loading

ထီပေါက်တာ ကံကောင်းတာလား? ကံဆိုးတာလား?

  • Home
  • Blog
  • ထီပေါက်တာ ကံကောင်းတာလား? ကံဆိုးတာလား?

ဒီခေါင်းစဉ်ကို ကြည့်ပြီး ဒီလူ့နှယ် ဘယ်လိုပါလိမ့်။ “ဂေါက်” များ ဂေါက်နေသလား လို့ ထင်ချင်ထင်မိမယ်။ ဟုတ်တယ်လေ။ ထီပေါက်ပါတယ်ဆိုမှ ကံကောင်းလို့ ပေါက်တာပေါ့။ ကိုယ်ကိုယ်တိုင် ပင်ပင်ပန်းပန်းမရှာရဘဲ ဗြုန်းကနဲ ပိုက်ဆံတွေ သိန်း,သန်းချီပြီး ကိုယ့်လက်ထဲ ရောက်လာတာကိုမှ ကံကောင်းတာ မဟုတ်ရင် ဘယ်ဟာကို ကံကောင်းတာလို့ ဆိုကြမလဲ။ ဒီလိုဘဲ ပြောကြမှပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ဒီလိုဘဲ ထင်ခဲ့ပါတယ်။ ထီဆုကြီးကြီး အရမ်းပေါက်ချင်လို့ ထီတွက်ကိန်း မျိုးစုံကို ဗေဒင်ကျမ်းအမျိုးမျိုးမှာ မွှေနှောက် ရှာဖွေ၊ နည်းတစ်နည်း နဲ့ တစ်နည်း ပေါင်းစပ်ကြည့်၊ နည်းသစ်တီထွင်ကြည့်နဲ့ (၄-၅-၆) နှစ်လောက် အချိန် ကုန်ခဲ့ဘူးပါတယ်။ ထီပေါက်ကိန်း ရှိ/ မရှိ နဲ့ ဆုပမာဏ ဘယ်လောက် ပေါက်မလဲ။ ဘယ်ဂဏန်းတွေကို ထိုးရမလဲ ဆိုတာကိုတောင် ပရိုဂရမ် ရေးထားပါတယ်။ အခုကျွန်တော့်ဆီမှာ အဲဒီ ပရိုဂရမ် ရှိနေပါတယ်။ ဒီပရိုဂရမ် အတိုင်းတွက်ချက်ပြီး လက်တွေ့ပေါက်တဲ့ သူတွေလည်း ရှိပါတယ်။ သတင်းစာထဲမှာ ကြော်ငြာ ထည့်ဘူးပါတယ်။
ကိုယ်ကိုယ်တိုင် ထီမပေါက်တော့ ထီဆုကြီး ပေါက်တဲ့လူတွေကို လိုက်ရှာ။ သူတို့ရဲ့ ဇာတာကို လေ့လာကြည့်ရင်းနဲ့ ရင်းနှီးလာ ကြချိန်မှာ သူတို့ရဲ့အကြောင်းတွေကို ဂဃနဏ လေ့လာကြည့်လိုက်တော့ – ထီဆုကြီးပေါက်တဲ့သူတွေ အတော်များများဟာ ထီပေါက်ပြီး (၁) နှစ် ကနေ (၃) နှစ်လောက် အတွင်းမှာ ပေါက်ခဲ့သမျှငွေတွေဟာ နည်းအမျိုးမျိုးနဲ့ ကုန်သွားပြီး ဖြူခါပြာခါကျသွားတာကို အတော် များများ တွေ့လာရပါတယ်။ အဲဒါတွေတွင်ဘဲလားဆိုတော့ မပြီးသေးဘူးဗျ။ ကျန်တဲ့ အိမ်တွင်းရေး ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးတွေ မှာပါ လာပြီး ထိခိုက်လာတာကို အသေအချာ သတိထားမိလာပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သုတေသန နဲ့ မှတ်တမ်းမှတ်ရာပြုစုရာမှာ အတော့်ကို အားနည်းတဲ့ လူမျိုးလို့ ဆိုချင်ပါတယ်။ အနောက်နိုင်ငံကလူမျိုးတွေ တိုးတက်ကြတာလည်း မပြောနဲ့ သုတေသန တို့၊ မှတ်တမ်းမှတ်ရာတို့မှာ တော်တော် သေချာစေ့စပ်ကြတဲ့လူမျိုးတွေဗျ။ ဒါကိုတော့ အတုယူဖို့ကောင်းတယ်။ အဲဒီအနောက်နိုင်ငံက သုတေသနတစ်ခုမှာ ထီဆုကြီးပေါက်တဲ့လူ တွေ (၅ဝဝ)ကျော်ကို လေ့လာကြည့်ကြတယ်တဲ့ဗျ။ အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့ –
“ထီဆုကြီးပေါက်တဲ့သူ (၁ဝ)ယောက်လျှင် (၇) ယောက်သည် (၃)နှစ်အတွင်း မူလအဆင့်အတန်း ထက်ပို၍ နိမ့်ကျသော ဘဝသို့ရောက်သွားကြပြီး၊ (၂)ယောက်မှာမူ မူလအခြေအနေသို့ ပြန်ရောက်သွားကြလေသည်။ တစ်ယောက်သောသူသည်သာ ထီပေါက်သောငွေကို အသုံးချ၍ ပိုမိုမြင့်မားသော ဘဝအဆင့်အတန်းသို့ ရောက်သွားကြသည်” တဲ့ဗျ။
အဲဒီမှာ သေသေချာချာပြောထား တာက (၇)ယောက် (တနည်း ၇ဝ%) ဟာ မူလဘဝကို ပြန်ရောက်တာ မဟုတ်ဘူးနော်။ မူလဘဝထက်ပိုပြီး နိမ့်ကျတဲ့ ဘဝကို ရောက်သွားတာ။ ဒါကို သေသေချာချာ မှတ်ထားကြပါ။
ကျွန်တော်လက်လှမ်းမှီသလောက် လေ့လာကြည့်တော့လည်း ဒီသုတေသနဟာ တော်တော်မှန်ပါတယ်။ ကျွန်တော်လက်လှမ်းမှီ သလောက် အတိတ်၊ ပစ္စုပ္ပန် ကာလတွေကို လေ့လာကြည့်တော့ ဒီစကားကို မငြင်းနိုင်ဘူးဗျ။ ထီဆုကြီးပေါက်တဲ့လူတွေမှာ ဘာကြောင့် ဒီလိုဖြစ်ကြရသလဲဆိုတော့ –
ထီဆုကြီးပေါက်တဲ့သူတော်တော်များများဟာ ဒီလောက်ငွေပမာဏကို အရင်တုန်းက မကိုင်ခဲ့ဘူးတဲ့သူတွေ များပါတယ်။ ဒီတော့ ဒီလောက်များတဲ့ငွေတွေ လက်ထဲရောက်လာတော့ ဘယ်တော့မှ သုံးလို့ မကုန်တော့ဘူးလို့ ထင်မှတ်ပြီး အရမ်းသုံးကြ ဖြုန်းကြတော့ တာကိုးဗျ။ နောက်တော့မှ ငါ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ကြတော့ တာပါဘဲ။ အဲဒီတော့ ဘာလုပ်ကြလဲဆိုတော့ ထီကိုဘဲ ပြန်ဖိထိုးကြတော့တာဘဲကိုး။ အဲဒီမှာလည်း ငွေက ထပ်ကုန်ပြန်ရော။ ထီဆိုတာ လွယ်လွယ်နဲ့ ပေါက်တာမှ မဟုတ်တာ။
လူကလည်း အထည်ကြီးပျက်ဖြစ်သွားပြီလေ။ အသုံးအစွဲက မလျော့နိုင်တော့ဘူး။ လက်ထဲ ငွေပြတ်လာတော့ ဟိုချေး ဒီငှားနဲ့ လုပ်ကုန်ကြရော။ (ဟို ကုန်ထဲမှာ ငွေဝင်နေလို့ ၊ ဒီလုပ်ငန်းထဲမှာ ငွေမြုတ်နေလို့ .. စသဖြင့် အကြောင်းပြချက် မျိုးစုံနဲ့ပေါ့ဗျာ) ၊ ချေးတဲ့သူတွေကလည်း ထီပေါက်ထားတဲ့ အရှိန်နဲ့ ယုံကြည်ပြီး ချေးကြတယ်လေ။ နောက်ဆုံးကျတော့ ထီကလည်း ထပ်မပေါက် ငွေချေးထားတာတွေကလည်း ပြန်မဆပ်နိုင်နဲ့ နဂိုမူလ ဘဝထက် ဆိုးတဲ့ ဘဝကို ရောက်ကုန်ကြတော့တာပေါ့ဗျာ။
ဖြစ်ရပ်မှန်လေးတွေကို ပြောပြရဦးမယ်။ တစ်ကယ့်ဖြစ်ရပ်မှန်လေးပါ။ ကျွန်တော်တို့ မမွေးသေးတဲ့ လွန်ခဲ့တဲ့ အနှစ် (၆ဝ)ကျော်လောက် ကပါ။ အင်္ဂလိပ်အုပ်ချုပ်ရေး ကုန်ဆုံးခါနီးအချိန်ပေါ့။ ကျွန်တော်မွေးဖွားခဲ့တဲ့ ဆင်ဖြူကျွန်းဆိုတဲ့ ဇာတိမြို့လေးမှာ – “ကိုငွေရ” လို့ ခေါ်တဲ့ သူတစ်ယောက် ရှိခဲ့ဘူးတယ်။ နံမည်ကသာ “ကိုငွေရ” – လူက မွဲလိုက်တာ ချာတူးလန်နေတာဘဲ။ လုပ်တဲ့အလုပ်က အညာအခေါ် “ဒိုဘီ” အလုပ်။ ရန်ကုန်မှာတော့ “ပင်မင်း” လို့ခေါ်တဲ့ အလုပ်ပေါ့ဗျာ။ လျှော်ရတယ်၊ ဖွပ်ရတယ်၊ မီးပူတိုက်ရတယ်။ တနေကုန် လင်ရောမယားပါလုပ်မှ စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ ဘဝ။
ဒီလိုနဲ့နေလာရာကနေ တနေ့တော့ “ကိုငွေရ” ဟာ ချောင်းစပ်မှာ အဝတ်လျှော်နေရင်း သူအဝတ်လျှော်နေတဲ့ အဝတ်ပေါ်ကို ဗျိုင်းတစ်ကောင် ရုတ်ကနဲ ဆင်းလာပြီး ငါးတစ်ကောင်ကို အန်ချသွားပြီး ရုတ်ကနဲ ပျံတက်သွားတဲ့ ဖြစ်ရပ်လေး တစ်ခုဖြစ်လာ ပါတယ်။ ကိုငွေရလည်း အတော်အံ့သြသွားတာပေါ့။ ဗျိုင်းဆိုတာမျိုးက လူနားသိပ်ကပ်တဲ့အကောင်မှ မဟုတ်ဘဲ။ ပြီးတော့ ငါးတစ်ကောင်လည်း အန်ချသွားသေးတယ်။
ဒီဖြစ်ရပ်ကလေးကို လောကီပညာစုံတဲ့ ဆရာတော်တွေကို မေးမြန်းကြည့်တော့ “ဟဲ့ကောင် – ငွေရ မင်းတော့ချမ်းသာတော့မယ်၊ ထီထိုးကွလို့” အားလုံးက ပြောကြသတဲ့။ အဲဒီတုန်းက ထီလက်မှတ်စျေးက မသေးဘူးဗျ။
ထီတစ်စောင်ကို ငွေနှစ်ကျပ် တောင်ရှိတယ်။ ရွှေတစ်ကျပ်သားကို ငွေ (၃ဝ)ကျပ်လောက်သာ ရှိသေးတဲ့ အချိန်က ကိုငွေရအဖို့ ထီထိုးဖို့ ငွေနှစ်ကျပ်ကို ဘယ်လိုမှ ရှာလို့မရပါဘူး။
နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့လက်ထဲမှာ ဒိုဘီအပ်ထားတဲ့ အဝတ်တွေထဲက ကောင်းနိုးရာရာတွေကို ရွေးချယ်ပြီး အပေါင်ဆိုင်ကို သွားပေါင်လိုက်တယ်။ ရလာတဲ့ ငွေနှစ်ကျပ်နဲ့ ထီတစ်စောင်ပြေးထိုးလိုက်တော့တယ်ဗျို့။ ထီကလည်း ဖွင့်ဖို့ကလည်း နောက်ဆုံးရက်ကို ရောက်နေပြီလေ။
နောက်တစ်နေ့ ထီဖွင့်တယ်ဆိုရင်ဘဲ “ကိုငွေရ” ဟာ အတိတ်နိမိတ်ရထားသလိုဘဲ – အဲဒီအချိန်က အမြင့်ဆုံးဖြစ်တဲ့ တစ်သိန်းဆုကြီး ပေါက်တော့တာပါဘဲဗျို့။ ရွှေတစ်ကျပ်သားကို ငွေ(၃ဝ)လောက်သာ ရှိတဲ့အချိန်က တစ်သိန်းနော်။ အခုခေတ်ငွေနဲ့ဆို သိန်းပေါင်း နှစ်သောင်းကျော်မယ်။
အဲဒီမှာ ကိုငွေရတို့အောက်ခြေလွတ်တော့တာဘဲ။ လယ်တွေ၊ ယာတွေဝယ် ၊ စပါးတွေဝယ်၊ လုပ်ငန်းတွေမျိုးစုံလုပ်၊ ဒါပေမယ့် သူကိုယ်တိုင် အလုပ်မလုပ်ဘဲ မန်နေဂျာတစ်ယောက် ခန့်ထားပြီး သူနဲ့လွှဲထားတယ်။ သူကတော့ နောက်လိုက်နောက်ပါ အချွေအရံတွေနဲ့ ထန်းရေလေးတမြမြ နဲ့ ကြက်တိုက်တယ်။ ဖဲရိုက် တယ်။ သုံးတယ်ဖြုန်းတယ်။ မယားငယ် ထားတယ်။ နယ်ကနေ ရန်ကုန်ထိအောင်တက်ပြီး ဟော်တယ်မျိုးစုံ တက်၊ အရက်၊ ဖဲ ၊ မိန်းမ စုံလို့ပေါ့ဗျာ။
နောက်တော့ လူကြီးသူမတွေပြောသံကြားတာတော့ (၅နှစ် – ၆နှစ်)လောက်ဘဲကြာမယ်တဲ့။ ရှိတာတွေ တတိတိနဲ့ ကုန်ပါလေ ရောဗျာ။ လုပ်ငန်းတွေ လွှဲထားတဲ့ မန်နေဂျာကလည်း စာရင်းတွေလိမ်၊ ငွေတွေကို “ဘုန်း”ထား၊ နောက်တော့ မန်နေဂျာနဲ့ သူ့မိန်းမနဲ့ငြိ၊ ကိုငွေရက စာရင်းစစ်မယ်လုပ်တော့ မိန်းမ နဲ့ မန်နေဂျာက ရသမျှရွှေငွေကို ဆွဲပြီး ထွက်ပြေးသွားကြပြန်ရော။
နောက်ဆုံးတော့ “ကိုငွေရ” ဟာ အိမ်ထောင်ရေးလည်းပျက်စီး၊ ရှိသမျှလည်း တတိတိနဲ့ ကုန်လာပြီး အရင်ဘဝမျိုးကို ပြန်ရောက် သွားတော့တာပေါ့ဗျာ။ အရင်တုန်းက နောက်ပါအချွေအရံတွေလည်း ကြက်ပျောက်ငှက်ပျောက်ပေါ့။ လူကလည်း အထည်ကြီးပျက် ဖြစ်သွားတော့ အရင်လို ဒိုဘီလုပ်မစား နိုင်တော့ဘူး။ နောက်ဆုံး စိတ်ဓာတ်ကျပြီး ဘုန်းကြီးဝတ် သွားပါတော့ တယ်။
ဘုန်းကြီးဝတ်သွာတော့ ကျောင်းထိုင်ဆရာတော်ပေးလိုက်တဲ့ ဘွဲ့နာမည်က ဘာလဲသိလား။ “ဦးကုန္ဒြိယ” တဲ့။ ကုန်မှ သတိရ လို့လေ။ ဒါပုံပြင်မဟုတ်တဲ့ တကယ့် ဖြစ်ရပ်မှန်ပါ။ ဆင်ဖြူကျွန်းမြို့က သက်ကြီးရွယ်ကြီးတွေ ဒီအဖြစ်အပျက်ကို ယနေ့ထိအောင် ပြောပြနေကြတုန်းပါဘဲ။
နောက်တစ်ယောက်က ဆင်ဖြူကျွန်းကဘဲ။ ကျွန်တော့်အသက် (၁ဝ)နှစ်သားလောက်မှာပေါ့။ နာမည်က “မန်းတင်” တဲ့။ သင်္ဘောဆိပ်မှာ ကုန်တင်ကုန်ချ အလုပ်သမားတစ်ယောက်ပါ။ သူလည်း တစ်သိန်းဆုပေါက်တယ်။
၁၉၇ဝလောက်ဆိုတော့ တော်တော် တန်ဖိုးရှိသေးတာဘဲ။ အခုခေတ် သိန်းတစ်ထောင် ကျော်မယ်။ ထုံးစံအတိုင်း သုံးတယ်ဖြုန်းတယ်။ သူ့ပါးစပ် ကလည်း ကြွေးကျော်လိုက် သေးတယ်။ ကုန်သွားရင် ကုန်ပြန်ထမ်းမယ် တဲ့။ တစ်ကယ်လည်း ရှိသမျှ ကုန်သွားပြီး ကုန်ပြန်ထမ်းရ ပါတယ်။ ပိုဆိုးတာက အရက်အလွန်အကျွံ စွဲသွားပြီး သိပ်မကြာခင်မှာဘဲ ကွယ်လွန်သွား ရပါတယ်။
နောက်တစ်ယောက်က ကျွန်တော့်ဇနီးရဲ့ ငယ်သူငယ်ချင်းအရင်းတစ်ယောက်။ ၂ဝဝ၃ခုနှစ်မှာ သိန်း (၅ဝ)ပေါက်တယ်။ ငွေက သိပ်တော့ မများဘူး။ နယ်မှာဆိုတော့ အိမ်ဝယ်နိုင်တယ်။ ဆိုင်ကယ်ဝယ်စီးနိုင်တယ်။
နှစ်ဘက်အမျိုးတွေရောက်လာကြတယ်။ ဝိုင်းပြီး သုံးပေးကြတယ်။ သူ့ယောကျင်္ားက အရက် နဲ့ လောင်းကစားလုပ်လာတယ်။ (၂)နှစ်အတွင်းမှာ ရှိသမျှကုန်သွားတယ်။ နောက်ပြီး ယောကျင်္ားလည်း ဆုံးသွားတယ်။ ဒါပါဘဲ။ ထီပေါက်စ တုန်းကတော့ တပြုံးပြံုးတပျော်ပျော်ပေါ့ဗျာ။ နောက်တော့ ငွေလည်းကုန်၊ မုဆိုးမ လည်းဖြစ်။ အရင်ထက် ဆိုးတဲ့ဘဝကို ရောက်သွားတော့တာဘဲ။
ခင်ဗျားတို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင်လည်း ဒါမျိုးတွေ အများကြီး ရှိမှာပါဗျာ။ ဘယ်လောက်ရှိရှိ။ ထီဆုကြီးကြီးကတော့ လူတိုင်း ပေါက်ချင်နေကြတာပါဘဲ။ သူများတွေသာ ဒီလိုဖြစ်မယ်။ ကိုယ်ကျရင် ဒီလိုမဖြစ်ပါဘူးဆိုတာမျိုး ဆင်ခြေပေးနေပြီး ထီကို ထိုးမြဲ ထိုးနေ ကြမှာပါဘဲ။
နေဦးဗျ။ ဗေဒင်ပညာပေးဆောင်းပါးဆိုတော့ ဗေဒင်အကြောင်းကလည်း မပါလို့မဖြစ်ပြန်ဘူး။ ဒီတော့ ဗေဒင်ပညာရှုထောင့်က ကြည့်ရအောင်။ “ထီ” ဆိုတာ လက်ဆန်းဗေဒင်မှာ “စနေနံ” ဗျ။ “စနေဂြိုဟ်” ဆိုတာ ပါပဂြိုဟ်လေ။ ဒုက္ခမျိုးစုံ ပေးတတ်တဲ့ဂြိုဟ်လေ။ ထီပေါက်တယ် ဆိုတာ စနေဂြိုဟ်ဝင်တော့မယ်ဆိုတာ နိမိတ်ပြတာဘဲ။
ဒါကြောင့် ဗေဒင်ဆရာတွေဟာ လူတစ်ယောက် စနေဂြိုဟ် ထဲရောက်လာရင် သံဃာတွေကို “ထီး၊ ဖိနပ်” ဆိုတဲ့ စနေနံတွေကို လှူခိုင်းတတ်တယ်။ ကိုယ့်ဆီက ဂြိုဟ်ဆိုးကို ဘုန်းကြီးတွေဆီကို လွှဲချလိုက်တာပေါ့ဗျာ။ (တော်တော်ဟုတ်တဲ့ဗေဒင်ဆရာတွေ)။
နောက်ဆုံးကောက်ချက်ချရင် ထီပေါက်လို့ရတဲ့ငွေဆိုတာ “ငွေပူ” တွေ ဗျ။ “ငွေပူ” ဆိုတာ လောဘနဲ့ ဝိုင်းထိုးကြတဲ့ငွေတွေ။ ထီပေါက်တဲ့ သူကို မပေါက်တဲ့သူတွေက မပေးချင်ဘဲပေးလိုက်ရတဲ့ ငွေတွေ။ ကျေကျေနပ်နပ် ပေးလိုက်ရတာမဟုတ်ဘူး။ ကိုယ်လိုချင် ရဲ့သားနဲ့ မရလိုက်လို့ သူများကို မကျေမနပ်နဲ့ ပေးလိုက်ရတဲ့ငွေတွေ။ ဖဲဝိုင်းထဲက ငွေလိုဘဲ။ နိုင်တဲ့သူရဲ့ငွေဟာ ရှုံးတဲ့သူတွေရဲ့ ငွေဘဲမဟုတ်လား။
“ငွေပူ” ဆိုတာ တကယ်ရှိပါတယ်။ ရှေးလူကြီးသူမတွေ ပြောကြတယ်မဟုတ်လား။ ခိုးလို့ရတဲ့ငွေ၊ ဓါးပြတိုက်လို့ ရတဲ့ ငွေနဲ့ ဘယ်တော့မှ မချမ်းသာဘူးဆိုတာ။ နောက်တော့ ပြန်ကုန်တာဘဲ။ ငွေမကုန်ရင် တနည်းနည်းနဲ့ ပြန်ပေးဆပ် ရတာဘဲ။ လူမကျန်းမာ ဖြစ်မယ်။ လူသေမယ်။ အိမ်တွင်းရေး အပူလောင်မယ်။ အိမ်ထောင်ဘက်/ သားသမီးတွေကြောင့် စိတ်ဆင်းရဲရမယ်။ ဒါဟာ “တန်ကြေး နိယာမ”ဘဲ။ ပြန်လည်ပေးဆပ်ခြင်း နိယာမဘဲ။
ဒီတော့ ထီများ မပေါက်ချင်ကြပါနဲ့ဗျာ။ (မထိုးကြပါနဲ့လို့တော့ ကျွန်တော်မပြောဘူးနော်။ တော်ကြာ “အောင်ဘာလေရုံးက လာပြီး တရားစွဲနေပါဦးမယ်)။ ထီပေါက်လာပြီဆိုရင်လည်း အရမ်းဝမ်းမသာကြပါနဲ့။ အရမ်းမဖြုန်းတီးကြပါနဲ့။ ငွေဆိုတာ ရှာရခက် သလောက် အသုံးမခံပါဘူး။
ကိုယ့်ရှေ့က နောင်တော့် နောင်တော်တွေကို သံဝေဂ ယူပြီး အနောက်နိုင်ငံက သုတေသန ပြုထားသလို (၇ဝ%) ထဲမှာ မပါအောင် ကြိုးစားကြပါ။ တိုးတက်သွားတဲ့ (၁ဝ%)ထဲမှာ ပါအောင် ကြိုးစားပြီး ကိုယ့်ဘဝ အဆင့်အတန်းကို ပိုမြင့်မားအောင် တက်လှမ်းနိုင်ကြပါစေ။
မှတ်ချက်။ ။ ဇာတ်လမ်းတွင် ပါဝင်သော လူပုဂ္ဂိုလ်နာမည်များကို အနည်းငယ် လွှဲပြောင်းထားပါသည်။
—————————————————
ကျွန်တော် အရမ်းလေးစားအထင်ကြီးရသော
ဆရာ ဒေါက်တာတင်ဗိုလ်ဗိုလ် ၏
ဆောင်းပါးအားပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ငြိမ်းအေးလူ ဗေဒင်သုတေသီ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *