☯️နိဒါန်း

မြန်မာနှစ် ၁၃၈၈ခုနှစ်မှာတော့ အင်္ဂါသားသမီးတွေဟာ တနင်္လာဂြိုဟ်ပေါ်ရောက်ရှိနေတဲ့ကာလပဲ ဖြစ်ပါ တယ်။ ဒီလိုနှစ်ဟာ အင်္ဂါသားသမီးတွေအနေနဲ့ အိုအေစစ် နဲ့တူပါတယ်။ အေးချမ်းမှု၊ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတဲ့နေ့ရက်တွေဖြစ်မဲ့နှစ်ပါပဲ။ ဒါကြောင့်ပဲ အပန်းဖြေပါ၊အနားယူပါ။ ခန္ဓာကိုယ်ကို အနားပေးပါ။ အလုပ်တွေ ကြားထဲမှာ ခေါင်းစိုက်နေသူများအတွက် အလုပ်တွေကိုခဏလျှော့ထားပြီး အေးချမ်းမှုကိုရှာဖွေပါ။ မိမိကျန်းမာရေးကို ဂရုစိုက်ပါ။ဘာလို့ဒီလိုနှစ်မျိုးမှာ နားနားနေနေ အနားယူခိုင်းတာလဲလို့ ပြောလာခဲ့ရင် အကျိုးစီးပွားနဲ့ ပတ်သက်ရင်ကြိုး စားသလောက် အရာထင်ဖို့ ခဲယဉ်းနေလို့ပါပဲ။ ဒီလိုနှစ်ပိုင်းတွေမှာတော့ အလုပ်တစ်ဝက်နဲ့အနားယူမှုတစ်ဝက် မျှတစွာ လည်ပတ်ဖို့ လိုပါတယ်။ အလုပ်ထဲမှာ အားထည့်မယ်လို့စိတ်နှစ်ထားရင်တော့ အလုပ်လုပ်မယ်ကြံလိုက် ခရီးကိစ္စပေါ် လာလိုက်၊လူမှုရေးကိစ္စကြုံလိုက်၊သာရေး နာရေးကြုံလိုက်နဲ့ အလုပ်ကို အပြည့်အဝအားမစိုက်နိုင်တာမျိုးတွေဖြစ်တတ် ပါတယ်။ ကံကောင်းတာက ပညာရှာနေတဲ့ လူငယ်၊လူလတ်ပိုင်းတွေအနေနဲ့ ပညာသင်ခြင်းများနဲ့ ပညာအဆင့်မြှင့်ခြင်း များဆောင်ရွက်နိုင်ပါတယ်။ လိုအပ်တဲ့ဘွဲလွန်တွေတက်နိုင်ပါတယ်။ လူကြီးပိုင်းတွေအနေနဲ့လဲ တရားအသိပညာတွေ၊ ဝိပဿနာကိုလေ့လာတာမျိုး၊ အလုပ်ပေးတရားတွေနာယူပြီး ခန္ဓာဥာဏ်ရောက် တရားအားထုတ်တာတွေလုပ်နိုင်ပါ တယ်။
☯️စီးပွားရေးနှင့်အလုပ်အကိုင်
အလုပ်စီးပွားနဲ့ပတ်သက်ရင်တော့ အလုပ်ဂြိုဟ်တနင်္ဂနွေနဲ့ ပက္ခတ်မိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လုပ်တော့ လုပ်နေတယ်…ထင်သလောက်တော့ ရှေ့မရောက်ဘူးဆိုတာမျိုးဖြစ်တတ်ပါတယ််။ မအောင်တာမျိုး၊ ကျရှုံးနေတာမျိုး တော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အညွှန့်ဂြိုဟ်ဟာ အားကောင်းစွာနဲ့ သိုက်အိမ်မှာရပ်တည်နေတာကိုတွေ့ရပါ တယ်။ ဒါကြောင့် ဒီလိုနှစ်မျိုးဟာ လုပ်စရာရှိတာလုပ်၊ ဆက်လျှောက်ရမဲ့ ကိစ္စတွေကို ပုံမှန်အတိုင်းသာဆက်လုပ်သွားပါ။ ဟုန်းကနဲထတောက်ဖို့ခဲယဉ်းတဲ့နှစ်မျိုးဖြစ်ပေမဲ့ လုပ်သလောက်တော့ အဆင်ပြေနေအုံးမယ်ဆိုတာကို သိစေချင်တယ်။ အလုပ်နေရာပြောင်းရတာမျိုး၊အိုးပြောင်း၊အိမ်ပြောင်းနဲ့ ရာထူးအပြောင်းအလဲမျိုးတွေကအစ ဖြစ်တတ်ပါတယ်။ မူလရပ် တည်နေတဲ့နေရာကနေ ပုံစံပြောင်း၊နေရာပြောင်း၊ စတိုင်ပြောင်းပြီးလုပ်ရတတ်ပါတယ်။ အပြောင်းအလဲကိုမကြောက်ပါနဲ့ ။ စိုးရိမ်စိတ်တွေကို လျှော့ချထားပါ။ လူဆိုတာ တစ်ခုခု ပြောင်းလဲမယ်ဆိုရင် ကြောက်သွားတတ်ပြီး ဘာလုပ်ရမှန်းမသိ ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။ အပြောင်းအလဲကို ရဲရဲရင်ဆိုင်ပြီး အကောင်းဆုံးတည်ဆောက်ပါ။ လူကြီးသူမတွေနဲ့ ဝေးကွာသွားတာမျိုး၊ မိမိချစ်ရတဲ့အထက်လူကြီးတွေနဲ့ဝေးရတာမျိုးတွေကိုလဲ ကြုံရတတ်ပါတယ်။
သတိပေးလိုတာက အလုပ်တွေအပေါ်အာရုံမစိုက်ဘဲအဖွဲ့အစည်းထဲတွေဝင်တာမျိုး၊အသင်းအဖွဲ့ထဲဝင်တာမျိုး တွေကိုတော့ လက်ရှောင်စေချင်ပါတယ်။ တတ်နိုင်သလောက်ကိုယ့်အလုပ်ကိုပဲ စိတ်နှစ်ပြီးလုပ်စေချင်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အတိတ်ကံအကျိုးပေးစရာရှိရင် ဒီနှစ်မှာ အကျိုးပေးလာတတ်ပါတယ်။ အတိတ်ကလုပ်ခဲ့ တဲ့မိမိကောင်းတဲ့ကုသိုလ်ကံအကျိုးပေးတွေက ဒီလိုနှစ်မျိုးမှာ အကျိုးပေးလာတတ်ပါတယ်။ နိုင်ငံရပ်ခြားအကျိုးစီးပွား နဲ့ ပတ်သက်သောကိစ္စမှန်သမျှအဆင်ပြေလာတတ်ပါတယ်။ နိုင်ငံရပ်ခြား စီးပွားရှာနေသူများကတော့ သိသိသာဝင်ငွေတိုး လာနိုင်တာကိုတွေ့ရပါတယ်။ နိုင်ငံရပ်ခြားသွားဖို့ စောင့်ဆိုင်းနေရသူဖြစ်တယ်ဆိုရင်တော့ နိုင်ငံရပ်ခြားသွားရဖို့ အကြောင်းဖန်လာတတ်တဲ့နှစ်ဖြစ်ပါတယ်။
☯️ငွေကြေးနှင့်ဓနဥစ္စာ
ငွေကြေးကံကြမ္မာကတော့ ညံ့နေတာမျိုးမတွေ့ရဘူး။ အဘက်ဘက်ကဝင်လာဖို့ရှိနေပါတယ်။ ကံကပေးတဲ့ငွေ လို့ပဲပြောရမယ်ထင်ပါတယ်။ အစွမ်းအစကြောင့်ရတာထက် လက်ဆောင်ရတာမျိုး၊လာကန်တော့တာမျိုး၊ထီပေါက်တာ မျိုး၊အမွေရတာမျိုးတွေ စသောနည်းလမ်းတွေနဲ့ ငွေရလာတတ်ပါတယ်။ မိမိဝန်ဆောင်မှုကိုသဘောကျလို့ လုပ်အားခ ပိုပေးသွားတာမျိုးတွေကိုလဲ ကြုံရတတ်ပါတယ်။ အတိတ်က ကိုယ်ကျေးဇူးပြုခဲ့တဲ့သူတွေက ကျေးဇူးပြန်ဆပ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာလဲ ကိုယ့်ရဲ့လုပ်သက်တွေ၊ ကိုယ်ဆိုင်သက်တမ်းတွေ၊ ဒီအလုပ်တွေ ကိုဘယ်ခုနှစ်ကတည်းက လုပ်နေတာမျိုးတွေကို လူတွေသိအောင် ကြော်ငြာလုပ်ကိုင်ခြင်းဖြင့်လဲ ဝင်ငွေတိုးလာနိုင် တာကိုသိထားရပါလိမ့်မယ်။ နိုင်ငံခြားနဲ့ဆက်စပ်သောအလုပ်များ၊ အပိုပစ္စည်းနဲ့သက်ဆိုင်သောအလုပ်များ၊ ပြင်ဆင် ထိန်းသိမ်းတဲ့အလုပ်များ၊ကံကိုအမှီပြုပြီး လုပ်ရသောအလုပ်များ သိသိသာသာဝင်ငွေတိုးပွားလာနိုင်တာကို အထင် အရှားတွေ့လာရတတ်ပါတယ်။ ငွေကြေးစတင်စုဆောင်းချင်တဲ့သူတွေအတွက်လဲ သိသိသာသာငွေစုလာနိုင်တဲ့ နှစ် တစ်ခုအဖြစ်သတ်မှတ်ရပါလိမ့်မယ်။ ငွေကုန်နိုင်တဲ့အချက်ကတော့ အိမ်ပြင်၊အိမ်ဆောက်တာတွေအတွက် ငွေကုန် ကြေးကျများရတတ်ပါတယ်။ မိသားစုတွေကို စောင့်ရှောက်ထောက်ပံ့ရတဲ့အပိုင်းတွေမှာငွေကုန်ကြေးကျများရတတ် ပါတယ်။
☯️အချစ်ရေးနှင့် မေတ္တာတရား
အချစ်ရေးမှာတော့ အနည်းငယ်ရှုပ်ထွေးပွေလီတဲ့နှစ်လို့ပဲ သတ်မှတ်ပါတယ်။ ထင်မှတ်မထားတဲ့ အပြောင်း အလဲတွေလဲကြုံရတတ်ပါတယ်။ ချစ်သူရှိလျက်နဲ့ အသစ်တွေ့တာမျိုးတွေ၊ နောက်တစ်ယောက်အပေါ် စိတ်ကမသိမသာ သာယာသွားတာမျိုးတွေကအစဖြစ်တတ်ပါတယ်။ အချစ်ရေးက ပုံမှန်မဟုတ်သော အနေအထားမျိုးဖြစ်နိုင်တဲ့နှစ်လို့ ပြောရပါလိမ့်မယ်။ ချစ်ရသူကတစ်ယောက်၊သံယောဇဉ်တွယ်မိသူကတစ်ယောက်ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။ မိမိ စိတ်ကိုယ်က ဒွိဟဖြစ်နေတတ်တဲ့နှစ်မျိုးပါ။ လာပြီး ချစ်ရေးဆိုသူနှစ်ယောက်ရှိတယ်ဆိုရင်လဲ ဘယ်သူကိုရွေးချယ်ရမလဲ ဆိုတာ ဆုံးဖြတ်ရခက်ခဲတတ်ပါတယ်။ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားရင်တော့ ဆွေမျိုးသားချင်းတွေရဲ့ အနှောက် အယှက်လေးတွေ ကြုံရလွယ်တာမျိုးတွေ၊ လူကြီးမိဘတွေရဲ့ သဘောမကျမှု ၊ကန့်ကွက်မှုမျိုးကြုံတွေ့ရတာ မျိုးတွေဖြစ် တတ်ပါတယ်။ ဒီနှစ်မှာ အင်္ဂါနေ့ဖွား လူလွတ်တွေဖြစ်မယ်ဆိုရင်တော့ အထက်လူကြီး၊အကြီးအကဲ ကိုယ့်ထက်အသက် အရွယ်ကြီးရင့်သူတွေနဲ့ မေတ္တာရေးကံပေါ်တတ်တဲ့နှစ်လို့ ပြောရပါလိမ့်မယ်။နိုင်ငံရပ်ခြားရောက်နေတဲ့သူဆိုရင်လဲ နိုင်ငံ ခြားမှာ ချစ်သူရသွားတာမျိုးတွေဖြစ်လွယ်တဲ့နှစ်ပါ။
☯️အိမ်ထောင်ရေး
အိမ်ထောင်ရေးနဲ့ပတ်သက်ရင် ဒီနှစ်ပိုင်းမှာအဆင်မပြေတာလေးတွေလဲ အထိုက်အလျောက်ရှိနေတတ်ပါ တယ်။ အိမ်ထောင်ဘက်နဲ့ အယူအဆသဘောထားမတူညီတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေးအားနည်းချက်တွေကြောင့် စိတ်ပူပန်ရတာမျိုးတွေလဲ ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာ နားလည်မှု ရှိရှိနဲ့အပေးအယူမျှမှသာ သာယာပျော်ရွှင်ရပါလိမ့်မယ်။ စိတ်ကြီး ဒေါသကြီးပြီး ဥာဏ်နည်းကြမယ်ဆိုရင်တော့ အိမ် ထောင်ရေးကွဲကွာသွားနိုင်ပါတယ်။ လူကြီးမိဘတွေနဲ့ ဆက်နွယ်ပြီးတော့ လင်မယားချင်းစကားများစရာလေးတွေကြုံ လာ ရတတ်ပါတယ်။ အလုပ်ကံငွေကံတွေအားကောင်းနေတာမို့ အရင်ကတည်းက အလုပ်မယ်မယ်ရရမရှိသူမှလွဲပြီး တော့ အလုပ်၊ ငွေကို အကြောင်းပြုပြီး အဆင်မပြေတာမျိုးတော့ မရှိနိုင်ပါ။ အိမ်ထောင်ဘက်နဲ့ အနေဝေးနေတဲ့သူမျိုးဆို ရင်လဲ အငယ်အနှောင်းကိစ္စလေးတွေ၊ စုတ်ကိစ္စရှုပ်ထွေးလာနိုင်တာမျိုးတွေကို သတိထားပြီးရှောင်လိုက်စေချင်ပါတယ်။
☯️လူမှုဆက်ဆံရေး
လူမှုဆက်ဆံရေးကတော့ ဒီနှစ်မှာအကောင်းဆုံအနေအထားမျိုးကြုံတွေ့ရနိုင်ပါတယ်။ မိတ်ဆွေ ဟောင်းတွေထက် မိတ်ဆွေသစ်၊လူသစ်တွေနဲ့ ဆက်ဆံရတတ်ပါတယ်။ တစ်ယောက်အထာ တစ်ယောက်မသိသေးတာ မို့ သတိနဲ့ဆက်ဆံပြောဆိုရတာမျိုးတွေကိုလဲ ကြုံရတတ်ပါတယ်။အားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းနိုင်ပါလိမ့်မယ် ။ မိတ်ဆွေကောင်းတွေနဲ့ ကောင်းစွာလည်ပတ်နိုင်တာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ထဲမှာ တစ်စိမ်းတွေ၊လူသစ်တွေ နဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်ပါလိမ့်မယ်။ ကံကောင်းနေတဲ့အချက်က အများရဲ့ ချစ်ခင်မှု၊လေးစားမှုရရှိလာနိုင်တာ မျိုးကြုံတွေ့ရတတ်ပါတယ်။ ထင်မှတ်မထားတဲ့လူမျိုးတွေကတောင် ကိုယ့်ကို ချစ်ချစ်ခင်ခင်ဆက်ဆံလာတာမျိုးတွေကြုံ ရတတ်ပါတယ်။ နဝင်းဂြိုဟ်တွေ၊ ဘုန်းတန်ခိုးတေဇဂြိုဟ်တွေတောက်ပနေချိန်မို့ မိမိဩဇာညောင်းတာမျိုးတွေကြုံရ တတ်ပါတယ်။ လူမှုဆက်ဆံရေးကတော့ စိတ်ညစ်စရာပူစရာမလိုဘူးလို့ပဲမြင်ပါတယ်။
☯️ကျန်းမာရေး
ကျန်းမာရေးကတော့ စိတ်ပူရမဲ့အချိန်တော့မဟုတ်ဘူးဗျ။ ဒီနှစ်က ဦးခေါင်းပိုင်းအားနည်းတယ်။ အရိုးနဲ့ဆက်စပ် တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ နှလုံးရောဂါအခံရှိသူများအနည်းငယ်သတိထားပါ။ ဘုမ္မိဂြိုဟ်အားနည်းတာမို့ ဆီးဝမ်း သွေးလေ မမှန်တာမျိုးတွေသတိထားပါ။ လိပ်ခေါင်းရောဂါတွေသတိပြုစေချင်ပါတယ်။ ဒီနှစ်ပိုင်းကို ကျန်းမာရေးကို သတိပြုစေချင်ပါတယ်။ မထင်မှတ်ထားသော ကိုယ်ခံအားနည်းမှုလေးတွေတွေ့ရပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်ပါ ။ခန္ဓာကြံ့ခိုင်အောင်ထားပါ။ အာဟာရရှိအောင်စားပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လူထူထပ်တဲ့နေရာတွေရှောင်ပါ။ ဆေးရုံ၊ဆေးခန်းတွေ မက်စ်တပ်ပြီးမှသာသွားပါ။ မွေးစကနေ ရှစ်နှစ်အတွင်း ကလေးငယ်များကို တတ်နိုင်သလောက် လူထူထပ်တဲ့နေရာတွေခေါ်မသွားစေချင်ပါဘူး။ အိပ်ရေးဝအောင်အိပ်ပါ။ စိုးရိမ်စိတ်တွေလျှော့ချပါ။ ငါဆိုတဲ့ အတ္တကို လျှော့ချပြီး တရားကိုနေ့တိုင်းရှုမှတ်မယ်ဆိုရင်တော့ တော်ရုံကျန်းမာရေးအညံ့ဝင်တော့မည် မဟုတ်ပါ။
☯️တစ်နှစ်စာ ဆောင်ရန်/ရှောင်ရန်
***ကြားသုံးကြားရှောင်ပါ။သူများကိစ္စတွေဝင်မပါနဲ့။
***လူအများရဲ့ အထင်ကြီးမှု၊လေးစားမှု၊ချစ်ခင်မှုကို အထူးရရှိပါလိမ့်မယ်။
*** နိုင်ငံရပ်ခြားနဲ့ဆက်စပ်ပြီးငွေရှာပါ။ အွန်လိုင်းကလူတွေကို Traget ထား စီးပွားလုပ်ပါ။
***ဗုဒ္ဓဟူးနေ့၊ စနေနေ့တွေက ကံကောင်းတဲ့နေ့တွေပါ
***၇ဂဏန်း၊၈ဂဏန်းတွေက ကံကောင်းတဲ့ဂဏန်းတွေပါ
***အနောက်တောင်အရပ်နဲ့ တောင်အရပ်တွေက အကျိုးပေးတဲ့အရပ်မျက်နှာဖြစ်ပါတယ်။
*** နာမည်ကို အင်္ဂါအစ၊ကြာသပတေးအပိတ်မှည့်ထားရင် ကျန်းမားရေးနှင့်ငွေကြေးကိစ္စတွေအားနည်းပါတယ်။
***အသက် ၈နှစ်၊၁၅နှစ်၊၂၂နှစ်၊၂၉နှစ်၊၃၆နှစ်၊၄၃နှစ်၊၅၀နှစ်၊၅၇နှစ်၊၆၄နှစ်ထဲကို ရောက်နေတဲ့ သူတွေပိုမိုဂရုစိုက်ပါ။
*** တတ်နိုင်သမျှ အဖြူရောင်၊ကြက်သွေးရောင်တွေကိုရှောင်ပါ။
***အရှေ့အရပ်ကိုရှောင်ပါ။
*** တစ်နှစ်တာလုံး ၂/၉ဂဏန်းရှောင်ပြီး အလုပ်လုပ်ပါ။
☯️တစ်နှစ်စာ ကံမြင့်မားစေမဲ့ယတြာများ
#ဒိဝါ တပတိ ဂါထာကို သတိရတိုင်းပွားနေပါ။
#မိမိအိမ်မှာရှိတဲ့ ရေကန်၊အုတ်ကန်၊over head tank တွေကို သန့်ရှင်းရေးပြန်လုပ်ပါ။
#မနက်မျက်နှာသစ်တိုင်းအနောက်တောင်အရပ်ကို မျက်နှာမူပြီး စနေဂြိုဟ်မင်းနှင့်တကွ ဝေနေယျသတ္တဝါ တွေကို မေတ္တာ ပို့ပါ
#အိမ်ကဘုရားမှာ ဒိန်ချဉ်မကြာခဏလှူပါ။
#အနက်ရောင်အဆင်းရှိသော လက်ကိုင်ပုဝါတစ်ထည်ကို အမြဲဆောင်ထားပါ။
#ကိုယ့်အလုပ်စားပွဲမှာ နဂါးရုပ်လေးတစ်ရုပ်ထားပါ။ စွယ်တော်သားနဲ့ ထုထားတဲ့ နဂါးရုပ်ဆို ပိုကောင်းပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695