အင်္ဂဝိဇ္ဇာပညာ လေ့လာဖူးသူတိုင်း အတုလ ဆရာတော် ခင်ကြီးဖျော် ကိုတော့သိမည်ထင်ပါသည်။ ဆရာတော်အကြောင်း သေချာစွာ သိရှိနိုင်ရန်အတွက် ရှာဖွေတင်ဆက်လိုက်ရပါကြောင်း……
ကုန်းဘောင်ခေတ်ပထမပိုင်းတွင်
ပေါ်ပေါက်သောစာပေ၊ ဂီတ၊အနုပညာလောက၌ထင်ရှားသောစွယ်စုံပညာရှင်ဆရာတော်တစ်ပါးမှာ မ ကာရလောပအကျော်ဉာဏလင်္ကာရ သဒ္ဓမ္မသေနာပတိမဟာဓမ္မ ရာဇဓိရာဇဂုရုအတုလအကျော် တောင်တွင်းဆရာတော်“ခင်ကြီးဖျော်”ပင် ဖြစ်သည်။ ဆရာတော်ာအား“မကာရလောပ”ဟုတ်ခေါ်ကြသည်။ “မ”တစ်လုံးကျေနေသည်။ မသိတာ၊ မတတ်တာမရှိဟုအဓိပ္ပါယ်ရသည်။ မှန်လည်းမှန်ပေသည်။ ဆရာတော်ကားပညာစုံ၍ စွယ်စုံတော်သည်။ ပိဋကတ်လည်းနှံ့စပ်သည်။ သဒ္ဒါလည်းနိုင်နင်းသည်။ အဘိဓမ္မာ လည်းကျွမ်းကျင်သည်။ လောကုတ္တရာကျမ်းများအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်းစသောလောကီကျမ်းများကို လည်း တဖက်ကမ်းခပ်အောင်တတ်မြောက်သည်။ တစ်နည်းဆိုရသော်ပညာအရာတွင် ဘက်စုံစွယ်စုံကျွမ်းကျင်တတ်မြောက်သူတစ်ဦးအ ဖြစ် ထင်ရှားကျော်ကြားနေသူဖြစ်လေသည်။
ဆရာတော်ခင်ကြီးဖျော်အား သက္ကရာဇ် (၁၀၈၆ခု)၊ ကဆုန်လဆန်း၁၁ရက် (ခရစ်နှစ် ၁၇၂၄ခု၊ ဧပြီလ၂၁ရက်) အင်္ဂါနေ့နံနက်တွင် တောင် တွင်းကြီးမြို့မြောက်ဘက်၊ မြို့လုလင်ရွာအနီးရှိ ပုတီးကုန်းရွာ၌ဗိသုကာဆရာကြီးအဖဦးဖိုးပြေ၊ အမိဒေါ်ကြာတို့မှဖွားမြင်၍၊ ငယ်နာမည် မှာ“မောင်ဖျော်”ဖြစ်သည်။
ခင်ကြီးဖျော်ကို ၁၀၈၆ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင်ဖွားမြင်သည်ဟု ကျမ်းအသီးသီး၌ယေဘုယျဆိုကြသည်။ ပြက္ခဒိန်ကျမ်းနှင့်တိုက်ဆိုင် စီစစ်သောအခါ ထိုနေ့မှာစနေနေ့ဖြစ်သည်ကိုတွေ့ရသည်။ ကဆုန်လဆန်း၁၁ရက်မှာ အင်္ဂါနေ့ဖြစ်သဖြင့်(၁၁)ရက်ကို (၁၅)ရက်ဟုအရေး မှားခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာတိုးလှက“ရက်ချုပ်စစ်တမ်း”စာတမ်းတွင်ဖော်ပြထားသည်။ (တက္ကသိုလ်ပညာပဒေသာစာစောင်(ဝိဇ္ဇာ၊ ၁၁/၂)တိုးလှ၏ရက်ချုပ်စစ်တမ်းရှု)
သို့သော်ထီးချိုင့်မြို့၊ တည်တော်ဆရာတော်ရေးသားပြုစုသော မန်လည်ဆရာတော်ဘုရား၏ စကားအညွှန့်အဖူးများစာအုပ်၏ စာမျက်နှာ ၂၂ ပထမအပိုဒ်တွင် မကာရလောက ဆရာတော်ခင်ကြီးပျော်ဟူ၍ ဖော်ပြထားသည်။
မောင်ဖျော်(၇)နှစ်သားအရွယ်သို့ရောက်သောအခါ မြို့လုလင်ကန်ဦးကျောင်းဘုန်းတော်ကြီးထံတွင် စာပေသင်ကြားရာ၊ သင်ပုန်းကြီးကို နေ့ချင်းကုန်၍ (၃)လအတွင်းပရိတ်ကြီး၊ နမက္ကာရတို့ကိုအပြီးတိုင်တတ်မြောက်သည်။ ထို့ပြင်ကျောင်းသားသူငယ်အဖြစ်နှင့်ပင် ဇာတ်ကြီး (၁ဝ)ဘွဲ့ပါဠ်အနက်တို့ကို နှုတ်ဝယ် တရွရွဆောင်နိုင်ခဲ့၏။
(၁ဝ)နှစ်သားအရွယ်တွင် သာမဏေဘောင်သို့ဝင်၍ “မောင်ရှင်ဉာဏ”ဟူသောဘွဲ့ကိုရသည်။ ထိုသာမဏေဘဝကပင် ခဲရာခဲဆစ်တို့ကို ရုတ်တရက်ချက်ခြင်းဖြေစွမ်းနိုင်သောကြောင့် အမည်သတင်းကျော်စောခြင်းဖြစ်၍လာခဲ့သည်။ အသက်(၂ဝ)အရွယ်တွင်ရဟန်းဘောင်သို့ တက်ပြီး “ရှင်ဉာဏ”ဘွဲ့ဖြင့် တောင်တွင်းမြို့နေဆရာတော်များထံတွင် ပညာဆက်လက်ဆည်းပူးပါသည်။
ပညာသိပ္ပံအဝဝတို့ကို ခဏလွယ်ကူတတ်မြောက်တော်မူသောကြောင့် ဆထက်ထမ်းပိုးတိုးတက်ကျော်စောလာလေ၏။ သို့ရာတွင်“ရှင်ဉာ ဏ”ဟူသောရဟန်းဘွဲ့တော်ဖြင့်မကျော်စောလေဘဲ “ခင်ကြီးဖျော်”ဟူ၍ပင် ကျော်စောထင်ရှားလေသည်။ ရှေးအခါကရဟန်းကြီးများကို “ခင်ကြီး”ဟုခေါ်သည်။ ဆရာတော်၏နာမည်ရင်းက မောင်ဖျော်ဖြစ်၍ “ခင်ကြီးဖျော်”ဟုတွင်ခဲ့ခြင်းဖြစ်သည်။
ခင်ကြီးဖျော်ဆရာတော်မှာ ဤမျှတတ်မြောက်သော်ငြားလည်း အားရတင်းတိမ်ခြင်းမရှိ၍ ရဟန်း(၅)ဝါမြောက်တွင် တောင်တွင်းကြီးမြို့မှ ပေါက်ကံ(ပုဂံ)မြို့ရှိ ရွှေကျောင်းဆရာတော်ထံသို့သွားရောက်ချဉ်းကပ်ကာ ဝါတွင်းသုံးလပတ်လုံး ပါဠိ၊ သဒ္ဒါကျမ်းဆိုင်ရာ ပညာအဖြာဖြာ တို့ကိုဆည်းပူးပြန်သေး၏။ ဤတွင်သဒ္ဒါအရာ၌ ယုံမှားကင်းပျောက်၊ တစ်ဖက်ကမ်းရောက်တော်မူလေသည်။ မတတ်သောအရာ၊ မသိ သောအရာဟူ၍မရှိသောကြောင့်လည်း “မ.ကာရလောပ”မ.တစ်လုံးကျေသောဆရာတော်ဟု ဆိုစမှတ်ပြုကြကုန်လေသည်။
ထို့နောက်သက္ကရာဇ်(၁၁၁၆)ခုနှစ်တွင် ပုဂံမှသည်အင်းဝရွှေနေပြည်တော်သို့ရောက်တော်မူလေသည်။ ထိုအခိုက်ဆရာတော်၏ သတင်းရ နံ့မှာ တစ်နေ့တခြားသင်းပျံ့ကျော်ဇောခြင်းဖြစ်လာလေရကား ရတနာသိင်္ဃကုန်းဘောင်ရွှေမြို့တော်ကြီးမှ မင်းလက်ဝဲအနော်ရထာအစရှိ သည့် ပုဂ္ဂိုလ်ကြီးများပင်ခဲရာခဲဆစ်ဖြစ်သော အမေးပုစ္ဆာပြဿနာများကို မေးမြန်းလျှောက်တင်ကြကုန်၏။ ထိုသို့မေးမြန်းလျှောက်တင်ကြ တိုင်းလည်း မဆိုင်းမတွတဏခချင်းပင်ဖြေဆိုတော်မူလေသည်။ ထိုစဉ်ကဆရာတော်၏အသက်ကား (၃ဝ)ကျော်မျှသာရှိသေးသည်။
သက္ကရာဇ်(၁၁၂၂)ခုနှစ်တွင် အလောင်းမင်းတရားကြီးသားတော်အိမ်ရှေ့မင်း(နောင်တော်ကြီးမင်း)သည် မင်းဖြစ်တော်မူ၍ “သီရိပဝရ မ ဟာဓမ္မရာဇာ”တံဆိပ်နာမံကိုခံတော်မူလေသည်။ နောင်တော်ကြီးမင်းသည်မဟာဇေယျပူရစစ်ကိုင်းမြို့ကြီးကိုထပ်ဆင့်တစ်ဖန်တည် ထောင်ပြန်သောကြောင့် “ဒုတိယစစ်ကိုင်းမြို့တည်မင်း”ဟုလည်းတွင်၏။ ထိုမင်းသည်တောင်တွင်းဆရာတော်ခင်ကြီးဖျော်၏ ဂုဏ်သတင်း ကိုကြားသိတော်မူသောကြောင့် အလွန်လျှင် သဒ္ဒါကြည်ညိုခြင်းဖြစ်ဘိရကား အင်းဝသို့အကြိမ်ကြိမ်လူလွှတ်ကာ ခင်ကြီးဖျော်ကိုပင့်စေ၏။ နောက်ဆုံးရဟန်းတက်ပြီး၍တစ်နှစ်အကြာတွင် သက္ကရာဇ်(၁၁၂၃)သို့ရောက်သောအခါကျ ခင်ကြီးဖျော်လည်းမင်း၏အလိုကိုပြည့်စေအံ့ဟု ကြံ၍ ရတနာသိင်္ဃသို့ကြွတော်မူလေသည်။ ထိုအခါနောင်တော်ကြီးမင်းကလည်း ကြီးကျယ်ခမ်းနားစွာကြိုဆို၍ “မဟာဘုံသာ”မည်သော ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းတော်မူ၏။
ဤသည်နှင့်ပတ်သက်၍ တောင်တွင်းဆရာတော်ခင်ကြီးဖျော်၏ အရိုးအိုးတည်ထားရာ စစ်ကိုင်းမြို့၊ လောကမဥ္ဇူဘုရားကျောက်စာတွင်-
“ဧဝံ၊ ဤသို့ဝ်၊ သဘော်တော်ဟိသော၊ ဂုဏံ၊ ကျေးဇူးတော်ကိုဝ်။ ပသီဒိတွာ၊ ကြည်ညိုတော်မူရုယ့်။ ယောဇနသတပ္ပမာဏံ၊ ယုဇနာတစ်ရာ အတိုင်းအရှည်ဟိသောအရပ်သို့ဝ်။ အနေကက္ခုတ္တုံ၊ အကြိမ်များစွာ။ ဂန္တာန၊ သွားဦးရုယ့်။ သဂါရဝံ၊ အရိုဝ်အသေ။ နိမန္တေသိ၊ ပင့်ဖိတ်စေ၏။ ယေဓမ္မရာဇာ အကြင်သီရိပဝရ မဟာဓမ္မရာဇာ အမည်ဟိသောမင်းတရားသည်၊ သုတံ၊ တင့်တယ်စွာထသော။ အနေကဓဇလင်္ကာရံ၊ များ စွာသောမှန်ကင်းတို့ဝ်ဖြင့် တန်ဆာဆင်အပထသော။ သဗ္ဗရာမ-မယံ၊ အလုံမ်းစုံမ်ရွှေဖြင့်ပြီးထသော။ မဟာဘုံသာ တိဥိ္ဆတံ၊ မဟာဘုံသာဟူ သောနာမံတံဆိပ်တော်လည်း ဟိထသောသေယျံ၊ မြတ်သောကျောင်းကြီးကိုင်။ တဿဂုရုနော၊ ထိုင်ဆရာတော်အား။ အဒါသိလှူတော်မူ ၏”ဟုခင်ကြီးဖျော် ၏တပည့် ပုညာရာမ မထေရ်က ကမ္ပည်းထိုးတော်မူခဲ့သည်။
ထို့နောက်` တောင်တွင်းဆရာတော်ခင်ကြီးအား နောင်တော်ကြီးမင်းတရားက “ဉာဏဘိဓမ္မလင်္ကာရမဟာဓမ္မရာဇဂုရု တံဆိပ်နာမတော်ကပ် လှူပြီး သာသနာပိုင ်တင်မြှောက်ခဲ့လေသည်။
ပင့်ဖိတ်သည့်သက္ကရာဇ် ဆက်ကပ်သည့်နှစ်နှင့်ပတ်သက်၍ “ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး”စာမျက်နှာ (၂၅ဝ-၂၅၁)တွင်-
“ထို့နှစ်(သက္ကရာဇ် ၁၁၂၃ခုနှစ်) ရတနာသိင်္ဃနေပြည်တော်၏ အရှေ့မြောက်ယွန်းတွင် ကျောင်းဦးပြာဿဒ်နှင့်တကွ သုံးထပ်ဇေတဝန် ကျောင်းဆောက်တော်မူ၍ “မဟာဘုံသာ”သမုတ်တော်မူပြီးလျှင် တောင်တွင်းဆရာတော်“ဉာဏဘိဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဆရာတော်အားတင်လှူတော်မူ၍ “အရညဝါသီပုဂ္ဂိုလ်”ဂါမဝါသီပုဂ္ဂိုလ် အရာယာသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွများစွာသော ရဟန်းတို့ အသုံးအဆောင်တို့ကိုလှူတော်မူသည်။ ပွဲသဘင်ကြီးစွာလည်းခံတော်မူသည်”ဟူ၍မှတ်တမ်းတင်ထားသည်။
မြန်မာနိုင်ငံသာသနာ့သမိုင်း၌ ညောင်ရမ်း(၁ဝ)ဆက်မြောက် သက္ကရာဇ်(၁ဝ၆ဝ)ပြည့်နှစ်တွင် နန်းတက်သောစနေမင်းလက်ထက်တွင် အ တင်ဂိုဏ်း၊ အရုံဂိုဏ်းဟူ၍ သာသနာတွင်ဂိုဏ်းနှစ်ဂိုဏ်းကွဲပြားသွားသည်။ အတင်ဂိုဏ်းမှာရှင်သာမဏေများ ရပ်ထဲရွာအထဲသွားသည့်အခါ ၌ သင်္ကန်ကိုလက်ကန်တော့တင်ရုံသာ တင်သွားသည့်ဂိုဏ်းဖြစ်ပြီး၊ အရုံဂိုဏ်းမှာ ရှင်သာမဏေများရပ်ထဲရွာထဲသွားသည့်အခါ၌ ဝိနည်း တော်အရသင်္ကန်းများကို ရုံပြီးသွားသည့်ဂိုဏ်းဖြစ်လေသည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းအငြင်းအခုန်ဖြစ်လာခဲ့ကြ လေသည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်း၏ပဋိပက္ခမှာ နောင်တော်မင်းကြီးလက်ထက်တွင်လည်း ပြေငြိမ်းမသွားပေ။ တောင်တွင်းဆရာတော်ကား အရုံဂိုဏ်းဝင်ဖြစ်သည်။ အရုံဂိုဏ်းဝင်တောင်တွင်းဆရာတော် သာသနာပိုင်ဖြစ်လာသည့်အခါ အရုံဂိုဏ်းဝင်ဆရာတော်များက တောင်တွင်း ဆရာတော်အား သာသနာပိုင်အနေဖြင့် အရုံဂိုဏ်းဘက်ကလိုက်ပြီးအဆုံးအဖြတ်ပေးရန် တောင်းပန်လျှောက်ထားကြသည်။ သို့ရာတွင် တောင်တွင်းဆရာတော်သည် အခြေအနေအရပ်ရပ်ကိုထောက်ထား၍ သာသနာပိုင်၏တန်ခိုးအာဏာကိုအသုံးပြုပြီး တစ်ဖက်သတ်အဆုံး ဖြတ်ပေးရန်မသင့်ဟု ချင့်ချိန်စဉ်းစားလျက် ထိုအရေးကိစ္စကို ပျံလွန်တော်မူသည်တိုင် ဆိုင်းငံ့ထားခဲ့လေသည်။
တောင်တွင်းဆရာတော်သည် ပိဋကတ်ကျမ်းဂန်၌သာကျွမ်းကျင်သည်မဟုတ်၊ လောကီပညာရပ်တို့၌လည်း နှံ့စပ်တော်မူသည်ဟူသော သ တင်းသည် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ခါသော်ဒကာဖြစ်သူနောင်တော်ကြီးမင်းသည် ဆရာဖြစ်သူတောင်တွင်းဆရာတော်အား တ ကယ်မ,တစ်လုံးကျေ,မကျေ စမ်းသပ်ကြည့်လိုသည့်စိတ်ဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍ဆိုင်းသမားများကိုကျောင်းသို့စေလွှတ်ပြီး တီး မှုတ်ခိုင်းကြည့်လေသည်။ ထိုအခါဆရာတော်ကဆိုင်းသမားများ တီးမှုတ်နည်းကိုညွှန်ကြားပြသပေး၏။ ဆရာတော်ညွှန်ကြားသည့်အတိုင်း တီးမှုတ်ကြရာ ရှေးကမကြားဘူးသောသာယာနာပျော်ဖွယ်ကောင်းသည့် တီးလုံးသံများပေါ်ထွက်လာသည်ဟု အဆိုရှိလေသည်။
တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် ခဲရာခဲဆစ် လောကီ လောကုတ္တရာရေးရာ စာပေကျမ်းဂန်များစွာကို ပြုစုတော်မူခဲ့သည်။
ဆရာတော်ပြုစုရေးသားခဲ့သောစာပေများအနက် အဘိဓမ္မာနှင့်ပတ်သက်၍ ပဋ္ဌာန်းအရကောက်ကျမ်း၊ ယမိုက်ကဂဏ္ဍိ၊ ဓါတုကထာဂဏ္ဍိ၊ ဝီ ထိလက်ရိုးလက္ခဏသဂြိုင်္ဟ်ကျမ်းစသောကျမ်းများကိုလည်းကောင်း၊ သဒ္ဒါနှင့်ပတ်သက်၍ ပုဒ်ဆစ် သဒ္ဒါဆစ်၊ သဒ္ဒါကြီးဂဏ္ဍိပဗ္ဗ၊ သံဝဏ္ဏနာ ကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စယနသာရအကောက်၊ ဉာဉ်ကောက် စသောကျမ်းများကိုလည်းကောင်း၊ ဓါတုဗေဒနှင့်ပတ်သက်၍ဓါ တုဗေဒကျမ်း၊ ဓါတုဝိဘာဂကျမ်း၊ ဓါတုဒီပနီကျမ်းစသော ဆေးကျမ်းများကိုလည်းကောင်း၊ ဆေးပညာနှင့်ပတ်သက်၍ မြန်မာ့ဆေးပညာ လောက၌ထင်ရှားကျော်ကြားသည့်နရသုခိ၊ ဆနဝုတိ၊ နရမာလာစသောဆေးကျမ်းများကိုလည်းကောင်း၊ ဗေဒင်နက္ထတ္တဗေဒနှင့်ပတ်သက် ၍ ဒွါဒသရာသီကျမ်း၊ နေတ္တိဟာအရကောက်၊ ဇော်ကဝိဇ္ဇာကျမ်း(ဒွါဒရာသီအဖွင့်)၊ ဒွါဒသစိန္တာနက္ခတ်၊ မဏိဇောတရာသီကျမ်း၊ ဗေဒင် လက်ရိုးဋီကာစသောကျမ်းများကိုလည်းကောင်း၊ အင်္ဂဝိဇ္ဇာနှင့်ပတ်သက်၍ အင်္ဂဝိဇ္ဇာမဟာဋီကာကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း(၉)တွဲစသောကျမ်း များကိုလည်းကောင်းပြုစုခဲ့လေသည်။ ဆရာတော်ပြုစုခဲ့သည့်အင်္ဂဝိဇ္ဇာဋီကာကြီး သုံးတွဲပေါင်းချုပ်ကိုစိတ်ကူးချိုချိုစာပေမှ ၂ဝ၁၃ တွင်ပြန်ထုတ်ဝေထားသည်။
ထို့ပြင်အာဒိကပ္ပကျမ်း၊ ကပ္ပါလင်္ကာရကျမ်း၊ ဒွါဒသိန်ကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန္ဓဆက္ကဝဏ္ဏာကျမ်း၊ သုတ္တမာ လာ၊ ဝုတ္တိမာလာကျမ်း၊ ဗြဟ္မဝစ္စဝါစကျမ်း၊ လက်ဝဲအနော်ရထာလျှောက်ထုံးကျမ်း၊ ကလျာဏီရွှေကျောင်းမော်ကွန်းဂါထာစသည်တို့ဖြစ် သည်။
လက်ဝဲနော်ရထာလျှောက်ထုံးကျမ်းမှာ လက်ဝဲနောက်ရထာအမတ်က အရပ်ရပ်သောလောကီ၊ လေကုတ္တရာကျမ်းတို့မှခဲရာခဲဆစ်တို့ကိုစိ စစ်ရှာဖွေ၍ အမေးပုစ္ဆာပြုလုပ်လျှောက်ထားသည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်က ဖြေဆိုရာဟူသမျှကို ရေးမှတ်ထားသောကျမ်း ပင်ဖြစ်သည်။
တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် သက္ကရာဇ်(၁၁၂၄)ခုနှစ်၊ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)အရွယ်ကောင်းစဉ်၌ပင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ မည်သည့်လတွင်ပျံလွန်တော်မူရှာသည်ကိုလား အတိအကျမသိရသော်လည်း စစ်ကိုင်းမြို့ရှိဆရာတော်အရိုး အိုးစေတီကို သက္ကရာဇ်(၁၁၂၄)ခု၊ ပြာသိုလဆုတ်(၉)ရက်၊ (ခရစ်နှစ် ၁၇၆၃ခု ဇန်နဝါရီလ ၇ရက်) သောကြာနေ့တွင်တည်တော်မူသည်ဟု အရိုးကျောက်စာအရနတ်တော်လ(သို့မဟုတ်) ပြာသိုလဆန်းလောက်တွင်ဖြစ်မည်ဟုခန့်မှန်းရပေသည်။
ဆရာတော်၏ကြွင်းကျန်သောအလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်းအုပ်မိုးတော်မူ၍ ရွှေသံလျင်းဖြင့်ဆောင် တော်မူပြီးလျှင် မီးသဂြိင်္ုဟ်တော်မူခဲ့လေသည်။ ထိုနှစ်ပြာသိုလသို့ရောက်သောအခါ၌လည်း ဆရာတော်၏အသုံးအဆောင်ပရိဘောဂတို့ ဖြင့်လည်ကောင်း၊ ဓါတ်တော်တို့ဖြင့်လည်းကောင်း “စစ်ကိုင်းမြို့မြောက်မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင်ဆင်များရှင်ဘုရား၏ ရှေ့တွင်မဝေး၊ လမ်းထိပ်မှေး၌၊ ညွှတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည်”ဟုအရိုးအိုးစေတီကျောက်၌ဖော်ပြထားလေသည်။
Post by ဆရာသန်းဝင်းလှိုင်
စာညွှန်း
၁။ (က) မြန်မာစာညွှန့်ပေါင်းကျမ်း(ဒုတိယတွဲ) စာ-၄၀၀
(ခ) လက်ဝဲနော်ရထာလျှောက်ထုံး စာ- ၁၅၈
(ဂ) ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များအတ္ထုပ္ပတ္တိ ရန်ကုန်ရာပြည့်စာအုပ်တိုက်၊ ပဥ္စမအကြိမ် ၂၀၀၂ စာ- ၁၅၁၊ ၂၅၁
(ဃ) ပါရဂူ “ခင်ကြီးဖျော်နှင့်ဘာသာဗေဒ” ငွေတာရီမဂ္ဂဇင်း အမှတ် ၁၃၆(၁၉၇၁ ခု အောက်တိုဘာ) စာ ၃၆၊ ၃၈
(င) လှသမိန်၊ ဂန္တဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် ရန်ကုန်ဟံသာဝတီ ပကြိမ် ၁၉၆၁ စာ ၂၈၊ ၃၀
(စ) သန်းဝင်းလှိုင်“ခင်ကြီးဖျော်”(တောင်တွင်းဆရာတော်)ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၀၈၊ ဖေဖော်ဝါရီ စာ ၁၁၆- ၁၁၈။