☯️နိဒါန်း

မြန်မာနှစ် ၁၃၈၈ခုနှစ်မှာတော့ သောကြာသားသမီးတွေဟာ ငပျင်းတွေကလွဲရင် တော်တော်များများကတော့ အဆင်ပြေအောင်မြင်နိုင်တဲ့နှစ်တစ်ခုပါပဲ။ အခွင့်အလမ်းကောင်းတွေ၊အခွင့်အရေးကောင်းတွေရလာတတ်ပါတယ်။ ရလာတဲ့အခွင့်အလမ်းတွေကို ထကြည့်မနေဘဲ ထလုပ်မိဖို့ပဲလိုပါတယ်။ ဒီလိုနှစ်မျိုးဟာ အပင်ပန်းခံပါ။ ခန္ဓကိုယ်ကို ခိုင်း ပါ။ အခွင့်အလမ်းတွေကို ဇွဲနဘဲကြီးစွာနဲ့လုပ်ကိုင်တတ်ဖို့လိုပါတယ်။ ဒီလိုနှစ်မျိုးဟာ ကိုယ်တိုင်က အပင်ပန်းမခံနိုင်ဘူး ဆိုတဲ့သူမျိုးတွေအတွက် ကောင်းစွာ စီမံခန့်ခွဲနိုင်ရင်လဲ သေချာပေါက်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ ဝန်ထမ်းတွေကိုဖြစ်စေဘယ်သူကို ဘယ်နေရာထားပြီး ဘယ်လိုတာဝန်တွေပေးမလဲ…ဆိုတဲ့ အိုင်ဒီယာကောင်းတွေ ရလာတတ်ပါတယ်။ သက်မဲ့ ကုန်ပစ္စည်းတွေကအစ ဘယ်လိုစီမံရင် ဘယ်လိုအရောင်းသွက်မယ်ဆိုတာကိုမြင်လာတတ် ပါတယ်။ ဒီနှစ်မှာ မလုပ်သင့်တာမျိုးကတော့ ရှိတဲ့ငွေကို နားမလည်တဲ့အလုပ်တွေမှာ ရှိသမျှအကုန်ရင်းလိုက်တာမျိုး အထူးရှောင်ပါ။ နားမလည်တဲ့နယ်ပယ်ကို ပုံအောမိရင်တော့ ရှိတာလေး ပလုံသွားနိုင်တာကိုမမေ့ပါနဲ့။ မပျင်းတဲ့သူများ၊ အချစ်ရေး၊အိမ်ထောင်ရေးသောကကင်းသူများ ကောင်းစွာအဆင်ပြေတိုးတက်နိုင်တဲ့နှစ်ပဲဖြစ်ပါတယ်။
☯️စီးပွားရေးနှင့်အလုပ်အကိုင်
လုပ်ငန်းစီးပွားရေး အားကောင်းတဲ့နှစ်ပါပဲ။ အညွှန့်တလူလူတက်နေတဲ့နှစ်လို့တောင်ပြောလို့ရတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို နကန်းတစ်လုံးမှ နားမလည်တဲ့အလုပ်ကို သူများဆွယ်လို့ ရှိတာအကုန်ရင်းတာမျိုးတာမလုပ်မိ စေနဲ့။ ကျန်တဲ့ကိစ္စက ရဲရဲသာလုပ်ပါ။ ရေကန်အသင့် ကြာအသင့်ဖြစ်ပြီး သူဘာသာအဆင်ပြေသွားပါလိမ့်မယ်။ အဲတော့ ကိုယ့်အနေနဲ့ ဘယ်လိုအလုပ်တွေတိုးချဲ့မလဲ..ဘယ်နယ်ပယ်မှာ ဝင်ဆန့်လုပ်ကိုင်မလဲ….ဝန်ထမ်းတစ်ဖက်နဲ့ အွန်လိုင်း စီးပွားလေးတွေအစမ်းလုပ်ကြည့်မလား…စသည်ဖြင့် လုပ်ကြည့်လို့ကောင်းတဲ့နှစ်ဖြစ်နေပါတယ်။ လူငယ်များအနေနဲ့ ရေရှည်အခွင့်အလမ်းအတွက် ဘာသာစကားသင်တာမျိုးတွေ၊ နိုင်ငံခြားအလုပ်အကိုင်အတွက် စာမေးပွဲဖြေဆိုဖို့ ဘာသာစကားသင်တာမျိုးတွေ အရမ်းကောင်းပါတယ်။ ဒီနှစ်တစ်နှစ်လုံးအားထည့်ကြိုးစားလိုက်တာက သူများသုံးနှစ် စာ ကြိုးစားသလောက်ကို တက်မြောက်သွားတတ်ပါတယ်။
ဝန်ထမ်းလခစားတွေအနေနဲ့ မမျှော်လင့်လောက်တဲ့တာဝန်တွေ၊ ရာထူးတွေရလာတတ်ပါတယ်။ ကျွန်တော် အနေအထားနဲ့ မလုပ်နိုင်လောက်ဘူးဆိုပြီး မငြင်းလိုက်စေချင်ပါဘူး။ တာဝန်ကြီးတွေပေးလာရင်လုပ်ကြည့်ပါ။မိမိလုပ် နိုင်ပါလိမ့်မယ်။ အချို့သူဌေးက ရာထူးမတိုးပေးခင် တာဝန်ကြီးတွေအရင်ပေးတတ်ပါတယ်။ ပေးအပ်တဲ့တာဝန်တွေကို ပြီးမြောက်မှ ရာထူးတိုးလစာတိုးတာတွေရှိတတ်ပါတယ်။ အစိုးရဝန်ထမ်းတွေကတော့ ရာထိုးတိုးရင် ပြောင်းရွှေ့ရတတ် တဲ့ကံလဲ တွဲပါလာတတ်ပါတယ်။ ပြောင်းလဲခြင်းကလဲ ကောင်းသော ပြောင်းလဲခြင်းမျိုးဖြစ်နေတတ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဒီနှစ်က အားကောင်းတဲ့နှစ်ဖြစ်ပါတယ်။ အလုပ်တွေကို ကျစ်ကျစ်လစ်လစ်နဲ့တိုး တက်အောင်လုပ်နိုင်မဲ့နှစ်လို့လဲပြောလို့ရပါလိမ်မယ်။ ဝန်ထမ်းတွေကြောင့် စိတ်ညစ်နေရသူတွေ၊ အလုပ်မတွင်ခဲ့သူတွေ ဒီနှစ်မှာ ဝန်ထမ်းကောင်းတွေရလာတတ်ပါတယ်။ဝန်ထမ်းတွေကြောင့် လုပ်ငန်းတိုးတက်လာဖို့လဲရှိနေပါတယ်။ နိုင်ငံရပ် ခြားနဲ့ဆက်စပ်သောအလုပ်များ သိသာစွာအောင်မြင်တတ်ပါတယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းစီးပွားရေးကို လုပ်တတ်ရင် လုပ်တတ်သလောက် အဆင်ပြေတိုးတတ်လိမ့်မယ်။
☯️ငွေကြေးနှင့်ဓနဥစ္စာ
ဒီနှစ်ဟာ ငွေကြေးနဲ့ပတ်သက်ပြီးတော့ မညံ့ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်တဲ့ ရင်းနှီးမြုပ်နှံမှုကြောင့် ဆုံးရှုံးနိုင် တာရယ်၊ ဆရာသမားလိုလို၊ကျေးဇူးရှိသူလိုလို ထိုသူတွေကို ယုံကြည်ပြီး ငွေချေးတာမျိုး၊သူတို့ပြောတာကိုလုပ်မိတာမျိုး ကြောင့်သာ ငွေကြေးဆုံးရှုံးနိုင်ပါတယ်။ ကျန်တဲ့အပိုင််းမှာတော့ ငွေကြေးကံဆုံးရှုံးစရာမရှိဘူးလို့ပဲမြင်ပါတယ်။ ငွေဝင် လမ်းကြောင်းကတော့ ရပ်ဝေးက သားသမီးတွေဆီကနေ ငွေဝင်လာတာမျိုးတွေ၊ အွန်လိုင်းကနေ ငွေဝင်လာတာမျိုးတွေ နိုင်ငံခြားနဲ့ဆက်စပ်ပြီးငွေဝင်လာတာမျိုးတွေ၊ ကိုယ်ပိုင်အလုပ်များကနေ ငွေဝင်လမ်းကြောင်းသစ်ပေါ်တာမျိုးတွေဖြစ် လာတတ်ပါတယ်။ လက်လွန်ထားတဲ့ငွေကြေးများ ပြန်ရဖို့အကြောင်းဖန်လာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော်ရုံစိတ်ညစ်စရာတော့ ကြုံဖို့မရှိပါဘူး.။
ဒီလိုနှစ်မျိုးမှာနှစ်တစ်ခုကြာရင် တန်ဖိုးတက်လာနိုင်တဲ့အရာတွေကို စပြီး လုပ်ထားနိုင်ပါတယ်။ နှစ်ရှည်ပင်တွေ စစိုက်တာမျိုးတွေ၊ ကိုယ်နားလည်တယ်ဆိုရင် အိမ်ခြံမြေရင်းနှီးထားတာမျိုးတွေ၊ ရွှေဝါသနာရှင်များ ရွှေဈေးကျချိန်မှာ ရွှေစုထားတာမျိုးတွေ ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ဒါအပြင် ရပ်တန့်ထားတဲ့အလုပ်တွေ၊ တစ်ဝက်တစ်ပျက် ဖြစ်နေတဲ့အလုပ်တွေကို ပြန်စပြီး ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လှောင်ကုန်နဲ့ပတ်သက်ပြီးဝင်ငွေ တိုးနိုင်တဲ့နှစ်ဖြစ်တာမို့ ကိုယ်နားလည်ကျွမ်းကျင်ရာနယ်ပယ်တွေမှာ ကုန်လှောင်ခြင်းများဆောင်ရွက်နိုင်ပါတယ်။
☯️အချစ်ရေးနှင့် မေတ္တာတရား
အချစ်ရေးကတော့ ပုံမှန်လည်ပတ်နေတဲ့အရာလို့ပဲပြောပါရစေ။ဒီနှစ်က အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အရမ်း ကြီး ထူးခြားဖြစ်စဉ်မျိုးမရှိပါဘူး။ တစ်ခုတော့ရှိတယ်။အချစ်ရေးကိုဦးစားပေးလိုက်ရင်ထင်မှတ်မထားလောက်အောင် တစ်ဖက်က အလုပ်တွေထိခိုက်သွားနိုင်ပါတယ်။ ချစ်သူက ခွင့်မပြုလို့ဆိုပြီး အချို့ကောင်းသောအရာတွေ၊ မိမိတက်လမ်း တွေကို စွန့်လွှတ်လိုက်ရတတ်ပါတယ်။
ဒါကြောင့် ချစ်သူစကားကိုနားထောင်ပြီးတော့ ကိုယ့်အခွင့်အရေးတွေကို လက်လွတ်မခံသင့်ပါဘူး။ ကိုယ့်ဘဝ ကိုယ့်တက်လမ်းကို ဦးစားပေးပါလို့ ပြောချင်ပါတယ်။ ချစ်သူမရှိသေးသူများ နီးစပ်သူတွေနဲ့ ငြိစွန်းလွယ်တတ်ပါတယ်။ ဒါအပြင် အိမ်တွင်းပုန်းနေသူများ၊ဗိုင်းကောင်းကျောက်ဖိနေသူများနဲ့ ဆုံစည်းဖို့အကြောင်းဖန်လာတတ်ပါတယ်။ ဒီနှစ်မှာ ချစ်သူကအရင်ကထက် ပိုမိုကပ်စေးနည်းနေတတ်ပါတယ်။ ချစ်သူကို တစ်ခုခုပူဆာဖို့ မလွယ်တဲ့နှစ်လို့ပဲပြောချင်ပါတယ်
ချစ်သူရှိပြီးသူများကတော့ လက်ထပ်ဖို့ကိစ္စတွေအဆင်ပြေတတ်ပါတယ်။ တစ်ခုပဲရှိတယ်။ လက်ထပ်ပွဲကို ခမ်းခမ်းနားနားလုပ်မယ်စဉ်းစားပြီး တကယ်လုပ်ဖြစ်တော့ အကျဉ်းရုံလောက်ပဲလုပ်ဖြစ်တာမျိုး၊မင်္ဂလာဆောင်ကုန်ကျ ငွေတွေကို မင်္ဂလာဦးအလှူမျိုးတွေလှူဖြစ်သွားတာမျိုးတွေကအစ ကြုံရတတ်ပါတယ်။ မင်္ဂလာကိစ္စတွေမှာ ထင်မှတ် မထားတဲ့အပြောင်းအလဲလေးတွေဖြစ်တတ်ပါတယ်။
☯️အိမ်ထောင်ရေး
အိမ်ထောင်ရေးတော့ အကောင်းများတဲ့အချိန်ပါပဲ။ နဂိုကတည်းကအဆင်မပြေတော့တဲ့ အိမ်ထောင်ရေးတွေ ကလွဲရင် အခြားသူတွေအတွက် အိမ်ထောင်ရေးသာယာနိုင်တဲ့နှစ်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေရှိနေ တတ်ပါတယ်။ အလုပ်တွေများနေတာမျိုးကြောင့် သိပ်ပြီးမနွေးထွေးသလိုဖြစ်နေတတ်ပါတယ်။ လင်မယားနှစ်ယောက် စလုံး အလုပ်တွေများနေနိုင်တဲ့နှစ်လဲဖြစ်ပါတယ်။ သားသမီးတွေနဲ့ပတ်သက်ပြီး အဆင်ပြေတဲ့သတင်းကောင်းတွေကြား ရတတ်ပါတယ်။ ငွေကြေးပြေလည်မှုတွေနဲ့အတူ အိမ်ထောင်ရေးမှာ စုဆောင်းနိုင်မဲ့ကာလဖြစ်ပါတယ်။
အိမ်ထောင်ရေးမှာ တစ်ခုသတိထားရမှာကတော့ ကြားလူတွေကို ကောင်းစွာသတိထားပါ။ ကြားကနေ သွေးထိုးမှုတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ရေးကို မိဘတွေ၊ ညီအကို မောင်နှမတွေကအစ သွေးထိုးမယ်ဆိုရင် ချင့်ချိန်ပြီးမှသာယုံစေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိရှိနဲ့ ရှေ့ဆက်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအဆင်ပြေဆုံးကာလပါပဲ။ကျန်းမာရေးအတွက် တစ်ယောက်နဲ့တစ်ယောက် စိတ်ပူရတာမျိုးတွေတော့ ရှိတတ်ပါတယ်။ ကျန်းမာရေးဂရုစိုက်ကြပါ။
☯️လူမှုဆက်ဆံရေး
လူမှုရေးပိုင်းအဆင်မပြေတာမျိုးသိပ်မရှိပါဘူး။ လူမှုရေးမှာ ဖုံးကွယ်ဆက်ဆံတတ်ဖို့သာ လိုတာပါ။ ဘာကိုဆိုလို တာလဲဆိုတော့ မိမိရဲ့ အားနည်းချက်တွေကို အရမ်းရင်းနှီးပါတယ်…သူဆိုရင်တော့ စိတ်ချရပါတယ်ဆိုပြီးတော့ မိမိအားနည်းချက်တွေကို ထုတ်ဖော်ပြောကြားလိုက်တာမျိုးတွေရှောင်ပါဗျ။ ကိုယ်အားနည်းချက်က ကိုယ်ကိုနင်းပြီး ပြောစရာဖြစ် သွားတတ်ပါတယ်။ ဒါကြောင့် ဆက်ဆံရေးမှာ ရင်းနှီးပွင့်လင်းတာက ကောင်းပေမဲ့ ကိုယ့်ဒုတ်နဲ့ကိုယ်ကို ပြန်ရိုက်ခံရမဲ့ ကိစ္စမျိုးတော့ မဖြစ်အောင်ထိန်းပေါ့ဗျ။
ဒီလိုနှစ်မျိုးက လူမှုရေးကိစ္စတွေအတွက် အချိန်သိပ်မပေးနိုင်ဘဲနဲ့ ကိုယ့်အလုပ်နဲ့ကို ရှုပ်နေနိုင်တဲ့နှစ်ပါပဲ။ အလုပ် များ၊အာရုံများနေတာကြောင့် လူမှုရေးကိစ္စ၊သာရေးနာရေးကိစ္စ၊ပရဟိတကိစ္စတွေမှာ အချိန်များစွာ မပေးနိုင်တာ မျိုးတွေဖြစ်ရပါတယ်။ ဒီလိုနှစ်မျိုးဟာ မိတ်ဆွေသစ်တွေရလွယ်ပေမဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ဆက်ဆံရေးကျဲပါး သွားတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုနှစ်မျိုးက ခရီးသွားရင်းနဲ့ မိတ်ဆွေသစ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ ဒါအပြင် အွန်လိုင်းဂရုတွေကနေတဆင့် ၊မိမိတတ်နေတဲ့ အွန်လိုင်းသင်တန်းတွေကနေတဆင့် မိတ်ဆွေကောင်းတွေရ လွယ်တာမျိုးတွေ့ရပါတယ်။
☯️ကျန်းမာရေး
ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒီနှစ်ကဆိုးနေတာတွေ သိပ်မတွေ့ရပါဘူးဗျ။ မူလဖွားဇာတာအရ အားနည်းတဲ့ အသက်အပိုင်းအခြားရောက်နေသူတွေ၊ နာမည်အရ အားနည်းချက်ရှိသူများသာ ကျန်းမာရေးညံ့နေတာကိုတွေ့ရပါ တယ်။ ပြောလိုတာက အာဟာရဖြစ်အောင်စားပါ။
အစားအသောက်ချေးများသူတွေ ဟိုဟာမစား၊ဒီဟာမစား အစားရှောင်လွန်းသူတွေ ကျန်းမာရေးညံ့နိုင်ပါတယ်။ သတ်သက်လွတ်သမားများ လိုအပ်တဲ့အာဟာရကိုချိန်ဆပြီး ဖြည့် စွက်စားစေချင်ပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာကတော့ လိုအပ်လို့ နိုင်ငံခြားထိ သွားကုချင်သူများ၊ သိသာစွာရလဒ် ကောင်းလာတတ်ပါတယ်။ နိုင်ငံခြားဆေးသွားကုချင်သူများ အားပေးပါတယ်။ ကျန်းမာရေးမှာ သတိထားမှာက အထိုင် များသူများ ကျန်းမာရေးဂရုပိုစိုက်ရလိမ့်မယ်။ ထိုသူများ ရောဂါပိုထူလာတတ်ပါတယ်။
ဝမ်းတွင်းကလိစာအနေနဲ့ ဝမ်းဗိုက်တစ်ဝိုက်ရှိသော ကလီစာတွေအားနည်းနိုင်တာကိုတွေ့ရပါတယ်။ အစာအိမ် ၊အူလမ်းကြောင်း၊အသည်း၊ပန်ကရိက၊အထူးဂရုစိုက်စေချင်ပါတယ်။ နောက်ပြီး အဆီနဲ့ပတ်သက်သော ရောဂါတွေဖြစ် လာတတ်ပါတယ်။ အဝမလွန်ပါစေနဲ့။ သွေးတွင်းအဆီကို တိုင်းတာပါ။ မကောင်းတဲ့အဆီတွေများနေလား စစ်ဆေးစေ ချင်ပါတယ်။ အဆီချပါ။ ဝနေသူများ အသည်းအဆီဖုံးနိုင်တဲ့နှစ်ပါ။
☯️တစ်နှစ်စာ ဆောင်ရန်/ရှောင်ရန်
***ဇွဲရှိတဲ့သူတွေအောင်မြင်မယ်။
***တစိမ်းတရံတွေဆီကနေ အကျိုးအမြတ်ရနိုင်တာကို သိထားပါ။
*** ရေတိုထက် ရေရှည်အဆင်ပြေနိုင်မှုကိုဦးစားပေးပါ။
***သောကြာနေ့၊ စနေနေ့တွေက ကံကောင်းတဲ့နေ့တွေပါ
***၆ဂဏန်း၊၇ဂဏန်း၊၀ဂဏန်းတွေက ကံကောင်းတဲ့ဂဏန်းတွေပါ
***မြောက်အရပ်နဲ့ အနောက်တောင်အရပ်တွေက အကျိုးပေးတဲ့အရပ်မျက်နှာဖြစ်ပါတယ်။
*** နာမည်ကို သောကြာအစ၊ကြာသပတေးအပိတ်မှည့်ထားရင် ကျန်းမားရေးနှင့်ငွေကြေးကိစ္စတွေ အားနည်းပါ တယ်။
***အသက် ၄နှစ်၊၁၁နှစ်၊၁၈နှစ်၊၂၅နှစ်၊၃၂နှစ်၊၃၉နှစ်၊၄၆နှစ်၊၅၃နှစ်၊၆၀နှစ်၊၆၇နှစ်ထဲကို ရောက်နေတဲ့ သူတွေပိုမိုဂရု စိုက်ပါ။
*** တတ်နိုင်သမျှ အစိမ်းရောင်၊နံ့သာရောင်ကို အထူးရှောင်ပါ။
***တောင်အရပ်ကိုရှောင်ပါ။
*** တစ်နှစ်တာလုံး ၄/၈ ဂဏန်းရှောင်ပြီး အလုပ်လုပ်ပါ။
☯️တစ်နှစ်စာ ကံမြင့်မားစေမဲ့ယတြာများ
#ဒိဝါတပတိဂါထာကို သတိရတိုင်းပွားနေပါ။
#အားသွင်းကြိုးအပျက်များစွန့်ပစ်ပါ။ အိမ်ရှေ့မှာ ချိုင့်ခွက်တွေပြင်ပါ။ သဲဖို့ပါ။
#မနက်မျက်နှာသစ်တိုင်းအနောက်တောင်အရပ်ကို မျက်နှာမူပြီး စနေဂြိုဟ်မင်းနှင့်တကွ ဝေနေယျသတ္တဝါ များကို မေတ္တာ ပို့ပါ
#အိမ်ကဘုရားမှာ ဒိန်ချဉ်မကြာခဏ လှူထားပါ။
#ခဲရောင်အဆင်းရှိသော လက်ကိုင်ပုဝါတစ်ထည်ကို အမြဲဆောင်ထားပါ။
#ကိုယ့်အလုပ်စားပွဲမှာ ရေမွှေးနှင်းဆီပန်း ၇ပွင့်ကို အလှပန်းအိုးထိုးထားပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695