loading

                                                ၁၃၈၈ခုနှစ်အတွက်  စနေသားသမီးတစ်နှစ်စာဟောကိန်း

  • Home
  • Blog
  •                                                 ၁၃၈၈ခုနှစ်အတွက်  စနေသားသမီးတစ်နှစ်စာဟောကိန်း

☯️နိဒါန်း

            မြန်မာနှစ် ၁၃၈၈ခုနှစ်မှာတော့စနေသားသမီးတွေဟာ ထင်မှတ်မထားသော အောင်မြင်မှုတွေကို ရနိုင်တဲ့နှစ်ပါပဲ ။ စနေဂြိုဟ်ဟာ ဓာတ်ဘက်ပြည့်စုံရာ ပြည့်စုံကြောင်း ဖြစ်စေတဲ့ တနင်္ဂနွေအိမ်ပေါ်မှာ ရှိနေတာမို့ မီးခဲနဲ့ မီးတောက်ပေါင်း စပ်ပြီး အလျှံညီးညီး တောက်ပနိုင်တဲ့နှစ်ဖြစ်ပါတယ်။ မီးခဲပြာဖုံး ဖြစ်နေတဲ့ စနေသားသမီးတွေဟာ သိသာစွာ ထင်ပေါ် အောင်မြင်လာတတ်ပါတယ်။ ကိုယ်တော်တာ၊တတ်တာကို လူသိမခံချင်လို့မရတော့ဘဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို လူအများအထင်ကြီးလေးစား နေရာပေးလာနိုင်တဲ့နှစ်မျိုးဖြစ်ပါတယ်။ ဒီလိုနှစ်ပိုင်းဟာ ဘာလုပ်လုပ် ရဲရဲတောက်လုပ်ဖို့ လိုပါတယ်။ တွန့်ဆုတ်နေရင် ထင်သလောက် ဖြစ်မြောက်ဖို့မလွယ်ပါ။ ရဲရဲရှေ့တိုးလုပ်နိုင်မယ်ဆိုရင်လဲ အောင်မြင်မှုက မိမိတွေးထင်ထားသည်ထက် ပိုမိုမြင့်မားလာတာကိုတွေ့ရပါတယ်။ တစ်ခုအားနည်းချက်က မီးတောက်နေပြီဆိုရင် မီးပုံ နားကို လူတွေက နီးနီးကပ်ကပ်နေလေ့မရှိပါဘူး။ အပူဒဏ်သင့်တာကို မခံနိုင်လို့ပါ။ ဒါကြောင့်ပဲ ဒီနှစ်မှာ စနေသားသမီး အသက်အရွယ်ကြီးရင့်သူတွေနဲ့ လျှံလျှံတောက် အောင်မြင်တဲ့သူတွေဟာ lonely ဖြစ်ပြီး အထီးကျန်ဆန်မှုကိုခံစားကြ ရမှာပဲဖြစ်ပါတယ်။ မိတ်ဂြိုဟ်နဲ့ ပက္ခတ်မိတာမို့ ချစ်ရတဲ့သူတွေ အနားကထွက်သွားတာမျိုးကိုလဲ ဒီနှစ်ပိုင်းမှာကြုံဆုံရ တတ်ပါတယ်။

☯️စီးပွားရေးနှင့်အလုပ်အကိုင်

            လုပ်ငန်းစီးပွားရေး အညံ့အဆိုးအတော့်ကိုနည်းပါတယ်။ မူလဇာတာတွေအရ မရဏသက်ရောက်တို့၊ ဘုမ္မိတို့ ရောက်တဲ့သူတွေကလွဲရင် အခြားစနေသားသမီးတွေဟာ အများအားဖြင့် လုပ်ငန်းစီးပွားတိုးတက်ကြတာကိုအထင် အရှားမြင်ရပါလိမ့်မယ်။ ကြိုးစားသလောက် ထင်ရှားတဲ့အောက်မြင်မှုတွေကလဲ ကပ်လိုက်လာတတ်တဲ့နှစ်ဖြစ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေမှာ အသက်ကြီးသူဆိုရင်တောင်မှု နိုင်တဲ့ဝန်လေးတွေထမ်းပြီး လုပ်လို့ရသမျှအလုပ်တွေလုပ်ကြည့်စေ ချင်ပါတယ်။ ကျန်းမာရေးလဲကောင်းလာတတ်သလို အလုပ်အဆင်ပြေတော့ အခြားသောလူမှုရေးသံယောဇဉ်အပူတွေ ကအစ မေ့ထားနိုင်လာပါတယ်။ လူလတ်ပိုင်းနှင့် ဖျတ်လတ်သော လူငယ်ပိုင်းတွေကတော့ ဇွဲနပဲကြီးစွာနဲ့ကြိုးစားဖို့လိုပါ တယ်။ အခုမှအစပျိုးလုပ်ကိုင်တဲ့အလုပ်တွေကတော့ သိသာစွာမတိုးတက်သေးပေမဲ့ ဒီနှစ်မှာ ကြိုးစားတည်ဆောက် ထားရင် နောင်မှာအသီးအပွင့်တွေကိုကောင်းစွာခံစားရမဲ့နှစ်ပါပဲ။

            ဝန်ထမ်းလခစားတွေအနေနဲ့တော့ ဒီနှစ်ပိုင်းဟာ လူကြီးမျက်စိကျမဲ့နှစ်ပါပဲ။ လူကြီးသူမတွေရဲ့ အရေးပေးခြင်း နေရာကောင်းပေးခြင်းများကို ကြုံရတတ်ပါတယ်။ နိုင်ငံတော်ကချီးမြှင့်သော ဆုတံဆိပ်တွေကို လက်ခံရရှိတာမျိုးကိုလဲ ဒီနှစ်မျိုးမှာကြုံရလွယ်ပါတယ်။ လုပ်ငန်းခွင်မှာ ပါးနပ်လိမ္မာသူ၊အနစ်နာခံသူ၊ ရေရှည်အမျှော်အမြင်ကြီးကြီးနဲ့လုပ်တတ် သူဆိုရင်တော့ တကယ်ကိုသိသာစွာအောင်မြင်တိုးတတ်နိုင်ပါတယ်။ တစ်ခုသိထားရမှာက အလုပ်ရှင်အတွက်မငဲ့ဘဲ ကိုယ်ကျိုးရှာတာမျိုးတွေကို အထူးရှောင်ပါ။ ကိုယ် မသမာတဲ့နည်းလမ်းနဲ့ငွေရှာထားသမျှဟာ ဒီနှစ်ထဲမှာပဲ ကိုယ့်လုပ်ရပ် တွေက ဖုံးမရ ဖိမရပြန်ပေါ်လာတတ်တာကိုသိထားရပါမယ်။

            ကိုယ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ ထင်မထားလောက်တဲ့အောင်မြင်မှုမျိုးတွေရလာနိုင်ပါတယ်။ ဝန်ထမ်းကနေ ကိုယ်ပိုင်အလုပ်ကို တစ်ဖက်တလမ်းကနေ စထားသူများသိသာစွာကိုယ်ပိုင်အလုပ်ကအင်အားကောင်းလာပြီး ဝန်ထမ်း အလုပ်ပါ လက်လွတ်ပြီး ကိုယ်ပိုင်စီးပွားကို ခြေစုံပစ်ဝင်လိုက်ရတာမျိုးတွေလဲရှိတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမား များ အရင်ကာလတွေက သမာဓိရှိရှိ၊သမာသမတ်ကျကျ လုပ်ကိုင်တဲ့ အလုပ်အကိုင်တွေ၊ဆိုင်တွေ၊ သိသိသာသာ တိုး တက်လာဖို့ရှိပါတယ်။ ရိုးသားပါ။ မိမိရဲ့စားသုံးသူတွေအပေါ်သစ္စာရှိပါ။ သေချာပေါက်ကောင်းသောအကျိုးဆက်ကိုခံစား ရတတ်ပါတယ်။ ဒီနှစ်က အလုပ်သစ်တွေအစပျိုးနိုင်သလို လုပ်လက်စ ဆက်မလုပ်ဘဲရပ်ထားတဲ့အလုပ်တွေကိုလဲ ပြန်စလို့ အောင်မြင်တတ်ပါတယ်။

☯️ငွေကြေးနှင့်ဓနဥစ္စာ

            ဒီနှစ်ဟာ ငွေကြေးနဲ့ပတ်သက်ပြီးတော့ ငွေကံက အတိတ်ကံကြောင့်ငွေရခြင်းဆိုတဲ့ ကံမျိုးတွေ့ရပါတယ်။ ဒါကြောင့် ထီပေါက်လို့ ငွေဝင်တာမျိုးတွေ၊အမွေရတာမျိုးတွေ၊ ကံစမ်းမဲပေါက်တာမျိုးတွေ ပုံမှန်မဟုတ်တဲ့ငွေဝင်တာမျိုး တွေ တွေ့ရပါတယ်။ ဆုံးမယ်လို့ ထင်ထားတဲ့ငွေတွေပြန်ရတတ်ပါတယ်။ မရဘူးလို့ထင်ထားတဲ့ လုပ်အားခတွေပြန်ရ လာတတ်ပါတယ်။ထီဝါသနာပါသူများ ၁/၀/၇ များများပါသော ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလို့ အထူးကောင်းပါ တယ်။ငွေကြေးဥစ္စာဓနကံ မြင့်မားနေနိုင်တဲ့နှစ်လို့ပဲပြောချင်ပါတယ်။ တစ်ခုသိထားရမှာ ကိုယ်ရှာနေတဲ့ငွေက မသန့်စင် တာမျိုးတွေ၊ အောက်ဆိုက်ငွေတွေ၊သူများကိုလိမ်လည်ပြီးမှရတဲ့ငွေမျိုးတွေဆိုရင်တော့ ထိုငွေတွေကြောင့်ပဲ ပြန်ဒုက္ခ ရောက်နိုင်တာကိုသိထားသင့်ပါတယ်။ မကောင်းတဲ့ငွေတွေ မမြဲဘဲ ထွက်သွားနိုင်တယ်။

            ဒီနှစ်က ငွေစုချင်သူများ စတင်စုဆောင်းလို့အလွန်ကောင်းပါတယ်။ လူငယ်များ ဘဏ်စာအုပ်လုပ်ပြီးတော့ ငွေစတင်စုဆောင်းလို့ရပါတယ်။ ငွေစုရင်းနဲ့ စုငွေတွေ ပိုတိုးတိုးလာနိုင်တဲ့နှစ်ဖြစ်တာမျိုးတွေ့ရပါတယ်။ ငွေကြေးကံက ဒီနှစ်မှာ ပုံမှန်ဝင်ငွေရှိနေနိုင်ပြီးတော့ ထီကံငွေကလွဲရင် လုပ်အားခငွေတွေက တရိပ်ရိပ်ပဲ တိုးလာနိုင်ပါတယ်။ လောဘ ကြီးလို့တော့ မရပါဘူး။ မတော်မတရားနည်းနဲ့ ချမ်းသာချင်လို့မရတဲ့နှစ်ပါပဲ။

☯️အချစ်ရေးနှင့် မေတ္တာတရား

            အချစ်ရေးကတော့ အနည်းငယ်ဒီနှစ်မှာ ကင်းကွာနေတဲ့ နှစ်လို့ပဲမြင်ပါတယ်။ ချစ်သူမရှိသေးသူများ၊ ချစ်သူနဲ့ ပြတ်ဆဲပြီး တစ်ယောက်ထဲ ပြန်ဖြစ်နေသူများ…ကိုယ်တိုင်လဲ အချစ်ကို ရှာဖွေခြင်းမရှိသလို၊ ချစ်ခင်မေတ္တာ မြှားနတ်မောင်ကြီးကလဲ ကိုယ့်ဘက် မြှားဦးလှည့်ဖို့ အစီအစဉ်မရှိပါဘူး။ တစ်ကိုယ်တည်းသာ ဖြတ်သန်းဖို့ ရာခိုင်နှုန်းများ တဲ့နှစ်လို့ပဲမြင်ပါတယ်။ တကယ်ကို အချစ်ရေးကိုမေ့ထားပြီး တစ်ယောက်ထဲနေချင်သူတွေအတွက် အလွန်စိတ်ချမ်းသာ ရတဲ့နှစ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။

            ချစ်သူရည်းစားရှိနေသူများကတော့ အနည်းငယ်ပြဿနာရှိနေပါတယ်။ အချစ်ရေးမှာ အဆင်မပြေမှုတွေအလွန် များပြားတဲ့နှစ်ဖြစ်ပါတယ်။ ဘာကြောင့်လဲတော့မသိဘူး..ချစ်သူနဲ့ ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်နေတတ်ပါတယ်။ ချစ် သူနဲ့ အရေးကြီးတဲ့ကိစ္စတွေတိုင်ပင်လို့မရပါဘူး။ တိုင်ပင်လိုက်တိုင်းအယူအဆတွေလွဲနေတတ်ပါတယ်။ အဆင်မပြေ လက်စရှိနေတဲ့ ချစ်သူစုံတွဲများ ကွဲဖို့တောင်ဖြစ်နိုင်ခြေအားများနေပါတယ်။ ဒီတစ်ယောက်ကို တစ်သက်လုံးအတွက် ရည်မှန်းထားတယ်ဆိုရင်တော့ သည်းခံပါ။ စိတ်ရှည်ပါ။ နားလည်မှုပေးပါ။ ဒါမှပဲ မြဲပါလိမ့်မယ်။ အဲလိုမှမဟုတ်ရင် အား အားတိုင်း လမ်းခွဲမယ်ဆိုတဲ့ စကားတွေ ကြားရတတ်ပါတယ်။

            လက်ထပ်ဖို့ ရည်ရွယ်ထားသူများကတော့ နှစ်ဖက်အသိုင်းအဝိုင်းကြောင့် ပြဿနာများရတတ်ပါတယ်။  တင်တောင်းငွေကိစ္စတွေ၊ ယူပြီး ဘယ်အိမ်မှာလိုက်နေမလဲဆိုတဲ့ကိစ္စတွေ ယောင်းမတွေ၊ယောက်ဖတွေနဲ့ ပြဿနာဖြစ် တာမျိုးတွေအလွန်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ အိမ်ထောင်ပြုဖို့ စီစဉ်နေတယ်ဆိုရင် နှစ်ဘက်အသိုင်းအဝိုင်း ပြဿနာမဖြစ်အောင် ဘယ်လိုစီစဉ်ကြမလဲဆိုတာကိုတွေးထားသင့်ပါတယ်။

☯️အိမ်ထောင်ရေး

            အိမ်ထောင်ရေးတော့ အညံ့များတဲ့အချိန်ပါပဲ။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာမျိုးတွေများပါတယ်။ ယောက်ဖတွေ ၊ယောက္ခမတွေ၊ယောင်းမတွေနဲ့ အတူတူနေရသူတွေဆိုရင် ပိုပြီး သတိထားရမဲ့ အနေအထားပါ။ ဟိုလူက သွေးထိုးပေး၊ဒီလူက ချောက်ချနဲ့ လင်မယားကြား ပြဿနာများရတတ်ပါတယ်။ နောက်ထပ်သတိထားရမဲ့အချက်က အတိတ်က ကိုယ့်အမှားတွေ၊ကိုယ်ဖုံးဖိထားတာတွေ အကြောင်းတိုက်ဆိုင်စွာ ဗူးပေါ်သလို ပေါ်လာပြီး ပြဿနာအသစ် တွေဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် တတ်နိုင်သလောက် လင်မယားချင်း ကွယ်ဝှက်ထားတာမျိုးတွေမလုပ် ပါနဲ့။ အချင်းချင်းစကားများရတာတွေမှာ ငွေကြေးပြဿနာတွေကြောင့်လဲ ဖြစ်နိုင်တာမို့ပါ.

            တစ်နေရာနဲ့တစ်နေရာဝေးနေကြတဲ့အိမ်ထောင်ရေးတွေကတော့ သိသိသာသာညံ့နေတာမျိုးတော့မတွေ့ရပါ ဘူး။ တစ်ခုသိထားရမှာကလဲ လင်မယားနှစ်ယောက်ပေါင်းပြီး စီးပွားတစ်ခုလုပ်နေသူတွေဆိုရင် ကိုယ်လုပ်ကိုင်ပေးရတဲ့ အခန်းကဏ္ဍကိုသေချာလုပ်ဖို့လိုပါတယ်။ နို့မို့ဆို အလုပ်အတူတူလုပ်နေရင်းနဲ့ မင်းဘက်က လစ်ဟာနေလို့ ဒါတွေဖြစ် သွားတယ်စတဲ့ စကားပြောစရာလေးတွေဖြစ်လာတတ်ပါတယ်။ တစ်ခုသတိထားရမှာက စနေသားသမီးက အလုပ်တွေ ကိုသိမ်းကြုံးလုပ်နေပြီးတော့ အိမ်ထောင်ဘက်ကို မခိုင်းဘူးဆိုရင်တော့ ဒီနှစ်မှာ ကိုယ့်အလုပ်လေးတွေ အနည်းငယ် သူကိုခိုင်းစေချင်ပါတယ်။ စနေသားသမီးရဲ့ ကျန်းမာရေးအပိုင်းက ဒီနှစ်စိတ်မချရလို့ပါ။

☯️လူမှုဆက်ဆံရေး

            လူမှုရေးပိုင်းအဆင်မပြေတာများပါတယ်။ လူမှုဆက်ဆံရေးက တိုက်ရိုက်အဆင်မပြေတာမျိုးတော့ မဟုတ်ပါ ဘူး။ လူမှုရေးမှာ ကိုယ်တိုင်က ကိုယ့်အလုပ်နဲ့ကိုယ်များပြီး ဆက်ဆံရေးကျဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ သေချာ ပါတယ်။ အစပထမပြောခဲ့သလို ဒီနှစ်ဟာ အထီးကျန်ဆန်ခြင်းကို ခံစားရတတ်တဲ့နှစ်ပါပဲ။ မိတ်ဆွေသစ်တွေတိုးလာနိုင် တဲ့နှစ်မျိုးဖြစ်ပေမဲ့ မိတ်ဆွေဟောင်းတွေနဲ့ တဖြေးဖြေးဝေးသွားတတ်ပါတယ်။ဒီနှစ်ဟာ သားသမီးတွေက အဝေးထွက် သွားတာမျိုးတွေ၊ ကိုယ်ချစ်ခင်သူတွေ နိုင်ငံရပ်ခြားသွားတာမျိုးတွေကအစ ကြုံရတတ်တဲ့နှစ်ပါပဲ။ ဒီနှစ်ဟာလူမှုရေးကိစ္စ တွေထက် နွမ်းပါးသူတွေ၊ဒုက္ခသည်တွေနဲ့ ဘေးအမျိုးမျိုးကြုံနေရသူတွေကို ပိုမိုပြီး ကူညီပေး ကယ်တင်ပေးဖြစ်တဲ့နှစ်မျိုး ဖြစ်နေတတ်ပါတယ်။

            လူမှုဆက်ဆံရေးမှာတော့ အထူးသိထားရမဲ့အချက်တစ်ခုက သားသမီးတွေနဲ့ အဆင်မပြေဖြစ်ရခြင်းပါပဲ။ သားဆိုး သမီးဆိုးဒဏ်ခံရတတ်ပါတယ်။ အရွယ်ရောက်ပြီးသော သားသမီးတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အားကိုးရတဲ့သားသမီးတွေက အဝေးထွက်သွားတာမျိုးတွေနဲ့ ဆိုးတဲ့သားသမီးတွေ အနီးရောက်လာတာမျိုးတွေဖြစ် လွယ်တဲ့နှစ်ပါပဲ။ မြီးကောင်ပေါက်အရွယ်သားသမီးတွေကိုလဲ ထိန်းရခက်ခဲနေတတ်တဲ့အရွယ်ပဲဖြစ်ပါတယ်။

☯️ကျန်းမာရေး

            ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒီနှစ်ကဆိုးနေတာတွေ သိပ်များပါတယ်။ နာမည်ကို ကြာသပတေးနဲ့ အပိတ်မှည့် ထားသူများနဲ့ နာမည်ကို သောကြာနဲ့အပိတ်မှည့်ထားသူများ ပိုမိုကျန်းမာရေးအားနည်းတတ်ပါတယ်။ ရုတ်ချည်း ကျန်းမာရေးညံ့သွားတာမျိုး မဟုတ်ပေမဲ့အရင်ကခံစားနေရတဲ့ဝေဒနာတွေပိုမိုပြင်းထန်လာတာမျိုးတွေဖြစ်တတ်ပါတယ် ။ဥပမာ ဆီးချိုသမားဆိုပါစို့…ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေခံစားရတတ်ပါတယ်။ အရေပြားအားနည်း ချက်ဖြစ်တတ်တဲ့နှစ်မို့ ဆီပူလောင်တာမျိုး၊ဓားထိတာမျိုး၊ အဝတ်လျှော်ရင် အရေပြားထိခိုက်တာမျိုး၊ အရေပြားပေါ်မှာ အဖုအပိန့်ထွက်တာမျိုးတွေ သတိပြုရပါလိမ့်မယ်။

            နောက်တစ်ချက်က သွေးတိုးရောဂါကို သတိပြုပါ။ ဒီနှစ်က သွေးတိုးကြောင့် လေဖြတ်တာမျိုးအလွန်ဖြစ်လွယ် ပါတယ်။ စနေသားသမီး ကျားမအရွယ်မရွေး လေဖြတ်နိုင်ခြေမြင့်မားတဲ့နှစ်ပါပဲ။ လူငယ်များဖုန်းသုံးများပြီး မျက်မှန် စတပ်ရတတ်ပါတယ်။ ခေါင်းကိုက်၊ခေါင်းမူးဖြစ်နေရင် မျက်စိပါဝါစမ်းသပ်ကြည့်ဖို့ အကြံပြုပါတယ်။မျက်စိအားနည်း တာမျိုးအလွန်ဖြစ်လွယ်တဲ့နှစ်ပါပဲ။

☯️တစ်နှစ်စာ ဆောင်ရန်/ရှောင်ရန်

 ***ရေရှည်အတွက် ကြည့်တတ်သူတွေအောင်မြင်မယ်။

***လူကြီးသူမတွေ ဆီကနေ အကျိုးအမြတ်ရနိုင်တာကို သိထားပါ။

*** ဝန်ထမ်းအောက်လက်ငယ်သားတွေကို အသုံးချတတ်ရင် ပိုအဆင်ပြေပါတယ်။

***တနင်္ဂနွေနေ့၊ စနေနေ့တွေက ကံကောင်းတဲ့နေ့တွေပါ

* ၁ဂဏန်း၊၇ဂဏန်း၊၀ဂဏန်းတွေက ကံကောင်းတဲ့ဂဏန်းတွေပါ

***အရှေ့မြောက်အရပ်နဲ့ အနောက်တောင်အရပ်တွေက အကျိုးပေးတဲ့အရပ်မျက်နှာဖြစ်ပါတယ်။

*** နာမည်ကို စနေအစ၊ကြာသပတေးအပိတ်မှည့်ထားရင် ကျန်းမားရေးနှင့်ငွေကြေးကိစ္စတွေ အားနည်းပါ တယ်။

***အသက် ၅နှစ်၊၁၂နှစ်၊၁၉နှစ်၊၂၆နှစ်၊၃၃နှစ်၊၄၀နှစ်၊၄၇နှစ်၊၅၄နှစ်၊၆၁နှစ်၊၆၈နှစ်ထဲကို ရောက်နေတဲ့ သူတွေပိုမိုဂရု စိုက်ပါ။

*** တတ်နိုင်သမျှ ကြက်သွေးရောင်၊နံ့သာရောင်ကို အထူးရှောင်ပါ။

***အရှေ့တောင်အရပ်ကိုရှောင်ပါ။

*** တစ်နှစ်တာလုံး ၃/၈ ဂဏန်းရှောင်ပြီး အလုပ်လုပ်ပါ။

☯️တစ်နှစ်စာ ကံမြင့်မားစေမဲ့ယတြာများ

            #ဓရဏပရိတ်ကို သတိရတိုင်းပွားနေပါ။

            #လမ်းလျှောက်ရင်း လမ်းဘေးခွေးတွေကို အစာကျွေးပါ။

 #မနက်မျက်နှာသစ်တိုင်းအရှေ့မြောက်အရပ်ကို မျက်နှာမူပြီး တနင်္ဂနွေဂြိုဟ်မင်းနှင့်တကွ ဝေနေယျသတ္တဝါ များကို မေတ္တာ ပို့ပါ

            #အိမ်ကဘုရားမှာ အုန်းထမင်းဆွမ်း မကြာခဏ လှူထားပါ။

            #လိမ္မော်ရောင်အဆင်းရှိသော လက်ကိုင်ပုဝါတစ်ထည်ကို အမြဲဆောင်ထားပါ။

            #ကိုယ့်အလုပ်စားပွဲမှာ ရွှေအုန်းပန်း အလှပန်းအိုးထိုးထားပါ။(နိဗ္ဗာန်ကုန်ဆိုင်တွေမှာ မေးဝယ်ပါ)

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09 77 5555 695

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *