weekend တွေမှာ အခြားအလုပ်လေးတစ်ခု စလုပ်တာမျိုးတွေဆောင်ရွက်နိုင်ရင်အထူး ကောင်းပါတယ်။ ဒီလိုနှစ်ပိုင်းက ကလေးနဲ့ဆက်စပ်သောပစ္စည်းရောင်းဝယ်တာ၊သင်ကြားရေးအလုပ်များ၊ ရေနဲ့ဆက်စပ် သောအလုပ်များ၊ ခရီးသွားအလုပ်များ၊ အပျော်အပါးနဲ့ ဆက်စပ်သောအလုပ်များကို ဆောင်ရွက်လို့ကောင်းတဲ့ကာလ ပါပဲ။ သိထားရမှာက ကိုယ်လုပ်တဲ့အလုပ်တွေက သူများကို ကြေငြာစရာမလိုဘူးဆိုရင် လျှို့ဝှက်ပြီးလုပ်တာ အကောင်း ဆုံးပါပဲ။ အလုပ်တစ်ခုမစခင် သူများကိုပြောပြလိုက်ရင် ကိုယ့်အကြံသူများဦးသွားတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဒါမှ မဟုတ်လဲ အဖျက်ဝင်ပြီးတားမြစ်တဲ့သူတွေကြုံရတတ်ပါတယ်။

💵ငွေရေးကြေးရေး

            ငွေကြေးကံတော့ ဆိုးရွားနေတာမျိုးမတွေ့ရပါဘူး။ ငွေဝင်ဖို့ရှိပါတယ်။ အရင်နှစ်က အဖတ်မတင်ဖြစ်ခဲ့ရင် တောင်မှဒီနှစ်မှာ ငွေကြေးစုဆောင်းနိုင်မဲ့ အလားအလာများပါတယ်။ မလိုအပ်သော အပိုသုံးတာတွေလဲ လျှော့စေချင် ပါတယ်။ လျှို့ဝှက်သောငွေကြေးတွေဝင်လာနိုင်ပါတယ်။  ငွေကြေးနဲ့ပတ်သက်ပြီး တရားမဝင်ငွေကြေးပုံစံမျိုးတွေရလာ တတ်ပါတယ်။ တတ်နိုင်သမျှ ငါ့ဝင်ငွေဘယ်လောက်ရှိတယ်…ဘယ်ကနေ ငွေတွေရနေတယ်ဆိုတာမျိုးကို ထုတ်မကြွား မိဖို့လိုပါတယ်။ နားလည်အောင်ပြောရရင် မိမိရဲ့ဝင်ငွေစီးကြောင်းကို တတ်နိုင်သမျှဘယ်သူကိုမှ အသိမပေးတာ အကောင်းဆုံးပါပဲ။ မရင့်ကျက်သေးသော လူငယ်တွေကတော့ အပျော်အပါးအတွက်အလွန်ပဲ ငွေသုံးမိနေတတ်တာကို တွေ့ရပါတယ်။ ငွေကို ငွေနဲ့ပြန်ပွားတတ်သူများ သေချာပေါက်အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ငွေများများရှိလို့ အိမ် ခြံမြေတိုက်ခန်းဝယ်မယ်ဆိုရင်တော့ အားမပေးပါဘူး။ သေချာစစ်ဆေးပြီးမှ နားလည်သူတွေကိုတိုင်ပင်ပြီးမှသာဝယ်ပါ။ အိမ်အဝင်ကံမကောင်းတဲ့နှစ်မို့ အိမ်ဝယ်ဖို့ ငွေသုံးလိုက်ရင် ပြဿနာလေးတွေ ကပ်ပါလာတတ်လို့ပါပဲ။

🤝လူမှုရေး

                        လူမှုဆက်ဆံရေးနယ်ပယ် အားကောင်းနေတဲ့ကာလပါပဲ။ နှုတ်မရဲဘဲ ဆက်ဆံရေးအားနည်းသူတောင်မှ ဒီကာလမှာ ပြောချင်ဆိုရင်ပြီးနှုတ်သွက်အာသွက်ရှိနေပါလိမ့်မယ်။ မိတ်ဆွေတိုးလာနိုင်ပြီးတော့ လူချစ်လူခင်သေချာ ပေါက်များလာနိုင်တာကိုတွေ့ရပါတယ်။ မိမိကိုယ်တိုင်လဲ မိတ်များများလိုချင်စိတ်တွေပေါ်ထွန်းနေတတ်ပါတယ်။ ကိုယ့် နယ်ပယ်က အအောင်မြင်ဆုံး စီးပွားရေးသမားတွေနဲ့ ချိတ်ဆက်မိတာမျိုးကြုံလွယ်ပါတယ်။ အရင်ကတည်းက စကား ပြောကောင်းသူဆိုရင်တော့ အတိုင်းထက်အလွန် လူမှူရေးကဏ္ဍတွေမှာ အဆင်ပြေလာနိုင်ကြောင်းပါဗျ…။

❤️အချစ်ရေး

            အချစ်ရေးနဲ့ပတ်သက်ရင် ရည်မှန်းချက် ပြည့်ဝဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။ လက်ထပ်ဖို့ရည်ရွယ်ထားသူဆို ပါစို့ ။ဒီကာလမှာ သေချာပေါက်လက်ထပ်ဖြစ်သွားတတ်ပါတယ်။ လက်ထပ်ဖို့ နှစ်တွေလတွေ အချိန်ဆွဲပြီးတော့ အဘက်ဘက်က အခြေအနေမကောင်းသေးလို့ လက်မထပ်ဖြစ်တဲ့သူတွေ သေချာပေါက်လက်ထပ်ရဖို့ အကြောင်းဖန် လာတာကိုတွေ့ရပါတယ်။ အချစ်ရေးမှာလဲ ကိုယ်ကချစ်လို့ ဖွင့်ပြောလိုက်ရင်လဲ ချစ်သူဆီက ကောင်းသောတုန့်ပြန်မှုတွေ အများအားဖြင့်ရလွယ်တာကိုတွေ့ရပါတယ်။သတိထားရမှာက အသက်၂၀မကျော်သေးတဲ့ လူငယ်လူရွယ်တွေပါပဲ။ ဒီကာလမှာ လူငယ်တွေက အလွန်ပဲစိတ်ကစားပြီး အချစ်ကို မြည်းစမ်းချင်နေတဲ့စိတ်ကြောင့်ပဲ မဖြစ်သင့်တဲ့နီးစပ်သူတွေ နဲ့ငြိစွန်းသွားနိုင်တာကို မိဘတွေအနေနဲ့ သိထားရမယ်။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးသူမျိုး၊ကိုယ့်ကိုစာသင်ပေး ခဲ့ဖူးတဲ့ဆရာမျိုး ကိုယ်လေးစားရတဲ့သူမျိုးတွေနဲ့ ငြိစွန်းလွယ်တာကိုအထင်အရှားတွေ့ရပါတယ်။ ကောင်းတာတစ်ခု တော့ အရွယ်လွန်နေသူတွေအတွက် ဆေးပေးမီးယူ လက်ထပ်ဖို့ စဉ်းစားနေသူများ မရည်ရွယ်ဘဲ လက်ထပ်ဖြစ်သွား တတ်ပါတယ်။ မုဆိုးဖို၊တစ်ခုလတ်တွေ အိမ်ထောင်ကျဖို့ အကြောင်းဖန်လာတဲ့ကာလပဲဖြစ်ပါတယ်။

👪အိမ်ထောင်ရေး

            အိမ်ထောင်ရေးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ကာလပဲဖြစ်ပါတယ်။ အိမ်ထောင်ဖက်ဆီက ချစ်ခင်ကြင်နာမှု အလိုလိုက်မှုကို အထင်အရှားရလာနိုင်တာကိုတွေ့ရပါတယ်။ ထူးခြားချက်က အိမ်ထောင်ဘက်ရဲ့က အလုပ်လုပ်ကိုင်သူ ဖြစ်ရင်တော့ သူ့စီးပွားကောင်းလာတတ်ပြီး ကျွဲကူးရေပါဆိုသလို ကိုယ်ပါအဆင်ပြေလာနိုင်တာကိုတွေ့ရပါတယ်။ သတိ ထားရမှာက အောက်လက်ငယ်သားတွေက အိမ်ထောင်ဘက်နဲ့ကိုယ့်ကို သွေးထိုးတာမျိုးတွေလုပ်တတ်ပါတယ်။  ဒါအပြင် ကိုယ့်ရဲ့တူ၊တူမတွေ ညီ၊ညီမတွေက အိမ်မှာ လာတည်းပြီး အိမ်ထောင်ဘက်နဲ့ ကိုယ်နဲ့ကြားဝင်ပါပြီး သွေးကွဲ အောင် နှောင့်ယှက်တတ်ပါတယ်။ ဒါလေးတွေတော့ သတိပြုကြပါဗျ။ စန်းပွင့်တဲ့ နှစ်မို့ ရှုပ်ချင်ပွေချင်သူတွေအတွက်  ရေကန်အသင့် ကြာအသင့်ဆိုသလိုဖြစ်တတ်တာမို့ မိမိကိုယ်တိုင်က မထိန်းဘူးဆိုရင် အိမ်ထောင်ရေးအရှုပ်အထွေးတွေ  လင်ငယ် ၊မယားငယ်ပြဿနာတွေဖြစ်လာနိုင်တာကိုတော့ သတိထားပြီး ရှောင်ကြည်စေချင်ပါတယ်။

💥ကျန်းမာရေး

            ကျန်းမာရေးကတော့ ဒီတစ်နှစ်စိတ်ချမ်းသာရလိမ့်မယ်ဗျ။ ရောဂါကြီးကြီးမားမား မမြင်ဘူးဗျ။ နဂိုဖွားဇာတာအရ ကျန်းမာရေးညံ့နိုင်တဲ့ အသက်အပိုင်းအခြားရောက်နေသူကလွဲလို့ အများစုကတော့ ကျန်းမာရေးကောင်းနိုင်ကြတာကို တွေ့ရပါတယ်။ ပေါ့ပေါ့ပါးပါး ရောဂါလေးတွေ၊ရာသီအပြောင်းအလဲကြောင့် ဖြစ်တဲ့ရောဂါမျိုးတွေ၊ရာသီတုပ်ကွေးမျိုး လောက်တာဖြစ်တတ်တာကိုတွေ့ရပါတယ်။ သတိထားရမှာတော့ ဝမ်းချုပ်မခံနဲ့။ ဆီးချုပ်၊ဝမ်းချုပ် မဖြစ်စေနဲ့။ ဆီးသွား ချင်တာကို အောင့်ထားတာမျိုးက ဒီနှစ်မှာ ဒုက္ခရောက်နိုင်တယ်။ မာလွန်းတဲ့ အစားအသောက်တွေလျော့စားပါ။ အသီး အရွက်စားပါ။ ပဲစားပါ။ ရေများများသောက်ပါ။ စိတ်ကိုကြည်လင်အောင်ထားပါ။ မေတ္တာကမ္မဌာန်းစီးဖြန်းပါ။ ဒါဆို ဒီနှစ် ကျန်းမာရေးကစိတ်ပူစရာမလိုတော့ပါဘူး။

💥ပညာရေး

            ပညာရေးပိုင်းမှာတော့ လူငယ်မြီးကောင်ပေါက်အရွယ်တွေသတိထားပါဗျ။ ပညာရေးမှာ ထင်သလိုမဖြစ်တတ် ဘဲ အချစ်ရေးအနှောင့်အယှက်တွေ ၊အပျော်အပါးအနှောင့်အယှက်တွေဝင်လာတတ်ပါတယ်။ ပညာရေးကို စိတ်နှစ်လို့ မရအောင်အနှောင့်အယှက်တွေဝင်လာနိုင်တာကို ရှောင်ကြဉ်နိုင်မှသာ ပညာရေးအားကောင်းပါလိမ့်မယ်။ နည်းနည်း လေး ပေါ့လိုက်ရတဲ့ အမှတ်မကောင်းတာမျိုး၊ရလဒ်မကောင်းတာမျိုးတွေကြုံရလွယ်တဲ့နှစ်ဖြစ်ပါတယ်။

☯️ယတြာ

            ယတြာကတော့ အပြောင်းအလဲဖြစ်နေတာကို ကြိုက်တဲ့ကာလမို့ မိမိ Daily Lifestyle ကိုပြောင်းလဲပါ။ လုပ်ငန်း ခွင်မှာ အထားအသိုပုံစံတွေပြောင်းလဲပါ။ ဆေးပြန်သုတ်တာမျိုး၊ ခန်းစီးလိုက်ကာလဲတာမျိုး၊ခုံ၊စားပွဲနေရာပြောင်းတာမျိုး တွေလုပ်ပေးစေချင်ပါတယ်။ ကိုယ့်အိမ်မှာရှိနေတဲ့ ဓားအကျိုးတွေ၊ပြက္ခဒိန်အဟောင်းတွေ၊ နာရီအစုတ်တွေရှိရင် စွန့်ပစ် ပါ။ တရားအားထုတ်သူများ သွား၊ထိုင်၊ရပ်၊လျောင်း လေးမျိုးမှာ လမ်းလျှောက်ရင် သတိကပ်ပြီး တရားရှုမှတ်ပါ။ ပိုမိုတရား အသိရလွယ်တဲ့နှစ်ပါ။ ပုတီးသမားများလမ်းလျှောက်ရင်း ပုတီးစိပ်ပါ။  အရဟံဂုဏ်တော်ကို သတိရတိုင်းပွားများပါ။  သီရိဂြိုဟ်အားကောင်းတဲ့နှစ်မို့ ကျက်သရေရှိအောင်နေပါ။ ဘုရားကျောင်းဆောင်ကို မွေးနေ့တိုင်း နံသာဖြူ ကရမက် အရည် တွေနဲ့  ပက်ဖျန်းပါ။ မွှေးလွန်းသော ပန်းတွေနဲ့ဘုရားရှင်ကို ပူဇော်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉ ၇၇ ၅၅၅၅ ၆၉၅

Leave a Reply

Your email address will not be published. Required fields are marked *