loading

အရဟံ ဦးဆင် =========

  • Home
  • Blog
  • အရဟံ ဦးဆင် =========

စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက် မတ္တရာနယ် တစ်ဝိုက်မှာတော့ အရဟံ ဦးဆင် ဆိုတာ မသိသူ မရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ်။
သူ့ကို လူတွေ အသိများတာဟာ ဆန်စက်ပိုင်ရှင် သူဌေးကြီး တစ်ဦးဖြစ်လို့ ဆိုတာထက် အင်္ကျီဗလာ၊ လုံချည်ဖာ တစ်ရာနဲ့ နွားကျောင်းသား ဘဝက ဗြုန်းစားကြီး ဆန်စက်ပိုင်ရှင်အဖြစ် ပြောင်းလဲသွားတာရယ်၊ သေသည်အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ ရှိတာရယ်၊ သူ့အိမ်ဝမှာ အရဟံ ဆိုတဲ့စာလုံး ဆိုင်းဘုတ် အကြီးကြီး ရေးထားတာရယ် တို့ကြောင့် ပါပဲ။
ဒီ အရဟံ ဆိုတဲ့ စာလုံး ဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို အရဟံ ဦးဆင် လို့ လူတွေက သိကြခေါ်ကြ တာပါ။
ဦးဆင်ဆိုတာ ငယ်ငယ်က သာမဏေဘဝနဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ သူရိယာဘိဝံသ ( နောင် အဘိဓဇမဟာရဋ္ဌဂုရု ) ထံမှာ နေသွားခဲ့ဖူးတယ်။ ရဟန်း မဖြစ်ခင်မှာဘဲ သူ့ ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် ( မည် ) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ်။ လယ်ယာ မြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာ ထွန်ယက်နွားကျောင်း သူရင်းငှားဘဝနဲ့ လုပ်ကိုင် စားရတဲ့ဘဝမှာ မိသားစုက စားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဖြစ်လို့ လုံချည်ခါးနွမ်း ကျောနေလှမ်း ဘဝမှာ အိမ်က ခနော်ခနဲ့ ခေတ်သစ် ကာကဝလိယလို့တောင် ဆိုနိုင်လောက်ပါသတဲ့။
ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ်။ လှူဖွယ်ဝတ္တုရယ်လို့ မပါပေမယ့် ဆရာသမားကို ဝတ်ကြီးဝတ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့။
မွေးနေ့ပြီးလို့ အပြန်မှာတော့ အင်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက ငါ့တပည့်လို သံဃာ့ဝေယျာဝစ္စ ္စလုပ်သူအတွက် ပေးကောင်းတယ်ကွဲ့။ အပ်စပ်ပါတယ်။ အင်္ကျီချုပ်ဝတ် လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ်။
ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့် အိမ်မှာ အရွယ်ရောက်စပြုနေပြီဖြစ်တဲ့ နှမတွေ ညီငယ်တွေ အတွက်ပဲ သင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း လုံချည် ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ။
မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန် ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ဘာမှ တိုးတက်ပြောင်းလဲ မလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာတော်ကြီးက ငဆင် နင် မချမ်းသာချင်ဘူးလား လို့မေးတော့ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား။ တပည့်တော် သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ။ အစားအဝတ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင် ကို ကျေနပ်လှပါပြီ။
ဆရာတော် မစ နိုင်ရင် မစ ပေးတော်မူပါဘုရား လို့ လျှောက်ထားပါသတဲ့။
ဆရာတော်ကြီးက” ဟဲ့……. ငဆင်ရဲ့၊ ကံကံ၏ အကျိုးဆိုတာ နင်လည်း သိသားပဲဟာ။ နင့်ကို ငါက မစလို့ ဘယ်ရမလဲဟဲ့။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့ “ဆိုတော့……
“မှန်ပါ၊ တတ်နိုင် သမျှတော့ ကြိုးစားတာပါပဲ ဘုရား။ မိသားစုကလည်းများ၊ ညီတွေ ညီမတွေကလည်း လက်လုပ် လက်ကိုင်လေးမှ အကူအညီက မရသေး။ ဒီကြားထဲ လောက အလျောက် အိမ်ထောင် ကလည်း ကျပြီဆိုတော့ အလုပ်နဲ့ဝင်ငွေက မတိုးဘဲ ပါး စပ်ပေါက်တွေ သာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက် နေတာပဲဘုရား “လို့ ပြန်လျှောက်ပါတယ်။
ဆရာတော်ကြီးက
” အေး…….နင့်ကို ငါက မထူပေးလို့တော့ မရဘူး။ နင့်ကိုယ်နင် ရုန်းထနိုင်အောင် အထောက် အကူတော့ ပေးလိုက်မယ်။ ရော့ဟောဒီ ပုတီးကို ယူသွား။ ဘာမှ နည်းတွေများမနေနဲ့ အရဟံ တစ်လုံးကို အဓိပ္ပာယ်ပါ အာရုံပြုပြီး မပြတ်ပွားပေရော့ “
ဆိုပြီး အနားမှာရှိတဲ့ ပရိက္ခရာပုံထဲက ပုတီးတစ်ကုံးကို ပေးလိုက် ပါတယ်။
ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့ အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ။
ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေတဲ့ မောင်ဆင်မှာ ခုတော့ အလုပ်လုပ်နေချိန် ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆွဲထားတာတွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့လက်မပြတ်အောင် စိပ်တော့တာပဲ။ နွားကျောင်း ရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး။
နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ မောင်ဆင်ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး။ ဆရာတော်ကြီးထံပါးမှာ
၀တ္ခ်ေတာ့…….
“ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့”
“ဘာမှ မထူးသေးပါဘုရား”
“အေး လာစမ်း ဒီနား “
ဆိုပြီး ဖြန်း ခနဲရိုက်လိုက်တော့…..
“အမေလးဘုရား “
လို့ လန့်အော်တယ်။ ဆရာတော်ကြီးက….
“နင် လိုသေးတယ်၊ ဆက်ကြိုးစားဦး”
လို့ မိန့်ပါတယ်။
နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။ အဲ….လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီးက “ငဆင် လာစမ်း ဒီနား ဖြန်း “
ဆိုတော့
“အရဟံ အရဟံ အရဟံ”
“အေး နင့်ခန္ဓာကိုယ်ထဲခုမှ အရဟံဂုဏ်တော် ကိန်းတယ်ဟ။
သုံးလေးနှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ်။ ဆက်ကြိုးစား ကြားလား”
“မွန္ပါ ဘုရား”
အချိန်က ဂျပန်တွေ မြန်မာပြည်ဝင်လာခါစ၊ မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ်များ သန်းလာပြီ။ မတ္တရာနယ်မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများ ရှိရာ အိန္ဒိယကို ပြန်လိုတဲ့အတွက် သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အစောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေ သင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ အဲဒီနယ်သူကြီးက..
သူရင်းငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိတယ်။ မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသားတည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့် သူငယ်မဟုတ်ဘူး။ ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်တာ သေချာတယ်။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့် ပြီး ရှောက် ခိုင်းတာ အကောင်းဆုံးပဲလို့ အကြံပေးကြတယ်။
ဆန်စက်ပိုင်ရှင် များကလည်း ဟိန္ဒူအမျိုးသားများဖြစ်တဲ့အတိုင်း မစိုးရိမ်တိုက် ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေးစားကြတဲ့ အတွက် သဘောကျပြီး မောင်ဆင်နဲ့သွားတွေ့ အကျိုးအကြောင်း ပြောဆို ညှိနိူင်းကြပြီး နှစ်ဦးနှစ်ဖက် သဘောတူကြလို့ မောင်ဆင် လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယ ပြန်သွားကြတယ်။
မောင်ဆင်လည်း မမျှော်လင့်ဘဲ ဆန်စက်နဲ့ လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မဟုတ်ပေမယ့် ဆန်စက်ကိုင် သူဌေးလေးဘဝ ရောက်သွားတော့တယ်။ အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့ အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး။ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိသားစုနဲ့အတူ ရောက်လာကြတယ်။ ဆရာတော်ကြီးက-
“ငဆင် ဒီနှစ် ထူးလာပြီလားဟ”
ဆိုတော့…….
“မှန်ပါ၊ ထူးဆို တပည့်တော် စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့ အထိကို ထူးတာဘုရာ့။ အခု တပည့်တော် ဆန်စက်တစ်လုံး ကို စောင့်ရှောက် ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စားဝတ် နေရေး ပြည့်စုံပြီး မိုးလုံလေလုံနေနိုင်ဖို့ ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့။ ဒါတွေဟာ ဆရာတော် မလိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရား ”
ဆိုပြီး ဝမ်းသာ မျက်ရည်နဲ့ လျှောက်ထားရှာတယ်။
“ဟဲ့……..ငဆင်ရဲ့၊ နင့်ကို ငါ မလို့ မရဘူး။ နင့်ကိုယ်နင် ရုန်းကန်ထရမှာ လို့ အစကတည်းကပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါ မတာလည်း မဟုတ်ဘူး၊ နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့။ နင့်ခန္ဓာကိုယ်ထဲမှာ နင် ကိုယ်တိုင် မပြတ်ပွားထုံပြီး တည်ထားတဲ့ အရဟံ ဘုရားက မတာ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက်သက်နဲ့ ချမ်းသာလာတယ် မထင်လိုက်နဲ့၊ ကံမျိုးစေ့ အောင်မြင်လာတော့ အနုတ္တရံ ပုညခေတ္တံ လောကဿ” ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက်ထုတ်နိုင်သလောက် အကျိုးဖြစ်ထွန်းတာပေါ့။ ကမ္မသကတ သမ္မာဒိဋ္ဌိ အမြင်မှန် လက်မလွတ်စေနဲ့၊ မမေ့မလျော့ ဆက်ကြိုးစား ကြားလား”
လို့ မိန့်ကြားပါတယ်။
မောင်ဆင်ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားပေမယ့် မစိုးရိမ်ဆရာတော်ကြီး မွေးနေ့ ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ဝိုင်းဝန်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက်ပါတယ်။
စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက သူတို့မိသားစု ဟိုမှာလည်း အလုပ်အကိုင် အဆင်ပြေနေ တဲ့ အတွက် ဟိုမှာပဲ အခြေချတော့မယ်။ ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အပြီးအပိုင်ပေးပါတယ် လို့ စာနဲ့လွှဲအပ်ပါတယ်။ စစ်ပြီးစလောက်တုန်းက မတ္တရာနယ်တစ်ဝိုက်မှာတော့ ဆင်းရဲးသား ကျောမွဲစစ်စစ် ဘဝက ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ အရဟံ ဦးဆင်အကြောင်း လူတိုင်းလိုလိုက တအံ့အသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးလေး တကျော် ဖြစ်ရပ်ပါပဲတဲ့။
ဒီနေရာမှာ အထူးသတိထားရမှာကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက်တယ်လို့ ကွဲပြားခြားနားမှုမရှိပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်းနည်းညံ့ ခွဲဖို့ မလိုဘူး။ နည်းမြဲဖို့ပဲ လို့တယ် ဆိုတဲ့ အချက်ပါ။
ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေဝနပစ္စည်းတပ်တယ်လို့ ခေါ်ပါတယ်။ ကံအနေနဲ့ ပြောရရင်တော့ မပြတ်လေ့ ကျက်နေ တဲ့ အာစိဏ္ဏကံ ပါပဲ။ အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ ဒိဋ္ဌဓမ္မ ဝေဒနိယ
အကျိုးကော နောင်အဆက်ဆက် သမ္ပရာယိက အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ်။
မစိုးရိမ်ဆရာတော်ကြီးထံမှ ကြားနာမှတ်သားခဲ့ရသည့်အတိုင်း အမရပူရမြို့၊ တူမောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ ( အဂ္ဂမဟာ ပဏ္ဍိတ ) ထပ်ဆင့် မိန့်ကြားဆုံးမချက်ကို မျှဝေတင်ပြလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *