☯️နိဒါန်း
မြန်မာနှစ် ၁၃၈၈ခုနှစ်မှာတော့ တနင်္လာသားသမီးတွေဟာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရောက်ရှိနေတဲ့ကာလပဲဖြစ်ပါတယ်။ မိမိနှုတ်ထွက်စကားတိုင်း အတည်အတံ့ဖြစ်ဖို့လိုပါတယ်။ ဝစီဒုစရိုက်တွေကိုရှောင်ကြည်သင့်တဲ့ကာလပဲဖြစ်ပါတယ်။ ခြေမြန်တော်တပ်သားလေးဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်နဲ့ အတူတူနေရတာမို့ အငြိမ်မနေရခြင်း၊ ခရီးမကြာခဏသွားရခြင်း၊ လှုပ်ရှားရမဲ့ကိစ္စတွေပေါ်လာခြင်းနှင့် ပြည်တွင်းပြည်ပခရီးများခြင်းတွေကိုလဲ ဖြစ်စေနိုင်ပါတယ်။ ဘင်္ဂအိမ်မှာ တနင်္လာ ရောက်ရှိနေပေမဲ့ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ မိမိစီမံဆုံးဖြတ်နိုင်စွမ်း တော်ရင်တော်သလို အောင်မြင်မှုတွေလဲရ လာနိုင်တာကိုတွေ့ရပါတယ်။ ဘာလုပ်လုပ် သေသပ်ကျနစွာလုပ်ကိုင်ပြီး ကိုယ်တာဝန်ယူထားတာကို ပြီးစီးအောင်လုပ် နိုင်မယ်ဆိုရင် ဒီနှစ်က အဆိုးထက် အကောင်းများပါလိမ့်မယ်။ ပညာရေးအတွက် ရပ်ဝေးခရီးသွားရတာမျိုးတွေ၊ နိုင်ငံ ခြားပညာတော်သင်သွားရတာမျိုးတွေကြုံရတတ်ပါတယ်။ လူငယ်များအပေါင်းအသင်းကောင်းရင် ဘဝအောင်မြင်သွား နိုင်သလို၊ မကောင်းတဲ့အပေါင်းအသင်းကို မဖယ်ခွာဘူးဆိုရင်လဲ အဆိုးနွံထဲ ကျသွားနိုင်တာကိုတော့မေ့ထားလို့မရပါ ဘူး။

☯️စီးပွားရေးနှင့်အလုပ်အကိုင်
လုပ်ငန်းစီးပွားရေးအနေနဲ့ အပြောင်းအလဲများခြင်း၊အငြိမ်မနေရခြင်းတွေရှိတတ်ပေမဲ့ ဒီလိုနှစ်မျိုးမှာ ရေရှည်စီး ပွားရေးအတွက် စတင်အခြေချဖို့ ပြင်ဆင်ထားသင့်တဲ့နှစ်လို့လဲ ပြောလို့ရပါတယ်။ ဒါကြောင့် နေထိုင်ဖို့အတွက်ဖြစ်စေ၊ လုပ်ငန်းအခြေချဖို့အတွက်ဖြစ်စေ မြေဝယ်ခြင်း၊အိမ်ဝယ်ခြင်း၊တိုက်ခန်းဝယ်ခြင်း၊မိမိပိုင်ဆိုင်တဲ့မြေပေါ် အိမ်ဆောက်ခြင်း များဆောင်ရွက်သွားနိုင်တာကိုတွေ့ရပါတယ်။ အိမ်ဝယ်ဖို့ ရှာနေသူများလဲ ဒီနှစ်မျိုးမှာ မိမိတို့နဲ့ အပ်စပ်တဲ့ နေရာလေး တွေရှာတွေ့နိုင်ပါလိမ့်မယ်။ စီးပွားရေးဂြိုဟ်ဟာ မခိုင်မာတဲ့သဘောကြောင့် ဒီလိုနှစ်မျိုးဟာ လုပ်ငန်းသစ်အတွက် အစ ပျိုးလို့ကောင်းပေမဲ့ အတည်အတံ့ပုံစံမျိုးကြီးကြီးမားမားတွေ မလုပ်သင့်တာတော့ သိထားစေချင်ပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့ အလုပ်တွေကို လုပ်သွားဖို့ လိုပါတယ်။ ရှိတဲ့ငွေတွေ အကုန်ရင်းနှီးလုပ်ကိုင်တာမျိုးတွေ၊ လောဘဇောများပြီး အခြား သူတွေဆီက ချေးငှားပြီး လုပ်ငန်းလုပ်တာမျိုးတွေကို ကံကမကြိုက်ပါဘူး။ ကံကြမ္မာက ဒီနှစ်မှာ လုပ်စေချင်တာမျိုးက မိတ်များအောင် လုပ်စေချင်တာမျိုးပါ။ မိမိကိုလူသိများအောင် စွမ်းဆောင်စေချင်တာပါ။ မိမိအတွက်လိုအပ်တဲ့ပညာ တွေကို ဖြည့်ဆည်းတာမျိုး ဖြစ်စေချင်တာပါ။ အလုပ်တွေအရမ်းပင်ပန်းသွားရင် ခဏတဖြုတ်အပန်းဖြေပြီး ပြန်လည် အနားယူတာမျိုးကို ပိုကြိုက်ပါတယ်။ တစ်ကြိမ်တည်းနဲ့ မအောင်မြင်ရင် လက်မလျှော့ဖို့လဲလိုပါတယ်။ နှစ်ကြိမ် မြောက်မှာ အောင်မြင်မှုရတတ်တဲ့နှစ်ဖြစ်ပါတယ်။ဒီလိုနှစ်မျိုးဟာ စီမံခန့်ခွဲရတဲ့အလုပ်တွေ၊စက်ပစ္စည်းနဲ့ဆက်နွယ်သော အလုပ်တွေ ၊ Delivery အလုပ်တွေ၊ Logistics အလုပ်မျိုးတွေ၊ အွန်လိုင်းအားပြုလုပ်ရတဲ့လုပ်ငန်းမျိုးတွေ၊ကားလုပ်ငန်း တွေ၊ ကား ဂိတ်နဲ့ဆိုင်သော စီးပွားရေးတွေ၊ခရီးသွားလုပ်ငန်းတွေ အဆင်ပြေတိုးတက်လာနိုင်တာကိုတွေ့ရပါ တယ်။ ဝန်ထမ်းလခ စားသမားတွေဆိုရင်တော့ လက်ရှိနေရာရဲ့ အဝေးမှာယာယီတာဝန်ထမ်းဆောင်ရတာမျိုးကြုံရပါလိမ့်မယ်။
☯️ငွေကြေးနှင့်ဓနဥစ္စာ
ငွေကြေးကံနဲ့ပတ်သက်ရင်တော့ သတိထားစရာလေးတွေရှိတယ်ဗျ။ ဒီနှစ်က ငွေကံညံ့တာမျိုးမဟုတ်ဘူး။ ငွေကြေးကပြန့်ကျဲသွားတဲ့သဘောတွေ့ရတယ်။ ငွေခေါင်းကွဲတယ်လို့ခေါ်မလားဘဲ..။ငွေတွေကစုစည်းရခက်ခဲတတ်တဲ့ သဘောတွေ့ရပါတယ်။ အိုးအိမ်ဆောက်လို့ ငွေကုန်တာမျိုးတွေ၊ ပညာရေးအတွက်ငွေသုံးလိုက်ရတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းတွေကို ငွေကြိုထုတ်ပေးရင်ဆုံးတတ်တယ်ဗျ။ ကူညီချင်တဲ့စိတ်နဲ့ ငွေချေးငှားလိုက်ရင် တော့ စေတနာကနေ ဝေဒနာဖြစ်သွားတတ်ပါတယ်။ မိသားစုဝင်တွေရဲ့ ငွေကြေးပြဿနာတွေ၊ အရင်းနှီးဆုံးသူတွေရဲ့ ငွေကြေးပြဿနာတွေကို စိုက်ပေး၊ကူညီပေးရတာမျိုးတွေကြုံရတတ်ပါတယ်။အောက်လက်ငယ်သား၊ဝန်ထမ်းတွေ၊ မိမိ သားသမီးတွေကြောင့် ငွေကုန်ရတတ်တာမျိုးလဲတွေ့ရပါတယ်။ နောက်ပြီး လူလိမ်ခံရခြင်းကြောင့်လဲ ငွေကုန်တတ်ပါ တယ်။ အမှုအခင်းကြောင့်လဲ ရှေ့နေခတွေအများအပြားကုန်လွယ်တဲ့နှစ်ဖြစ်နေတယ်။ ပုံမှန်ဝင်ငွေကထိခိုက်သွားစရာ အကြောင်းတော့မရှိပါဘူး။ ဝင်စရာရှိတဲ့ငွေတွေကတော့ ဝင်တတ်ပါတယ်။ အလုပ်မှာ အဆင်မပြေလို့ ရုတ်တရက် ထွက်လိုက်သူများကတော့ အလုပ်မရခင်စပ်ကြားတော့ ဝင်ငွေရပ်တန့်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်အလုပ် တစ်ခု မချိတ်ဆက်ရသေးဘဲ အလုပ်မထွက်စေချင်ပါဘူး။
☯️အချစ်ရေးနှင့် မေတ္တာတရား
အချစ်ရေးမှာတော့ ငယ်ရွယ်သူများ၊လူလွတ်များ စန်းအလွန်ပွင့်ပါလိမ့်မယ်။ အချစ်နဲ့စတင်ထိတွေ့ခွင့်ရပြီး ပျော်စရာအချစ်ခရီးလမ်းတွေကို လျှောက်လှမ်းရမဲ့ကာလပဲဖြစ်ပါတယ်။ချစ်ခင်မေတ္တာတွေနဲ့ ထုံမွှန်းနေပြီး အချစ်ကမ်း ခြေမှာ ရွှေလက်တွဲနိုင်မဲ့နှစ်လို့ပြောလို့ရပါတယ်။ နာမည်ကို ဗုဒ္စဟူးနံနဲ့ အပိတ်မှည့်ထားသူမှအပ ကျန်တဲ့သူတွေကတော့ အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ချစ်သူကိုဖွင့်ပြောထားသူများ ဒီနှစ်မှာ ချစ်အဖြေရဖို့ လွယ်ကူတာမျိုးတွေကြုံရတတ်ပါတယ်။ အသက် ၄၀ကျော် လူပျိုကြီး၊အပျိုကြီးတွေ အိမ်ထောင်ကျဖို့ အကြောင်းဖန်လာ တတ်ပါတယ်။ ကိုယ်က မလှုပ်ရဲရင်တောင်မှာ အောင်သွယ်ကောင်းမှုကြောင့် အိမ်ထောင်ကျဖို့အကြောင်းဖန်လာတတ် ပါတယ်။ ဒီနှစ်မှာ ထူးခြားတာက ခရီးသွားဟန်လွှဲဖူးစာဖက်တွေ့တာမျိုးတွေကြုံရတတ်ပါတယ်။ ကိုယ်နဲ့အသက်အရွယ် ကွာဟသူတွေနဲ့ ချစ်မိကြိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါအပြင် လူမျိုးခြားဘာသာခြားတွေနဲ့ နီးစပ်သွားနိုင်သလို လူမျိုးခြား၊မဟုတ်ရင်လဲ တိုင်းရင်းသားမျက်နှာပေါက်မျိုးရှိသူမျိုးနဲ့ နီးစပ်ပတ်သက်ခွင့်မျိုးကြုံရတတ်ပါတယ်။ မင်္ဂလာ ဆောင်ဖို့ကိစ္စတွေ အဆင်ပြေပြေအောင်မြင်တတ်ပါတယ်။
☯️အိမ်ထောင်ရေး
အိမ်ထောင်ရေးတော့ အထူးသဖြင့် အိမ်ထောင်ဘက်ရဲ့ စီးပွားလုပ်ငန်းတိုးတက်လာနိုင်တာကိုအထင်အရှား မြင် ရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုးကင်းနေတာကိုတွေ့ရပါတယ်။ တစ်ခုသတိထားရမှာက မိန်ကလေးအိမ် ထောင်ရှင်များ အိမ်ထောင်ဘက်က အပျော်အပါးဘက်ကို စိတ်မယိုင်အောင်ထိန်းသိမ်းဖို့လိုပါတယ်။ မိမိနဲ့အဝေးမှာ အိမ်ထောင်ဘက်ရှိနေရင်တော့ အိမ်ထောင်ဘက်ကငွေကိုမထိန်းသိမ်းဘဲ သုံးစွဲမိနေတတ်ပါတယ်။ ယောကျာ်းလေး တနင်္လာသားတွေအနေနဲ့က အိမ်ထောင်ဘက်အမျိုးသမီးက ပိုမိုထက်မြက်လာတာကိုအထင်အရှားတွေ့ရပါလိမ့်မယ်။ စန်းအားကောင်းနေတာမျိုးကြောင့် မိသားစုငွေကြေးနဲ့ပတ်သက်ပြီးတော့ ထင်မထားလောက်အောင်အဆင်ပြေ အောင် မြင်တတ်ပါတယ်။လင်မယားနှစ်ယောက် အတူတကွလုပ်တဲ့လုပ်ငန်းစီးပွားတွေတိုးတက်လာနိုင်တာကိုတွေ့ရပါတယ်။ အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေ ပြန်လည်ပြေလည်ဖို့ အကြောင်းဖန်လာတတ်ပါတယ်။ အိမ်ထောင်ရေးဒုက္ခ၊သုက္ခ တွေကတော့ ကင်းဝေးသွားနိုင်တာကိုလဲ ဒီနှစ်မှာတွေ့ရနိုင်ပါတယ်။
☯️လူမှုဆက်ဆံရေး
လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ တစ်နှစ်ပတ်လုံး လူမှုရေးအဆင်ပြေအောင်မြင်လာတတ်ပါတယ်။ မိတ် ဆွေသစ်တွေတိုးပွားအောင်မြင်လာတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရလာတတ်ပါတယ်။ သတိထားရမှာက ညီအကိုမောင်နှမတွေ၊သားသမီးတွေရဲ့ အပူသောကတွေ ကူးဆက်တတ်ပါတယ်။ တစ်စိမ်းတရံတွေ၊လူမျိုးခြားတွေနဲ့ ကတော့ ပိုမိုအဆင်ပြေတတ်ပါတယ်။နိုင်ငံရပ်ခြားရောက်နေသူဆို နိုင်ငံခြားသူဌေးတွေရဲ့ အကူအညီတွေရလာတတ်ပါ တယ်။ ငွေကြေးအကူအညီတွေကိုတော့ တတ်နိုင်သလောက်ရှောင်နေသင့်ပါတယ်။မိတ်ဆွေရင်းဆိုပြီးတော့ ကူညီရင် တော့ ငွေကြေးဆုံးပါးတတ်ပါတယ်။ သတိထားရမဲ့အချက်က မိမိလေးစားတဲ့ ဆရာသမားတွေကလဲ မိမိဆီကအမြတ် ထုတ်သွားတတ်ပါတယ်။ မိမိရဲ့သင်တန်းဆရာတွေ ငွေချေးငှားတာမျိုးရှိရင် မချေးလိုက်ပါနဲ့။ ရင်သွေးမိဘများ မိမိသားသမီးတွေရဲ့ ဆရာဆရာမတွေအခက်အခဲကို ကိုယ်ကလိုက်ဖြေရှင်းရင်းနဲ့ ကိုယ်ပါအမှုပတ်တာမျိုးတွေဖြစ်တတ် ပါတယ်။
☯️ကျန်းမာရေး
ကျန်းမာရေးနဲ့ ပတ်သက်ရင် ရင်ဝမ်းဥပဒ်ပေးတတ်ပါတယ်။ မထင်မှတ်ထားဘဲ ရုတ်တရက်ကျန်းမာရေးညံ့တာ မျိုးလေးတွေသတိထားရမယ်။ ရင်ကြပ်တတ်သူများ၊ဝမ်းဗိုက်အစာအိမ်အားနည်းသူများ သိသာထင်ရှားစွာကျန်းမာရေး ယုတ်လျော့ပါလိမ့်မယ်။သတိထားရမဲ့ နောက်တစ်ချက်က အရက်သေစာနှင့်ငန်လွန်းသောအစားအသောက်များ၊စပ် လွန်းသော အစားအသောက်များရှောင်စေချင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ရောဂါတွေကိုအထူးသတိထားရမယ်။ သောက်တတ်တဲ့သူတွေကတော့ တတ်နိုင်သလောက်လျှော့သောက်စေချင်ပါတယ်။ ပင်လယ်စာတွေလျှော့စားဖို့လဲ တိုက်တွန်းချင်ပါတယ်။ အငန်အစပ်ကြောင့်လဲ ရောဂါရနိုင်တာကိုသိထားစေချင်ပါတယ်။ ရေကြောင့် ရောဂါရနိုင်တာမို့ ရေချိုးတာမျိုး သတိထားဆင်ခြင်ပါ။ အပုပ်ချိန်တွေမှာ ရေချိုးတာမျိုးတွေကို ရှောင်ပါ။ သွေးတိုးတာမျိုးတွေ၊သွေးကျတာ မျိုးတွေ၊ ဆီးချိုတက်တာမျိုးတွေလဲ ဒီနှစ်ပိုင်းမှာဖြစ်လေ့ရှိတာကိုတွေ့ရပါတယ်။လူလတ်ပိုင်းအရွယ်တွေအနေနဲ့ ရောဂါ လက္ခဏာတစ်ခုပေါ်လာပြီး ပုံမှန်ဆေးစွဲသောက်ရမဲ့အခြေအနေမျိုးရှိလာနိုင်ပါတယ်။
☯️တစ်နှစ်စာ ဆောင်ရန်/ရှောင်ရန်
***လျှင်မြန်စွာလုပ်နိုင်စွမ်းကို ပိုပြီးမြှင့်တင်ပါ။
***လူချစ်လူခင်များခြင်း၊စန်းအားကောင်းခြင်းတွေကို ကောင်းစွာအသုံးချတတ်ပါစေ
*** အွန်လိုင်းအားကောင်းချိန်မို့ အွန်လိုင်းကနေငွေရှာပါ
***သောကြာနေ့၊ စနေနေ့တွေက ကံကောင်းတဲ့နေ့တွေပါ
***၇ဂဏန်း၊၀ဂဏန်းတွေက ကံကောင်းတဲ့ဂဏန်းတွေပါ
***အနောက်တောင်အရပ်နဲ့ မြောက်အရပ်တွေက အကျိုးပေးတဲ့အရပ်မျက်နှာဖြစ်ပါတယ်။
*** နာမည်ကို တနင်္လာအစ၊ကြာသပတေးအပိတ်မှည့်ထားရင် ကျန်းမားရေးနှင့်ငွေကြေးကိစ္စတွေအားနည်းပါတယ်။
***အသက် ၄နှစ်၊၁၂နှစ်၊၂၀နှစ်၊၂၈နှစ်၊၃၆နှစ်၊၄၄နှစ်၊၅၂နှစ်၊၆၀နှစ်၊၆၈နှစ်ထဲကို ရောက်နေတဲ့ သူတွေပိုမိုဂရုစိုက်ပါ။
*** တတ်နိုင်သမျှ သနပ်ခါးရောင်၊အဖြူရောင်တွေကိုရှောင်ပါ။
***အနောက်အရပ်ကိုရှောင်ပါ။
*** တစ်နှစ်တာလုံး ၅ဂဏန်းရှောင်ပြီး အလုပ်လုပ်ပါ။
☯️တစ်နှစ်စာ ကံမြင့်မားစေမဲ့ယတြာများ
#သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်းပွားနေပါ။
#မှန်အကျိုးအပဲ့များနှင့် ဖုန်းမှန်အကွဲများကို လဲပစ်လိုက်ပါ။
#မနက်မျက်နှာသစ်တိုင်းမြောက်အရပ်ကို မျက်နှာမူပြီး စနေဂြိုဟ်မင်းနှင့်တကွ စနေသားသမီးတွေကို မေတ္တာ ပို့ပါ
#အိမ်ကဘုရားမှာ မွေးပျံ့သော ပန်းကလေးများကို ပန်းမွေ့ယာခင်းပြီးလှူပါ။
#ခရမ်းရောင်အဆင်းရှိသော လက်ကိုင်ပုဝါတစ်ထည်ကို အမြဲဆောင်ထားပါ။
#ကိုယ့်အလုပ်စားပွဲမှာ ရေမွှေးတစ်ပုလင်းထားပါ။ တစ်နေ့တကြိမ်တော့ အခန်းထဲကိုအနည်းငယ်ပက်ဖြန်းပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695