စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ မွေးချင်းထဲမှာ သင်က နံပါတ် ဘယ်လောက်လဲ ဆိုတာပေါ် မူတည်ပြီး သင်က ဘယ်လို လူမျိုးလဲ ဆိုတာနဲ့ ဘဝကို ဘယ်လို နေထိုင်သွားသလဲ ဆိုတာ ကွဲပြားနေပါတယ်။
မောင်နှမတွေထဲမှာ အကြီးဆုံး၊ အငယ်ဆုံး၊ အလတ်တို့ဟာ တစ်မိဘထဲက မွေးတာတောင် စိတ်နေ စိတ်ထားက မွေးဖွားတဲ့အစီအစဉ်အလိုက် တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနား နေတတ်ကြပါတယ်။
ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေက မိဘ မျိုးရိုးဗီဇ အပေါ် မူတည်နေသလို မိဘရဲ့ ပြုစု ပျိုးထောင်မှု၊ အပြုအမူ၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ မီဒီယာတို့ အပေါ်လည်း မူတည်နေပါတယ်။
အောက်ပါတို့ကတော့ မွေးချင်းအလိုက် အကြီးဆုံး၊ အလတ်နဲ့ အငယ်ဆုံး တို့ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝကို ရှုမြင်ပုံ တို့ကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
~ အကြီးဆုံး ~
ရှေးရိုးစွဲ
အကြီးဆုံးတွေဟာ သားဦး၊ သမီးဦး ဖြစ်တဲ့ အလျောက် မိဘတွေက တုန်နေအောင် ချစ်ကာ ဖူးဖူးမှုတ်ထားတတ်ကြ ပါတယ်။ အာရုံစိုက်မှု၊ ဦးစားပေးမှုကို ခံရတဲ့ နည်းတူ မျှော်လင့်ချက် ကြီးမားစွာ ထားခံရမှုကြောင့် ဖိအားဒဏ် ခံရပါတယ်။ မိဘတွေ မျှော်လင့်ထားတဲ့ စံရောက်အောင် ကြိုးစားရမှုကြောင့်လည်း မိဘစကား နားထောင်သူများ၊ ရည်မှန်းချက် ကြီးသူများ၊ အလုပ်ကို အသေးစိတ် စေ့စပ် သေချာစွာ လုပ်သူများ ဖြစ်တတ်ကြပါတယ်။ မိဘကို စံထားကာ ကြိုးစားတတ်ပြီး စိုးရိမ်စိတ် ကြီးတဲ့ သတိကြီးတဲ့ ရှေးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြပါတယ်။
မနာလိုစိုးရိမ်
အစ်ကိုကြီး အဖရာ၊ အစ်မကြီး အမိရာ ဆိုတဲ့ စကားအတိုင်း အကြီးဆုံးတွေက မောင်နှမတွေထဲမှာ မိဘလို စံနမူနာ ထားစရာ ပုဂ္ဂိုလ်တွေလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူတို့က ဆရာကြီးဆန် နေကြတာပါ။ ပြီးတော့ သူတို့က ကြောက်တတ် စိုးရိမ်တတ်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုမှ မိဘ ဖြစ်ခါစ မိဘတွေဟာ သူတို့ရဲ့ သားဦးတွေ အပေါ် အစိုးရိမ်လွန်၊ ဂရုစိုက်လွန်တာကြောင့်ပါ။ ဖူးဖူးမှုတ် ခံနေရာကနေ နောက်ထပ် ကလေး ရလာရင် ထိုကလေးအပေါ် ဂရုစိုက်မှုတွေ ပြောင်းသွားတာကြောင့် မိဘတွေ အာရုံစိုက်မှုကို ဆုံးရှုံးရတဲ့ အပေါ်မှာလည်း သူတို့က မနာလိုတတ်ကြပါတယ်။
ဉာဏ်ကောင်း
စိတ်ပညာရှင် တချို့ရဲ့ အဆိုအရ အကြီးဆုံး ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး IQ က အငယ်တွေထက် ပိုသာကြောင်း သိရပါတယ်။ မွေးချင်း အစဉ်လိုက်မှာ ရှေ့ရောက်လေလေ IQ မြင့်လေလေ ဖြစ်ပါတယ်။ ဥပမာ- မွေးချင်း လေးယောက် ရှိရင် အကြီးဆုံးရဲ့ IQ က အငယ်ဆုံးထက် လေးမှတ်လောက် သာနေမှာပါ။ အကြီးဆုံးတွေက ဉာဏ်လည်းကောင်း၊ အလုပ်လည်း ကြိုးစားတာကြောင့် အောင်မြင်သူတွေ ဖြစ်တတ်ကြပါတယ်။ တစ်ဦးတည်းသော ကလေးကတော့ အောင်မြင်တဲ့ အကြီးဆုံးတွေနဲ့ မတူဘဲ အောင်မြင်တဲ့ သူဌေး ဖြစ်နိုင်ခြေ နည်းတာကိုလည်း သတိထားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ဦးတည်းသော ကလေးဟာ သူနဲ့ ပြိုင်ရမယ့် မောင်နှမ မရှိတာကြောင့် အောင်မြင်ဖို့ တွန်းအား မရှိလို့ပဲ ဖြစ်ပါတယ်။
စေ့စပ် သေချာတဲ့ အလုပ်
အကြီးဆုံးတွေဟာ စေ့စပ် သေချာသူတွေ ဖြစ်လို့ အလုပ် လုပ်တဲ့အခါ အသေးစိတ် လုပ်ရပြီး စည်းကမ်း ရှိဖို့လိုတဲ့ အလုပ်အကိုင်တွေ ဖြစ်တဲ့ ငွေစာရင်းကိုင်၊ အင်ဂျင်နီယာ၊ IT ပညာရှင် စတာတွေနဲ့ သင့်တော်ပါတယ်။ ကိုယ်ပိုင် အလုပ် လုပ်ကိုင်ရင်လည်း အောင်မြင်မယ့် သူတွေပါ။
______________________________
~ အလတ် ~
ကြားညပ်
အလတ်တွေဟာ မိသားစု တစ်ခုမှာ ကြားညပ်နေတတ်ကြပြီး တော်ရုံတန်ရုံ သိပ်ပြီး သတိထား မခံရပါဘူး။ အကြီးဆုံးကို ဦးစားပေးရသလို အငယ်ကိုလည်း အလိုလိုက် ရတာကြောင့် အလတ်တွေဟာ သည်းခံတတ်ကြပါတယ်။ ကိုယ့်အာရုံနဲ့ကိုယ် ဘာသိဘာသာလည်း နေတတ်ကြပါတယ်။
ပေါင်းသင်း ဆက်ဆံတတ်
အနေအေးတယ် ဆိုပေမယ့် ပေါင်းသင်း ဆက်ဆံရေးမှာတော့ အလတ်တွေက အတော်ကို ကျွမ်းကျင်ကြပါတယ်။ အကြီးလို သြဇာပြလို့ မရသလို အငယ်လို ချွဲလို့လည်း မရတာကြောင့် သူတို့ လိုချင်တာ ရဖို့ စေ့စပ် ညှိနှိုင်းခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း စတဲ့ နည်းဗျူဟာတွေ သုံးတတ်ကြပါတယ်။ မိသားစု ရန်ပွဲတွေမှာလည်း သူတို့က ဖျန်ဖြေရေး သမားတွေပါ။ နောက်ပြီး မိသားစုဝင်တွေရဲ့ ခံစားချက်ကို ရင်ဖွင့်ရာ ဟစ်တိုင်ကြီးလည်း ဖြစ်နေတတ်ပါတယ်။ အလတ် ဖြစ်တဲ့အလျောက် အလယ်အလတ် လမ်းစဉ်ကိုသာ လိုက်ကာ အစွန်း မရောက်တတ်ကြပါဘူး။ အရာရာကို ချင့်ချိန် တတ်ကြပါတယ်။
မိတ်ဆွေ အပေါင်းအသင်း
သူငယ်ချင်း အပေါင်းအသင်းတွေကတော့ အလတ်တွေ အတွက် အရမ်းကို အရေးပါ ပါတယ်။ မိသားစုနဲ့ မောင်နှမတွေဆီက မရတဲ့ အာရုံစိုက်ခံရမှုနဲ့ အသိအမှတ်ပြု ခံရမှု တို့ကို ချစ်သူနဲ့ သူငယ်ချင်းတွေ ဆီကနေ ရတတ်တာကြောင့်ပါ။ ချစ်သူနဲ့ သူငယ်ချင်းတွေ အပေါ် အရမ်းလည်း သစ္စာ ရှိကြပါတယ်။ အပေါင်းအသင်းကလည်းမင် ဆက်ဆံရေးကလည်း ကောင်းဆိုတော့ လူချစ်လူခင် များတတ် ပါတယ်။
နိုင်ငံရေးသမား
စကားပြော အတတ်ပညာနဲ့ စေ့စပ် ညှိနှိုင်းရေး ပညာတို့ကို ကျွမ်းကျင်တာကြောင့် နိုင်ငံရေး လုပ်ရင်တော့ အောင်မြင်မယ့်သူပါ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ အလတ်တွေဟာ ဝန်ကြီးချုပ် ဖြစ်နိုင်ခြေ အများဆုံး ရှိသူတွေလို့ တွေ့ရပါတယ်။
______________________________
~ အငယ်ဆုံး ~
ရဲရင့်စွန့်စား
အငယ်ဆုံး ကလေးတွေဟာ တစ်မိသားစုလုံးရဲ့ အချစ်ဆုံးလေးတွေ ဖြစ်ကြသလို အသွက်ဆုံး၊ အထက်ဆုံး၊ အရဲဆုံးလေးတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ကြကာ မိသားစု အစဉ်အလာ ကနေ ထိုးဖောက်ခွဲထွက်ဖို့ ဝန်မလေးကြသူတွေလည်း ဖြစ်ပါတယ်။ အရဲစွန့်ရတဲ့ အလုပ်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း အားကစားမှာ ဆိုရင် စွန့်စားရတဲ့ အားကစားတွေ ဖြစ်တဲ့ လေထီးခုန်ခြင်း၊ ရေလွှာလျှောစီးခြင်း တို့ကို စမ်းလုပ်ချင်ကြတာပါ။ ဆန့်ကျင်ဘက် ဖြစ်တဲ့ ရှေးရိုးစွဲ အကြီးဆုံး တွေကတော့ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်းလို အားကစားတွေကိုသာ လုပ်ကြပါတယ်။ စွန့်စားရဲသူတွေ ဖြစ်တာကြောင့်လည်း ကမ႓ာ့ စွန့်ဦး တီထွင်သူတွေ၊ ရှာဖွေ တွေ့ရှိသူတွေ အများစုက အငယ်ဆုံး မွေးချင်းတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
ပေါ့ပေါ့ပါးပါး
အငယ်ဆုံးလေးတွေဟာ ကိစ္စရပ် အများစုမှာ အသက်အရွယ်၊ အင်အား၊ ကိုယ်လုံးကိုယ်ထည် ကွာဟမှု တို့ကြောင့် အကြီးတွေနဲ့ မယှဉ်နိုင်ကာ အနိုင် မရနိုင်ကြောင်း သိထားကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ဆုံးမှာ မရောက်တဲ့ အတွက် ဘာမှ မခံစားရသလို ဖိအားလည်း မများပါဘူး။ စိတ်သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးပဲ သဘောထားတတ်ကြပါတယ်။ ပြိုင်ဆိုင်လိုစိတ်၊ အနိုင်ရလိုစိတ် သိပ်မများကြပါဘူး။
ကြင်နာတတ်
အငယ်ဆုံးတွေဟာ အိမ်မှာ သူတို့ထက် ငယ်တဲ့သူတွေ မရှိတာကြောင့် သူတို့ သနားရမယ့်သူ၊ ကရုဏာ ထားရမယ့်သူ မိသားစုမှာ ရှိမနေပါဘူး။ ဒါကြောင့်လည်း အငယ်ဆုံး ကလေးတွေဟာ သူတို့ ကြင်နာလို့ရတဲ့ အရုပ်လေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို အရမ်း ချစ်တတ်ကြတာပါ။ အငယ်ဆုံးတွေဟာ စိတ်ထား နူးညံ့ပြီး စေတနာကောင်းကာ ကရုဏာ ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်းလည်း ရက်ရောကြပါတယ်။
သရုပ်ဆောင်ပိုင်နိုင်
သွက်လက် ရဲတင်းသလို စိတ်ခံစားမှု ပြင်းထန်ကာ စိတ်ကူးယဉ်တတ်တာကြောင့်လား မသိ။ အငယ်ဆုံးတွေဟာ ရုပ်ရှင် သရုပ်ဆောင် လောကမှာ နေရာ ရနေကြတာ တွေ့ရပါတယ်။ ဂျူလီယာရောဘတ်နဲ့ ရိစ်ဝီသာစပွန်း တို့လို အော်စကာ သရုပ်ဆောင် မင်းသမီးတွေက အငယ်ဆုံးတွေပါ။
Written by Good Health
Post by Nyein Aye Lu
နီးစပ်မှု ရှိတဲ့အတွက်ပြန်ရှယ်ပေးခြင်းပါ။