loading

                                                ၁၃၈၈ခုနှစ်အတွက်  ဗုဒ္ဓဟူး/ရာဟု သားသမီးတစ်နှစ်စာဟောကိန်း

  • Home
  • Blog
  •                                                 ၁၃၈၈ခုနှစ်အတွက်  ဗုဒ္ဓဟူး/ရာဟု သားသမီးတစ်နှစ်စာဟောကိန်း

☯️နိဒါန်း

            မြန်မာနှစ် ၁၃၈၈ခုနှစ်မှာတော့ ဗုဒ္ဓဟူးနေ့ဖွားတွေဟာ သောကြာဂြိုဟ်ပေါ်ရောက်ရှိနေတဲ့ကာလပဲဖြစ်ပါတယ်။ သောကြာရဲ့ သဘောအတိုင်း စည်းကမ်းရှိရင်၊ စေ့စပ်သေချာရင်၊အရာရာကိုချင့်ချိန်တတ်မယ်ဆိုရင် အဆင်ပြေမဲ့နှစ်မျိုး ဖြစ်ပါလိမ့်မယ်။ ချွေတာစုဆောင်းနိုင်မဲ့နှစ်ဖြစ်သလို သုံးမယ်ဖြုန်းမယ်ဆိုရင်လဲ ဖြုန်းဖို့ ငွေအလုံအလောက်ရှိနေတတ် ပါတယ်။ စုဆောင်းသိမ်းဆည်းမယ်ဆိုရင်တော့ လိုချင်နေတဲ့ ပမာဏတစ်ခုကို စုဆောင်းသွားနိုင်ပါလိမ့်မယ်။ ဒီလိုနှစ်မျိုး မှာတော့ ရာဟုသားသမီးတွေအတွက် နေရာထိုင်ခင်းကံမြင့်မားနေတာကိုတွေ့ရပြီး နေရာကောင်းရရှိခြင်း အိုးအိမ် ဆောက်ရခြင်း၊အိမ်ဟောင်းပြင်ရခြင်းများ ကြုံရတတ်ပါတယ်။ ဗုဒ္ဓဟူးနေ့ဖွားတွေအတွက် ဘုန်းတန်ခိုးတောက်ပနေပြီး စိတ်ဆန္ဒတွေအတိုင်း အပြည့်အဝဖြစ်လာတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင်တော့ ကျောင်းပြောင်း၊ဆရာပြောင်း ၊ သင်တန်းပြောင်းသင်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုနှစ်မျိုးမှာ ပညာရေးရလဒ်ကောင်းပြီး ဆုချီးမြှင့်ခံရတာမျိုး၊ ဆရာတော်တွေဆို ဘွဲ့တံဆိပ်ချီးမြှင့်ခံရတာမျိုးတွေကအစ ကြုံရနိုင်ပါတယ်။ ဒီနှစ်က ဆိုးနေတဲ့နှစ်မျိုးတော့ မဟုတ်ပေမဲ့ ညံ့နေတဲ့အချက်လေးတွေတော့ အနည်းငယ်ရှိနေနိုင်ပါတယ်။

☯️စီးပွားရေးနှင့်အလုပ်အကိုင်

            လုပ်ငန်းစီးပွားရေးအနေနဲ့ ကြိုးစားမှုတွေ အရာထင်လာတတ်ပါတယ်။ မျှော်လင့်ထားတဲ့ စီးပွားတိုးတက်မှုကို ရရှိ တတ်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဈေးကွက်ချဲ့ထွင်နိုင်ဖို့လိုပါတယ်။ ဘယ်နေရာလေးမှာ ဘယ်လိုပုံစံ လုပ်ရင် ပိုအဆင်ပြေနိုင်တယ်ဆိုတာမျိုးမြင်တတ်ဖို့လိုပါတယ်။ နယ်ဘက်မှာ ဈေးကွက်ချဲ့ထွင်ဖို့ စဉ်းစားနေသူများ ဒီနှစ် မှာ စတင်ဖို့အကြံပြုပါတယ်။ မြေပြင်လုပ်ငန်းတွေ၊အွန်လိုင်းမှာလဲ စတင်ချဲ့ထွင်ဖို့ တိုက်တွန်းပါရစေ။ ဒီလိုနှစ်မျိုးဟာ အခွင့်အရေးဆိုတာမျိုး၊အခွင့်အလမ်းဆိုတာမျိုး ပေါ်ကို ပေါ်လာတတ်ပါတယ်။ ရောက်လာတဲ့အခွင့်အရေးတွေကို အသုံး ချတတ်မယ်ဆိုရင်တော့ သေချာပေါက် အောင်မြင်မှုတွေလဲ နောက်ကလိုက်လာပါလိမ့်မယ်။

            စားသောက်ကုန်နဲ့ပတ်သက်သောအလုပ်များ၊ဆေးဝါးနဲ့ပတ်သက်သောအလုပ်များ၊ ကုန်မျိုးစုံရောင်ချခြင်း အလုပ်များ၊ လက်လီစီးပွားရေးများ၊ အွန်လိုင်းစီးပွားရေးများ တိုးတက်အောင်မြင်လွယ်တာကိုမြင်ရပါလိမ့်မယ်။ စက် ပစ္စည်း နဲ့ ပတ်သက်သောအလုပ်များ၊ဒီဇိုင်နာအလုပ်များ၊ စက်ချုပ်လုပ်ငန်းများ၊ ယန္တရားအလုပ်များအနည်းငယ် အား နည်း နေနိုင်တာကိုတွေ့ရပါတယ်။ ဒီနှစ်က မိမိကိုယ်တိုင်က ဇွဲဝီရိယရှိရှိနဲ့ လုပ်ကိုင်ချင်စိတ်ပေါ်လာတတ်ပါတယ်။ မနှစ် က ထင်သလောက်ရှေ့မရောက်ခဲ့တာမျိုး၊ အမြတ်မကြမ်းခဲ့တာမျိုးတွေရှိခဲ့တော့ ဒီနှစ်မှာ အစပိုင်းလေး အဆင်ပြေပြီဆို ရင်ပဲ အားတက်လာပြီး လုပ်ကိုင်ချင်စိတ်တွေ ပိုမိုများလာတတ်ပါတယ်။ ကြိုးစားပါ။ ကြိုးစားသမျှအရာထင်လာဖို့ရှိနေ ပါပြီ။

            ဒီလိုနှစ်ပိုင်းမှာပဲ အလုပ်သစ်ရှာနေသူများ နယ်သာသွားနိုင်မယ်ဆိုရင် နယ်ပရောဂျက်တွေမှာ တာဝန်ပေးခြင်းခံ ရတတ်ပါတယ်။ ဝန်ထမ်းဆိုလဲ အလုပ်နေရာတွေမှာ အစွန်အဖျားတွေကို ပို့ခြင်းခံရတတ်ပါတယ်။ ဘယ်နေရာပဲရောက် ရောက် မိမိသာအသုံးချတတ်တယ်ဆိုရင်တော့ အဆင်ပြေမဲ့နေရာတွေပဲဖြစ်နေပါလိမ့်မယ်။အလုပ်နဲ့ ပတ်သက်ရင် သိပ် ပြီးစဉ်းစားလွန်းရင်တော့ လွဲချော်တတ်တဲ့နှစ်ဖြစ်တတ်ပါတယ်။ ကောင်းကျိုးကတော့ ဘာလုပ်လုပ် အသေးစိပ်ခွဲခြမ်း စိတ်ဖြာပြီးလုပ်မယ်ဆိုရင်တော့ ဒီနှစ်ကအကောင်းဆုံးပါပဲ။

☯️ငွေကြေးနှင့်ဓနဥစ္စာ

            ဒီနှစ်ဟာ လက်ဖွာတဲ့သူမျိုးတွေတောင်မှ အသုံးအဖြုန်းချွေတာချင်စိတ်မျိုးတွေပေါ်တတ်ပါတယ်။ ချင့်ချိန်ပြီးသုံး လာတတ်တယ်။ မလိုအပ်တာတွေကို မဝယ်မိအောင် ထိန်းနိုင်လာတတ်ပါတယ်။ အရင်ကတည်းက ချွေတာသူမျိုးက တော့ ဒီနှစ်မှာ ပိုပြီး စီစစ်သုံးစွဲနေမိတတ်ပါတယ်။ ဒါကြောင့်ပဲ အရင်ကတည်းက ဝင်ငွေအားကောင်းသူမျိုးဆိုရင် စုဆောင်းလာနိုင်မဲ့နှစ်လို့ မှတ်ချက်ပေးချင်ပါတယ်။ အဲဒီမှာ ကွဲပြားချက်တော့ အနည်းငယ်ရှိပါတယ်။ ဗုဒ္ဓဟူးနေ့ဖွားတွေ က ဝင်ငွေပိုကောင်းနိုင်ပြီးတော့ ဝင်ငွေစီးကြောင်းများပြားလာတတ်ပါတယ်။ ရာဟုအချိန်မွေးတဲ့ ဗုဒ္ဓဟူးသားသမီးတွေ ကတော့ ငွေကံကထင်သလောက်မကောင်းတာမျိုး၊ငွေဝင်ပေမဲ့ ငွေထွက်လွယ်တာမျိုးတွေ အလွန်ကြုံရတတ်ပါတယ်။  ဒီနှစ်မှာ ငွေကြေးရှိလို့ ရင်းနှီးမြုပ်နှံမှု စချင်တယ်ဆိုရင်တော့ စပ်တူအစုစပ်ဆိုရင်တော့ သတိထားလုပ်စေချင်ပါတယ်။

            ကိုယ်တစ်ယောက်တည်း ကိုယ်ဝါသနာပါရာအလုပ်တွေကို ကိုယ်ဖိရင်ဖိလုပ်ချင်တယ်ဆိုရင်တော့ စလုပ်လို့ ရတယ်လို့မြင်ပါတယ်။ ငွေရှာရာမှာ ဝါသနာကိုပါထည့်တွက်စေချင်ပါတယ်။ နီးနီးနားနားမှာ ငွေရှာလို့မရဘဲ ဝေးဝေးလံလံသွားပြီး ငွေရှာရတာမျိုးလဲ ကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးပါးနပ်လိမ္မာစွာ ငွေရှာတတ်သူ အတွက်တော့ ငွေကြေးပြည့်စုံမှုကို ခံစားရမဲ့နှစ်လဲဖြစ်ပါလိမ့်မယ်။ ရန်သူတွေကြားက ငွေရှာရတာမျိုး၊ စွန့်စားမှုတွေနဲ့ ပြည့်နှက်ပြီး  သဲထိပ်ရင်ဖို ငွေရှာရတာမျိုးတွေလဲ ကြုံလွယ်တဲ့နှစ်ပါပဲ။

☯️အချစ်ရေးနှင့် မေတ္တာတရား

            အချစ်ရေးကတော့ မျှော်လင့်ထားသလိုဖြစ်ဖို့ ခဲယဉ်းပါတယ်။ ရည်းစားအပြောင်းအလဲ၊ချစ်သူအပြောင်းအလဲ ဖြစ်သွားနိုင်တဲ့အထိ အချစ်ရေးက မတည်ငြိမ်ပါဘူး။ ချစ်သူရဲ့ လမ်းခွဲခြင်းများ၊ချစ်သူရဲ့သစ္စာမဲ့ခြင်းများကိုလဲ ကြုံလွယ် တဲ့နှစ်ဖြစ်ပါတယ်။ ချစ်ပေမဲ့ အနေဝေးလို့ သွေးအေးသွားတာမျိုးတွေကအစ ဒီနှစ်မှာ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာ ထင်သလို မဖြစ်ဘူးလို့ပဲမှတ်ပါ။ နာမည်ပေးမှားတဲ့ သူတွေဆိုရင် ပိုမိုအချစ်ရေး ကံခေလွယ်တဲ့နှစ်မျိုးပဲဖြစ်ပါတယ်။ ကိုယ် တိုင်ကလဲ လက်ရှိချစ်သူအပေါ် သိပ်ပြီး စိတ်မပါတော့ရင်လဲ ခရီးသွားဟန်လွဲ အချစ်သစ်ဆိုတာမျိုးတွေ့တတ်ပါတယ်။ အချစ်ရေးကြောင့် ဝမ်းနည်းရတာမျိုး၊ ပူဆွေးရတာမျိုးတွေ ကြုံလွယ်တဲ့နှစ်မျိုးလို့ပြောချင်ပါတယ်။

            လူလွတ်များ၊ချစ်သူလက်မဲ့ဖြစ်နေသူများ တစ်ယောက်ယောက်က ကိုယ့်ကိုအလွယ်တကူလာချစ်တယ်ဆိုရင် တော့ သတိထားပါ။ ကိုယ့်ကိုအစားထိုးပြီးချစ်တာလား…သူအသဲကွဲနေတုန်း အဖော်ရှာပြီးအဖြည့်ခံသဘောချစ်တာ လားဆိုတာကိုလဲ ချင့်ချိန်ပါ။ အချိန်တန်ရင် ကိုယ့်အနားကနေ ပြန်ခွာသွားမဲ့ချစ်သူမျိုးကို ရတတတ်ပါတယ်။ အိမ်ထောင် ပြုဖို့ ရည်ရွယ်ထားသူများ၊ ရည်ရွယ်ထားတဲ့ ရက်၊လ အပြောင်းအလဲ ဖြစ်တတ်ပါတယ်။

☯️အိမ်ထောင်ရေး

            အိမ်ထောင်ရေးတော့ အထူးသဖြင့် ခွဲနေရတဲ့ ပုံစံမျိုးမြင်ရပါတယ်။ အတူမနေရတာမျိုး၊အလုပ်ကြောင့်ခွဲနေရတာ မျိုးတွေဖြစ်လွယ်ပါတယ်။ အတူတူနေတဲ့ လင်မယားတွေလဲ အိမ်ထောင်ရေးသုခ အားနည်းလွယ်တဲ့နှစ်လို့ သုံးသပ်ချင် ပါတယ်။ ဒီလိုနှစ်မျိုးတွေဟာ မထင်မှတ်ဘဲ အိမ်ထောင်ဘက်နဲ့ စကားများစရာကြုံရတတ်ပါတယ်။ စကားများတာကလဲ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စကားများ ပြဿနာတတ်လွယ်တဲ့နှစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်က အိမ်ထောင်ရေးနဲ့ပတ် သက်ပြီး နှစ်ယောက်စလုံး သေချာတိုင်ပင်ဆွေးနွေးပြီး ရှေ့ဆက်ဖို့အထူးလိုအပ်ပါတယ်။ ဒီလိုနှစ်မျိုးတွေဟာ အရင်က တည်းက ပြေလည်နေတဲ့ အိမ်ထောင်ရေးတွေတောင် အနည်းငယ်အေးစက်သွားသလိုမျိုးဖြစ်နေနိုင်ပါတယ်။ အချို့ အိမ်ထောင်ရေးတွေကတော့ အလုပ်ကိစ္စတွေများပြီး မိသားစုအပေါ် အချိန်မပေးနိုင်တာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။ ငွေကြေးကြောင့် အဆင်မပြေတာမျိုးမဟုတ်ပေမဲ့ အနီးကပ်သွေးထိုးသူတွေကြောင့်တော့ အိမ်ထောင်ရေးကို ပိုဆိုးသွား စေနိုင်တာကို သိစေချင်ပါတယ်။ တစ်ယောက်စကားတစ်ယောက်ယုံကြည်ဖို့လိုပါတယ်။ ကြားလူတွေရဲ့စကားများကို ချင့်ချိန်တတ်ဖို့အထူးလိုအပ်ပါတယ်။

☯️လူမှုဆက်ဆံရေး

            လူမှုရေးပိုင်း အနည်းငယ်အားနည်းနေနိုင်တဲ့နှစ်ဖြစ်ပါတယ်။လူမှုဆက်ဆံရေးမှာ မိမိကိုယ်တိုင်က မလိုအပ်ဘဲ ဆက်ဆံနေရတဲ့ အနေအထားတွေကို ဖြုတ်ချလိုစိတ်တွေဖြစ်နေပါတယ်။ ဒါကြောင့် အချို့လူတွေနဲ့ ခပ်ကင်းကင်းနေလာ တတ်ပါတယ်။ မိမိကို ချစ်ခင်သူတွေနဲ့သာ နွေးနွေးထွေးထွေးနေချင်စိတ်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အရင်ကတည်း က ခပ်စိမ်းစိမ်းဖြစ်နေတဲ့ ဆက်ဆံရေးတွေက ပြတ်တောက်သွားဖို့ သေချာသလောက်ဖြစ်နေတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး အကူအညီပေးထားသူတွေ ပြန်မပေးလို့ ပြဿနာပွားရတတ်တာမျိုးလဲ ရှိနေပါတယ်။ ဒီလိုနှစ်မျိုးမှာ တစ်စိမ်းတရံ လူမျိုးခြားတွေနဲ့ ပိုမိုအဆင်မပြေဖြစ်လွယ်ပါတယ်။ ဒါကြောင့် လူမျိုးခြားတွေနဲ့ ဘာသာခြားတွေနဲ့ ဆက်ဆံ လုပ်ကိုင်နေရပြီဆိုရင် ကိုယ့်ဘက်က မှန်နေဖို့လိုပါတယ်။ တတ်နိုင်သ၍လဲ မိတ်ဆွေသစ်တွေကိုရှာဖို့ထက် မိတ်ဆွေ ဟောင်းတွေကို သာ ပိုမိုနွေးထွေးဆက်ဆံစေချင်ပါတယ်။ ဆက်ဆံရေးပိုင်းကိုယ့်ဘက်ကချို့ယွင်းချက်မရှိရင်တောင်မှ တစ်ခြားလူတွေရဲ့ အမြင်မှာ မိမိကို မာနကြီးတယ်လို့ထင်နေတတ်ပါတယ်။ အင်္ဂါသားသမီးများ၊ စနေသားသမီးနဲ့ သတိ ထားပြီးဆက်ဆံစေချင်ပါတယ်။ ပါပမိတ္တတွေကြောင့်လဲ လမ်းမှားကိုရောက်လွယ်တတ်ပါတယ်။

☯️ကျန်းမာရေး

            ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒီနှစ်ကအသက် ၄၀ ဝန်းကျင်ရှိသူတွေအနေနဲ့ ရောဂါလက္ခဏာတွေစပြလာတတ် ပါတယ်။ ကျန်းမာရေးမှာ သတိပေးလာမဲ့နှစ်မျိုးဖြစ်ပါတယ်။ ကိုယ်တိုင်က ကျန်းမာရေးနဲ့ပတ်သက်ပြီးမေ့လျော့နေတယ် ဆိုရင်တော့ သေချာပေါက် ဆေးရုံ၊ဆေးခန်း ပြေးရတာမျိုး၊ ဆေးစွဲသောက်ရတာမျိုးတွေ ကြုံလာတတ်ပါတယ်။ တတ်နိုင် သ၍ ဆေးမြီးတိုနဲ့ မကုပါနဲ့။ ရောဂါကိုသေချာကုသပါ။ ဒီလိုနှစ်မျိုးက ငုတ်လျှိုးနေတဲ့ရောဂါတွေပြန်ပေါ်လာတတ်ပါ တယ်။အဖုအပိန့် ထွက်တာမျိုးတွေ၊အနာစိမ်းပေါက်တာမျိုးတွေ၊ ဝက်ခြံပုံးတွေထွက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ မိမိလုပ်ခဲ့တဲ့ဒဏ်တွေကို ပြန်ခံရတာမျိုးလဲ ကြုံရတတ်ပါတယ်။ ဥပမာ၊ အရက်ကွမ်းဆေးလိပ်သောက်သူတွေ ထိုအရာ တွေရဲ့ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ နောက်ပြီး အလုပ်ကိုပင်ပင်ပန်းပန်းလုပ်သူတွေ၊ အိပ်ရေးပျက်တဲ့အထိ အလုပ်လုပ်ထားသူတွေ…အလုပ်ဒဏ်ပိပြီး အိပ်ရာထဲလဲတာမျိုးတွေကအစ ဒီကာလမှာ ကြုံဆုံရတတ်ပါတယ်။ လမ်း လျှောက်ပေးခြင်းဖြင့် သိသိသာသာ ကျန်းမာရေးအားကောင်းလာတတ်ပါတယ်။ ဘုရားစေတီတွေမှာ တံမြက်စည်းလှဲ ခြင်းဖြင့်လဲ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

☯️တစ်နှစ်စာ ဆောင်ရန်/ရှောင်ရန်

 ***ဈေးကွက်ချဲ့ထွင်နိုင်စွမ်းကို ပိုပြီးမြှင့်တင်ပါ။

***စည်းကမ်းရှိခြင်း၊အထိန်းအသိမ်းကောင်းခြင်းတွေကို ကောင်းစွာအသုံးချတတ်ပါစေ

*** အွန်လိုင်းအားကောင်းချိန်မို့ အွန်လိုင်းကနေငွေရှာပါ

***တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့တွေက ကံကောင်းတဲ့နေ့တွေပါ

***၁ဂဏန်း၊၄ဂဏန်း၊၈ဂဏန်းတွေက ကံကောင်းတဲ့ဂဏန်းတွေပါ

***အရှေ့မြောက်အရပ်နဲ့ တောင်အရပ်တွေက အကျိုးပေးတဲ့အရပ်မျက်နှာဖြစ်ပါတယ်။

*** နာမည်ကို ဗုဒ္ဓဟူးအစ၊အင်္ဂါအပိတ်မှည့်ထားရင် ကျန်းမားရေးနှင့်ငွေကြေးကိစ္စတွေအားနည်းပါတယ်။

***အသက် ၂နှစ်၊၉နှစ်၊၁၆နှစ်၊၂၃နှစ်၊၃၀နှစ်၊၃၇နှစ်၊၄၄နှစ်၊၅၁နှစ်၊၅၈နှစ်ထဲကို ရောက်နေတဲ့ သူတွေပိုမိုဂရုစိုက်ပါ။

*** တတ်နိုင်သမျှ ကြက်သွေးရောင်၊အနက်ရောင်တွေကိုရှောင်ပါ။

***အရှေ့တောင်အရပ်ကိုရှောင်ပါ။

*** တစ်နှစ်တာလုံး ၃ဂဏန်းရှောင်ပြီး အလုပ်လုပ်ပါ။

☯️တစ်နှစ်စာ ကံမြင့်မားစေမဲ့ယတြာများ

            #အောင်တော်မူဂါထာကို သတိရတိုင်းပွားနေပါ။

            #ဖိနပ်စင်နှင့် ဖိနပ်များကို သန့်ရှင်းပါ။ မတော်တဲ့ဖိနပ်တွေ၊ ပြတ်နေတဲ့ဖိနပ်တွေ စွန့်ပါ။

 #မနက်မျက်နှာသစ်တိုင်းအရှေ့မြောက်အရပ်ကို မျက်နှာမူပြီး တနင်္ဂနွေဂြိုဟ်မင်းနှင့်တကွ ဝေနေယျသတ္တဝါ များကို မေတ္တာ ပို့ပါ

            #အိမ်ကဘုရားမှာ ရွှေထီးတစ်လက်မိုးပြီး လှူထားပါ။

            #လိမ္မော်ရောင်အဆင်းရှိသော လက်ကိုင်ပုဝါတစ်ထည်ကို အမြဲဆောင်ထားပါ။

            #ကိုယ့်အလုပ်စားပွဲမှာ နေကြာပန်းတစ်ပွင့် အလှထိုးထားပါ။ ပန်းအတုလဲရပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09 77 5555 695

Leave a Reply

Your email address will not be published. Required fields are marked *